
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုတစ်ခုလုံးကို လက်နက်ကြီး လှမ်းထောက်ပြီး ထိန်းချုပ်နိုင်ဖို့အတွက် အမြင့်ဆုံးတောင်ကုန်းတွေဖြစ်တဲ့ လမောင်ကုန်း(Lamawng Bum) နဲ့ မော်မောကုန်း(Mawmau Bum) နှစ်နေရာကို ပြန်ရဖို့ စစ်ကောင်စီတပ် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ဖားကန့်မှာ မေလကုန်းပိုင်းကနေ စစ်ကြောင်းထိုးထားတဲ့ စစ်ကောင်စီတပ်နဲ့ နဂိုရှိပြီးသားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လမောင်ကုန်းနဲ့ မော်မောကုန်းရှိတဲ့ ဘက်ကိုဦးတည်ပြီး လမ်းကြောင်းနှစ်ခုကနေ စစ်ကြောင်းထိုးနေတဲ့အတွက် နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတာ ၅ ရက်ခန့်ကြာပြီလာပြီလို့ ဖားကန့်ဒေသခံတွေပြောပါတယ်။
ဖားကန့်မြို့နဲ့ မှော်ဆီစာကျေးရွာကြားမှာရှိတဲ့ အမှ်ိုက်ပုံရွာနဲ့ မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီး ကျေးရွာဘက်မှာ စစ်အင်အား နှစ်ဖွဲ့ခွဲပြီး စစ်ကြောင်းထိုးနေတာကြောင့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက လမ်းကြောင်းပိတ်ဆို့ တိုက်ခိုက်နေတာလို့ဆိုပါတယ်။
လက်ရှိ မှော်ဆီစာအနီး အမိုက်ပုံကျေးရွာကနေ အထက်မှာရှိတဲ့ အင်မိုင်းယန်(N-Mai Yang) အနီးတဝိုက်အထိ စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းနဲ့ KIA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေကို ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက KNG ကို ပြောပြပါတယ်။
“စစ်ကောင်စီတပ်တွေက အမှိုက်ပုံကျေးရွာကနေ အင်မိုင်းယန်ကိုတက်ချင်တာ တက်လို့မရအောင် တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့တိုက်ခိုက်ထားတာ။ တကယ်လို့ အင်မိုင်းယန်ကို ကျော်တက်သွားရင် ဖားကန့် သုသာန်တစ်ကြောကို စစ်တပ်ဝင်သွားရင် မှော်ဝမ်းကြီး မှော်ဝမ်းကလေးမှာ ရှိနေတဲ့ နောက်ထပ် စစ်ကြောင်းတစ်ခုအတွက် အထောက်အကူဖြစ်သွားမယ်။ အဲလိုဆိုရင် စစ်ကြောင်း နှစ်ခုစလုံးက ဆက်လက်လှုပ်ရှားလို့ရသွားပြီ”လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်း မှော်ဆီစာကျေးရွာထဲမှာ စစ်ကြောင်းထိုးထားတဲ့ စစ်အင်အားတစ်ချို့ကို ဖားကန့်ကျေးရွာအုပ်စု မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးထားပေမယ့် စစ်ကြောင်းသွားလို့မရအောင် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေပိတ်ဆို့ထားတယ်လို့ ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်တွေ မှော်ဆီစာကျေးရွာအနီး အမှိုက်ပုံကျေးရွာနဲ့ အင်မိုင်းယန်ဘက်ကို ပြင်းပြင်းထန်ထန် စစ်ကြောင်းထိုးနေတဲ့အတွက် နေ့တိုင်းလိုလို နှစ်ဖက်စစ်တပ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်တိုက်ခိုက်နေတာ ၃ ခန့်ရှိလာပြီလို့ သိရပါတယ်။
လက်ရှိ စစ်ကောင်စီတပ်တွေဟာ အင်မိုင်းယန်ဘက်ကို မရောက်ရှိနိုင်သေးဘဲ ပိတ်ဆို့တိုက်ခိုက်ခံနေရဆဲဖြစ်ပြီး မှော်ဝမ်းကလေး၊ မှော်ဝမ်းကြီးဘက် စစ်ကူဝင်နိုင်ဖို့နဲ့ လမောင်ကုန်း၊ မော်မောကုန်းစတဲ့ တောင်ကုန်းဘက်ကို စစ်ကြောင်း တက်မလာနိုင်ဖို့ဆိုရင် အင်မိုင်းယန်ကျေးရွာက အရေးပါတဲ့နေရာတစ်ခုအဖြစ်ရှိနေပါတယ်။
စစ်ကောင်စီတပ်တွ လက်နက်ကြီးချပြီး တပ်ထိုင်ဖို့ ကြိုးပမ်းနေတဲ့ လမောင်ကုန်းနေရာဟာ ဖားကန့်ဒေသထဲမှာ အမြင့်ဆုံးရှိတဲ့ တောင်ကုန်းတစ်ခုအပါအဝင်ဖြစ်သလို လမောင်ကုန်းကနေ ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံအထိ လက်နက်ကြီးလှမ်းထောက်နိုင်တယ်လို့သိရပါတယ်။
ဒါ့အပြင် လမောင်ကုန်းဟာ လုံးခင်းကျေးရွာအုပ်စုတစ်ခုလုံးနဲ့ လက်ရှိ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေအထိပါ လှမ်းထောက်နိုင်တဲ့အတွက် စိုးရိမ်ဖွယ်ရှိနေတယ်လို့ ဖားကန့် ဒေသခံအမျိုးသားက ဆက်ဆိုပါတယ်။
“ပြောရမယ်ဆိုရင် လမောင်ကုန်းက အပေါ်စီးကနေ လုံးခင်းတစ်ခုလုံးကို ကောင်းကောင်း ထိန်းချုပ်နိုင်တယ်။ နယ်မြေဒေသအရ ဆိုရင် လုံးခင်းနဲ့ ဆိပ်မူဧရိယာစပ်မှာရှိတယ်။ အဲ့ကြောင့် လုံးခင်းအုပ်စုထဲမှာပဲမဟုတ်ဘူး ဆိပ်မူကျေးရွာတွေအထိပါ ထိန်းချုပ်သွားနိုင်တယ်။ ဒီနေရာတွေအားလုံးကလည်း စစ်ကောင်စီတပ်တွေ လက်လွတ်လိုက်ရတဲ့နေရာတွေဖြစ်ပါတယ်”လို့ပြောပါတယ်။
လမောင်ကုန်းနေရာကို ယခင် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မသိမ်းပိုက်မှီ စစ်ကောင်စီတပ်တွေက တပ်စခန်းချနေထိုင်တာမျိုးမရှိပေမယ့် လက်နက်ကြီးချထားပြီး ရံဖန်ရံခါ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်တွေက လမောင်ကုန်းနဲ့ မောမော်ကုန်းဘက်ကို ဦးတည်ပြီး အမှိုက်ပုံကျေးရွာနဲ့ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေး လမ်းကြောင်းနှစ်ခုကနေ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်တွေ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခြင်းခံရတာကြောင့် ထိခိုက်သေဆုံးမှုရှိပြီး ဖားကန့် ဗျူဟာကုန်းနဲ့ ကံဆီစစ်တပ်ကုန်းကနေလည်း KIA တပ်တွေရှိတဲ့ဘက်ကို လက်နက်ကြီးပစ်ခတ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်အတွင်း လမောင်ကုန်းဘက်ကို စစ်ကြောင်းထိုးဖို့ မှော်ဝမ်းကြီးနဲ့ မှော်ဝမ်းကလေးဘက်ကို စစ်အင်အားချထားတဲ့ စစ်ကြောင်းတွေလည်း ဆွတ်ငိုင်ယန်ဘက်မှာ တိုက်ခိုက်ခံရတဲ့အတွက် စစ်ကြောင်းပြန်လည်တပ်ဆုတ်ထားတယ်လို့ ဖားကန့်ဒေသခံတွေပြောပါတယ်။
ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်တွေ မေလကုန်းပိုင်းကနေ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားနေတဲ့အခြေအနေအပေါ် ဖားကန့်မြို့တွင်းနေရာတွေ အားလုံးကို ပြန်လည်ထိန်းချုပ်ဖို့ နိုင်ဖို့ ကြိုးပမ်းလာတဲ့ အနေအထားကို မြင်တွေ့ရတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးလည်း ဆက်ပြောပါတယ်။
“ဒီရက်ပိုင်း စစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရသလောက်ဆိုရင် အရင်ကတည်းက သူတို့ရှိခဲ့တဲ့ နေရာတွေ ပြန်ယူဖို့ မရရအောင်ပြန်လည်ကြိုးစားနေတယ်လို့မြင်ပါတယ်။ နောက်မြို့တွင်းနေရာ အားလုံးကို သူတို့ပြန်လည် ထိန်ချုပ်နိုင်အောင်လုပ်မယ်။ ဒီတော်လှန်ရေးလက်နက်ကိုင်တွေကိုတော့ မြို့အပြင်ဘက်ကို ရောက်အောင် ပြန်လုပ်နေတဲ့သဘောပဲ”လို့ပြောပါတယ်။
စစ်ကောင်စီတပ်တွေ လက်လွတ်လိုက်ရတဲ့ စစ်တပ်နေရာနဲ့ ကျေးရွာနေရာတွေကို ပြန်ရဖို့ ကြိုးပမ်းလာတဲ့အပေါ်မှာ စစ်ကောင်စီတပ် ဝင်ရောက်သွားတဲ့ ကျေးရွာတစ်ချို့ရှိ ဘုန်းကြီးကျောင်းနဲ့ ပြည်သူတွေပိုင်နေရာတွေမှာ တပ်စွဲနေထိုင်လျက်ရှိပါတယ်။
KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ဖားကန့်မြို့အတွက် အရေးပါတဲ့ စစ်တပ်နေရာ ၆ ခုခန့်ကို သိမ်းပိုက်လိုက်ပြီးနောက် လက်ရှိ စစ်ကောင်စီတပ်ရှိတဲ့ ဖားကန့် စစ်ဗျူဟာကုန်း၊ မဇွပ်ယန်ထောင်၊ နန့်ဂျင်၊ လုံးခင်း မျောက်ကုန်း စစ်တပ် စတဲ့ စစ်တပ်စခန်းတွေသာကျန်ရှိနေခဲ့တာဖြစ်ပါတယ်။
ဖားကန့် ဒေသမှာ ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့ကနေ စတင်ပြီး ပထမအကြိမ် လဝါး – ကားမိုင်း ဖားကန့်လမ်းအတိုင်း တက်လာတဲ့ စစ်ကြောင်းတွေက ဖားကန့်မြို့နယ်ရှိ လုံးခင်းကျေးရွာအုပ်စုနဲ့ ဖားကန့် အုပ်စုရှိ ကျေးရွာတွေမှာ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားနေပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှုဖြစ်နေတာ တစ်လခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။
ဒုတိယအကြိမ် စစ်ကူအဖြစ် ကားမိုင်းလမ်းကြောင်းကနေ တက်လာတဲ့ စစ်ကောင်စီ လက်အောက်ခံပြည်သူ့စစ်အဖွဲ့တွေကိုနန့်ယားကျေးရွာအနီးတဝိုက်မှာ KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ခုခံတိုက်ခိုက်နေတဲ့အတွက် နန့်ယားတစ်လျှောက်မှာလည်း တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆက်သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဖားကန့်ဒေသဘက် ခုလိုအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးဝင်လာတာဟာ အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေ ဆိုပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)