မြစ်ကြီးနားမြို့မှာ ၅ လအတွင်း ခိုးဆိုးလုယက်မှုအကြိမ်ပေါင်း ၅၀ ခန့်ထိရှိလာ

ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီကနေ မေလအထိ ခိုးဆိုးလုယက်မှု အကြိမ်ပေါင်း ၅၀ ထိရှိခဲ့ပါတယ်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာကျပ်ငွေတန်ဖိုးဖောင်းပွလာမှုနဲ့အတူ အလုပ်အကိုင်ရှားပါမှု ပြသာနာတွေဟာ ခိုဆိုးလုယှက်မှုဖြစ်လာစေတဲ့အချက်တွေထဲ တစ်ခုအပါအဝင်ဖြစ်လာပါတယ်။
ခိုးဆိုးလုယက်မှုဖြစ်စဉ်တွေကိုကြည့်ရင် တစ်ဦးတစ်ယောက်တည်းက ကျူးလွန်တာမျိုးနည်းပါးလာပြီး အုပ်စုဖွဲ့ကျူးလွန်တဲ့ပုံစံမျိုးတွေကို အများဆုံးမြင်တွေ့လာရပါတယ်။
နေအိမ်ဖောက်ထွင်းခိုးခံရဖူးတဲ့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦးပြောတာက အိမ်တွင်းခိုးဝင်သူတွေဟာ အိမ်မွေးခွေးတွေကို ဆေးခတ်တာတွေအထိလုပ်ဆောင်လာကြပြီး လူတွေအိပ်မောကျတဲ့ ညနက်သန်းခေါင် ၁၂ ကနေ ၅နာရီဝန်းကျင် ခိုးခံရဖူးတယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦး KNG ကို ပြောပါတယ်။
“သူတို့က သော့အတုတွေယူလာပြီး ဖွင့်တာ။ ပြီးတော့ အိမ်မှာမွေးထားတဲ့ ခွေးအကြီးမျိုးကို ပေါင်မုန့်မှာ ဆေးထည့်ပြီး မေ့အောင်လုပ်လိုက်တယ်။ ပြီးတော့ သူတို့က ဇိမ်ပြေနပြေ ခိုးသွားတာပေါ့။ ဆိုင်ကယ် ၂ စီးပါသွားတယ်။ လုပ်ကိုင်စားသောက်ဖို့ခက်တော့ ခုလို ခိုးနေကြတာလို့ဘဲ မှတ်ယူလိုက်တော့တယ်”လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ ခိုးဆိုးလုယက်မှု ၈ ကြိမ်၊ဖေဖော်ဝါရီလ ၁၄ ကြိမ်၊မတ်လ ၁၀ ကြိမ်နဲ့ ဧပြီလ ၁၂ ကြိမ်၊မေလ ၆ ကြိမ်ထိရှိခဲ့ပါတယ်။
ခုလိုအိမ်တွင်း၊အိမ်ပြင် မလုံခြုံလာတဲ့အတွက် မြစ်ကြီးနားမြို့က ပြည်သူတွေဟာ မိုးချုပ်လာတာနဲ့ အိမ်ခြံဝန်းသော့ခတ်ပြီးနေရသလို တစ်ဖက်မှာလည်း ခိုးမှုတွေသာမက လမ်းသွားရင်းလုယှက်ခံရမှုတွေလည်း ခပ်စိပ်စပ်မဖြစ်လာတာကြောင့် စိုးရိမ်စိတ်နဲ့နေနေရတယ်လို့ ပြောကြပါတယ်။
မြစ်ကြီးနားမြို့တွင်း လူမှုကယ်ဆယ်ရေး အသင်းမှာပါဝင်နေတဲ့ လူငယ်တစ်ဦးပြောဆိုချက်အရ လုယက်သူတွေဟာများသောအားဖြင့် လူအသွားအလာနည်းပြီး လူသူကင်းရှင်းတဲ့ နေရာမျိုးတွေမှာ ဓားလိုလက်နက်ကိုင်ဆောင်ကာ အမျိုးသားအုပ်စုဖွဲ့ လုယှက်နေကြတာဖြစ်ပါတယ်။
“နောက်ဆုံးကြားမိတာကတော့ ဝန်းသို ဘုန်းကြီးကျောင်းရှေ့မှာ ဓားနဲ့ လုယှက်နေတဲ့ အမျိုးသား ၇ယောက်ကို ဖမ်းမိတာဘဲ များသောအားဖြင့် လုယှက်တာကတော့ စီတာပူရပ်ကွက် နယ်မြေ ၁ နဲ့ မန်ခိန်ရပ်ကွက်မှာ များသောအားဖြင့် အဲနေရာနှစ်ခုမှာ ဖြစ်တာဟုတ်တယ်။ အရင်တုန်းကတော့ ရှမ်းစုရပ်ကွက်ဘက်လည်း လုယှက်တာမျိုး ခနန ဖြစ်ပေမယ့် K7 bar ကလူတွေ ညတိုင်းကြည့်ပေးနေတော့ အရင်လောက်တော့ မတွေ့ရတော့ဘူး”လို့ လူမှုကယ်ဆယ်ရေး အသင်းမှာ ပါဝင်နေတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
ခိုးဆိုး လုယှက်မှုတွေကို ကျူးလွန်နေသူတွေထဲမှာ သက်လတ်ပိုင်းအရွယ်တွေသာမက အသက်မပြည့်သေးတဲ့ ဆယ်ကျော်သက်အရွယ်တွေလည်း ပါဝင်နေတယ်လို့ မြစ်ကြီးနားဒေသခံတွေ ဆီကနေသိရပါတယ်။
ခုလို ဒုစရိုက်မျိုးတွေ ဖြစ်နေရခြင်းက အဓိက ဇစ်မြစ်ကတော့ နိုင်ငံရေးအခြေအနေ ဆိုးရွားနေရခြင်းရဲ့နောက်ဆက်တွဲငွေကြေးဖောင်းပွဲမှု၊အလုပ်ကိုင်ရှားပါးအပြင် တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက်အရေးယူတာမျိုးမရှိတာကြောင့်ဖြစ်တယ်လို့ နိုင်ငံရေးသုံးသပ်လေ့လာသူ အမျိုးသား တစ်ဦးက ခုလိုပြောပါတယ်။
“ကချင်ပြည်နယ်က စစ်ပွဲကြောင့် အစာရေစာရှားပါးတယ်။ ဆင်းရဲတယ်။ ပြီးတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေလည်း များလာတယ်။ ဒါတွေကြောင့် ခိုးဆိုးလုယှက်တာတွေက များလာတယ်။ အရေးယူမှု သေချာမလုပ်နိုင်တာက အစိုးရက နှစ်ခုဖြစ်နေတယ်။ အဓိကတော့ စကစဘက်ကလည်း သေချာတာဝန်မယူနိုင်ဘူး။ ကေအိုင်အေဘက်ကလည်း သေချာတာဝန်မယူနိုင်တာကြောင့်ဟုတ်တယ်။ အဲလို ဖြစ်နေတဲ့ ကြားမှာမှ ခုလို သူခိုးဓားမြတွေ ပေါ်လာတာဖြစ်တယ်”လို့ ဆိုပါတယ်။
KNG ရဲ့စုစည်းထားတဲ့စာရင်းအရ မြစ်ကြီးနာမြို့မှာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ မေလအထိ ခိုးဆိုးလုယက်မှုပေါင်း အကြိမ် ၅၀ ခန့်ရှိခဲ့ပေမယ့် ဒီအချက်လက် ဟာ KNG ကစုစည်းထားတဲ့အချက်တွေသာဖြစ်ပြီး မြေပြင်နဲ့ကွဲလွှဲမှုအများကြီးရှိနိုင်ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ကချင်ဒေသမှာ ဖုန်း၊အင်တာနက်လိုင်းဖြတ်တောက်ခံထားရတဲ့ မြေပြင်အချက်သိရဖို့ခက်ခဲနေဆဲကြောင့်ဖြစ်ပါတယ်။
Data For Myanmar ရဲ့ ပြုစုထားချက်အရ အာဏာသိမ်းပြီး ၃ နှစ်အတွင်း မြန်မာနိုင်ငံတဝန်း ဘဏ်တွေဝင်ရောက်လုယက်ခဲ့တဲ့ဖြစ်စဉ် ၂၅ ခုနဲ့ရွှေဆိုင်လုယက်မှုဖြစ်စဉ် ၅၇ ခုရှိခဲ့တယ်လို့ သိရပါတယ်။
By – Hope