သတင်း

လျှပ်စစ်မီးအဆင်မပြေမှုကြောင့် စစ်ရှောင်ကလေးတွေ စာကျက်ဖို့ အခက်အခဲဖြစ်နေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ ဧရာဝတီမြစ်တစ်လျှောက် နောင်ချိန်း၊ လဘန်ကျေးရွာ၊ အင်ဂန်းကျေးရွာက စစ်ရှောင်စခန်းတွေမှာ လျှပ်စစ်မီးသေချာမရရှိတာကြောင့် ကလေးတွေအတွက် ညဘက် စာကျက်ဖို့ အခက်ခဲဖြစ်နေတယ်လို့ စစ်ရှောင်တာဝန်ခံတွေကနေ သိရပါတယ်။

ပုံမှန်အားဖြင့် ကလေးတွေ စာကျက်ချိန်ဖြစ်တဲ့ ည ၇ နာရီကနေ ၉ နာရီကြား မီးလာပေမယ့် ဆယ်မိနစ်ခြား တစ်ကြိမ်နှုန်းနဲ့ မီးပျက်နေတယ်လို့ နောင်ဟီးစစ်ရှောင်စခန်းက အမျိုးသားတစ်ဦး ခုလိုပြောပါတယ်။

ကျောင်းသားတွေ စာကျက်မှတ်တဲ့အချိန် ညဂိုက်လူအများကြီးအတူတကွ လုပ်ကြတာဖြစ်တယ်။ ဒါပေမယ့် မီးကပျက်လိုက် ပြန်လာလိုက်ဖြစ်နေတဲ့အတွက် ဒီပြဿနာက အရမ်းခက်နေတယ်။ ကျွန်တော်တို့မှာ မီးစက်နိုးမယ်ဆိုရင်လည်း တစ်ညကို သိန်းနဲ့ကုန်နေတဲ့အတွက် အရမ်းခက်နေတာ ဟုတ်တယ်လို့ ဆိုပါတယ်။

လိုင်းမီးအဆင်မပြေတဲ့အတွက် တစ်ခါတရံမီးစက်နိုးပြီး အသုံးပြုပေမယ့်လည်း လက်ရှိ ဓါတ်ဆီ တစ်လီတာ ကျပ် ၉၀၀၀ ဝန်းကျင်ဈေးပေါက်နေတဲ့အတွက် မီးစက်နိုးပြီး မီးသုံးစွဲဖို့ရန်က ငွေကြေးအခက်အခဲဖြစ်‌နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖယောင်းတိုင်မီးတွေကို အသုံးပြုဖို့ကြတော့ စစ်ရှောင်တဲတွေက မိုးကာနဲ့ ဆောက်လုပ်ထားတာ ဖြစ်တဲ့အတွက် မီးဘေးအန္တရယ်ကြောင့် အသုံးပြုဖို့ရန် ခဲယဉ်းနေတယ်လို့ သိရပါတယ်။

အင်ဂန်းကျေးရွာမှာရှိတဲ့ နောင်ဟီး စစ်ရှောင်စခန်းမှာ အိမ်ထောင်စု ၂၄၄ခု၊ လူဦးရေကတော့ ၁၁၄၄ဦးရှိတာဖြစ်ပြီး ကျောင်းတက်တဲ့ကလေးတွေကတော့ ၁၅၀ ဝန်းကျင်ထိ ရှိတယ်လို့ သိရပါတယ်။

အလားတူ နောင်ချိန်း ကျေးရွာမှာ တိမ်းရှောင်နေတဲ့ စန်းကားကျေးရွာမှာတော့ လျှပ်စစ်မီးပျက်တောက်မှုက နောင်ဟီးစစ်ရှောင်စခန်းထက် ပိုမိုဆိုးဝါးနေတာဖြစ်တယ်လို့ စန်းကားစစ်ရှောင်စခန်းရဲ့ တာဝန်ခံအမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။

နောင်ဟီးစစ်ရှောင်စခန်းဘက်ပေးတဲ့ လျှပ်စစ်မီးနဲ့ ကျွန်တော်တို့ Npawn ကျေးရွာဘက်တွဲပေးထားတဲ့ မီးက မတူဘူး။ နောင်ဟီးစစ်ရှောင်စခန်းမှာ မီးပုံမှန်လောက်လာပေမယ့်လည်း ကျွန်တော်တို့ ဆီမှာတော့ တစ်နေရာရာမှာ မီးရှော့ တစ်ခုဖြစ်တာနဲ့ မီးက တစ်ပတ်လောက်ပျက်သွားပြီ အဲလို ပြဿနာတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးအဆင်မပြေမှုကြောင့်ပြည်သူတွေအားလုံး မီးပုံမှန်မရတဲ့အခက်ခဲကြုံတွေ့နေကြရတာဖြစ်ပါတယ်။

ဒါပေမယ့် စစ်ရှောင်စခန်းလိုနေရာမျိုးမှာ အုပ်စုဖွဲ့နေထိုင်ကြရတဲ့ နေရာမှာ ရေ၊ မီး အစရှိသည်တို့ကို အတူအကွ အသုံးပြုရတဲ့အတွက် ရေ၊မီးတို့ တစ်စုံတစ်ရာ ပြဿနာအခက်အခဲလို့ရှိရင် အိမ်ထောင်စု တစ်ခုတည်းကဘဲ ခက်ခဲနေတာမျိုးမဟုတ်ဘဲ စစ်ရှောင်စခန်းတစ်ခုလုံးက အကုန်ခက်ခဲကြတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ကလေးတွေ စာသေချာ ကျက်မှတ်လေ့လာနိုင်ဖို့ ဆိုလာမီးအိမ်ဖြစ်ဖြစ် ကူညီပေးဖို့ရန် စစ်ဘေးရှောင်တွေ လိုလားနေကြပါတယ်။

ကချင်ပြည်နယ်မှာ နှစ်စဉ် နွေရာသီရောက်တိုင်း လျှပ်စစ်မီး လုံလောက်စွာမရရှိတဲ့ ပြဿနာ ကြုံတွေ့ နေရပေမယ့် ၂၀၂၄ ရေကြီးပြီးနောက်ပိုင်းမှာတော့ ခါတိုင်း နှစ်ထက် ပိုမိုဆိုးရွားလာတယ်လို့ မြစ်ကြီးနား ဒေသခံတွေက ပြောပါတယ်။

၂၀၂၄ ခုနှစ်အထိ လျှပ်စစ်မီးတွေကို ရပ်ကွက်အလိုက် အလှည့်စီ တစ်ရပ်ကွက်ကို ၈ နာရီကြာပေးနေတာ ၂၀၂၅ ဇန်နဝါရီလပိုင်းရောက်တဲ့ အခါမှတော့ တစ်ရပ်ကွက်ကို မီးလာချိန် ၆ နာရီနဲ့ မီးပြတ်ချိန် ၁၂နာရီ ဆိုပြီး အလှည့်ကျပေးနေတာဖြစ်တယ်လို့ မြစ်ကြီးနား ဒေသခံတွေဆီကနေ သိရပါတယ်။

ခုလို လျှပ်စစ်မီးသေချာ မပေးနိုင်တော့တာဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ရေကြီးပြီး‌နောက် မီးကြိုးတွေပျက်စီးသွားပေမယ့် စစ်ရေးအခြေအနေအမျိုးမျိုးနဲ့ နိုင်ငံရေး အခြေအနေအမျိုးမျိုးကြောင့် ပြုပြင်ဖို့ခက်ခဲသွားတဲ့အခါ ဘူးဂါးလျှပ်စစ်ရုံးပိုင်စက်ကနေ လက်ရှိချိန်ထိ မီးပြန်လည်ပေးနိုင်ခြင်း မရှိတော့တာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိချိန်မှာတော့ ချီဖွေရေအားလျှပ်စစ်ကို အဓိက အသုံးပြုပေးနေတာ ဖြစ်ပြီး တစ်ခါတစ်ရံ တစ်တိုင်းပြည်လုံးကို ပေးနေတဲ့ လျှပ်စစ်လိုင်း ( National Grid) ကနေရယူသုံးစွဲရတဲ့ အခါလည်း ရှိတယ်လို့ သိရပါတယ်။

နောင်ချိန်း လဘန်ကျေးရွာ နဲ့ အင်ဂန်းကျေးရွာ တစ်လျှောက်မှာ တိမ်းရှောင်နေထိုင်နေကြတဲ့ စစ်ရှောင်စခန်းပေါင်း ၂၀ ဝန်းကျင်နဲ့ အိမ်ထောင်စု ၁၀၀၀ ကျော်ရှိတယ်လို့ သိရပြီး အိမ်ထောင်စု ၁၇၂ ခုမှာ လူဦးရေ ၈၈၅ ဦးထိရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေက ဆိုပါတယ်။

ဒါပေမယ့်လည်း စစ်ရှောင်စခန်း တစ်ခုနဲ့ တစ်ခုမတူသလို အိမ်ထောင်စု အရေအတွက် တူခဲ့ရင်တောင် မိသားစုအရေအတွက် မတူညီနိုင်တဲ့အပြင် ဆက်သွယ်ရေး အခက်အခဲအမျိုးမျိုးကြောင့် စစ်ရှောင်လူဦးရေ အတိအကျကိုတော့ သိရှိဖို့ ခက်နေသေးတယ်လို့ သိရှိရပါတယ်။

လက်ရှိ နောင်ချိန်း၊ လဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေကြတဲ့ စစ်ရှောင်တွေဟာ ၂၀၂၄ မတ်လမှာစတင်လာတဲ့ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြောင့် တိမ်းရှောင်ခဲ့ကြရတာဖြစ်ပြီး ခုဆိုရင်တစ်နှစ်ကျော်ကြာ ကြာမြင့်လာပြီ ဖြစ်ပါတယ်။ 

တိမ်းရှောင်နေထိုင်နေကြတဲ့သူတွေထဲမှာ အောင်မြေ()၊ အောင်မြေ()၊ တာလောကြီး၊ နောင်ဟီး၊ စန်းကား၊ ဝူယန်၊ ခကွမ်၊ ဝါရှောင် စတဲ့ ကျေးရွာက ပြည်သူတွေ ပါဝင်ပြီး ခန့်မှန်းချေ စစ်ရှောင် စခန်းပေါင်း ၂၀ ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်တာဝန်ခံတွေက ဆိုပါတယ်။

တစ်ဖက်မှာလည်း INGOနဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP လို အကူအညီတွေလည်း နိုင်ငံတကာ နိုင်ငံ‌ရေး ပြဿနာတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ မတ်လလောက်ကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ရတာဘဲ ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button