နယ်မြေမတည်ငြိမ်မှုကြောင့် ပန်ဆောင်နယ်စပ်ဂိတ်ပိတ်ထား
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အိန္ဒိယ–မြန်မာနယ်စပ်တကြောနယ်မြေမတည်ငြိမ်မှုကြောင့် ပန်ဆောင်နယ်စပ်ဂိတ် ပိတ်ထားကြောင်း ဒေသခံများထံမှ သိရပါတယ်။
အောက်တိုဘာလအတွင်း အိန္တိယစစ်တပ်က မြန်မာနိုင်ငံအတွင်းရှိ နာဂလက် နက်ကိုင်အဖွဲ့ NSCN-K(ယုန်းအောင်)အဖွဲ့ရဲ့ တည်နေရာတွေကို နှစ်ကြိမ်တိတိဒရုန်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် နယ်စပ်တလျှောက် အခြေအနေတင်းမာနေပြီး ဂိတ်ပိတ်ထားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦး KNG ကို ပြောပါတယ်။
“ဒီဘက်(မြန်မာဘက်ခြမ်း)ကပိတ်တာ။ အခုတလော အိန္ဒိယဘက်က နယ်စပ်တလျှောက်မှာဒရုန်းတွေခပ်စိပ်စိပ်ချနေတာအဲ့ကြောင့်ဒီဘက်ကပိတ်ထားတယ်။ တစ်ပတ်လောက်ပိတ်ထားမယ်လို့သိရတယ်”လို့ ပြောပါတယ်။
ဒေသခံတွေပြောချက်အရ ယင်းနယ်စပ်ဂိတ်ကို NSCN-K ဘက်ကနေ အောက်တိုဘာ ၂၇ ရက်နေ့ကစပြီး တစ်ပတ်တိတိပိတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိပိတ်ထားတဲ့ ပန်ဆောင်နယ်စပ်ဂိတ်ဟာ နာဂဒေသထဲက နန်းယွန်း၊ပန်ဆောင်၊ဒုံဟီးစတဲ့ဒေသခံတွေအတွက် အခြေခံစားသောက်ကုန်၊စက်သုံးဆီ၊လူသုံးကုန်နဲ့အခြားလိုအပ်တဲ့ကုန်စည်တွေကို အိန္ဒိယဘက်ခြမ်းမှာသွားဝယ်ယူဖို့အတွက်အသုံးပြုနေတဲ့အဓိကဂိတ်ဖြစ်ပါတယ်။
“ကြာကြာတော့မပိတ်လောက်ဘူး ဘာလို့လဲဆိုတော့ရေရှည်ပိတ်လိုက်ရင်နာဂဒေသတစ်ခုလုံးရဲ့ အခြေခံကုန်စည်တွေ၊ကျန်းမာရေးတွေကအစ ခက်ခဲ သွားမှာ မြန်မာဘက်အလှမ်းဝေးတယ်လမ်းပန်းဆက်သွယ်ရေးလဲမကောင်းတော့ ဒီနယ်စပ်ဂိတ်ကိုပဲအဓိကအားကိုးနေကြတာလေး”လို့ နန်းယွန်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပန်ဆောင်၊နန်းယွန်းမြို့နယ်တွေဟာ ကမ္ဘာကျော်လီဒိုကားလမ်းမကြီးပေါ်မှာတည်ရှိတာဖြစ်ပေမယ့် မြန်မာဘက်ခြမ်းကနေကုန်စည်တွေသယ်ယူဖို့အတွက်အလှမ်းဝေးတာ၊လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေကြောင့် ပန်ဆောင်နယ်စပ်ဂိတ်ကိုသာ ရာနှုန်းပြည့်အားထားနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် အိန္ဒိယစစ်တပ်ဟာ မြန်မာနိုင်ငံအတွင်းရှိ စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကမ်မော်လောရီကျေးရွာထဲက NSCN-K(ယုန်းအောင်)အဖွဲ့ဝင် ဗိုလ်ချုပ်ပီးအောာင်နေအိမ်ကို အောက်တိုဘာ ၂၀ ရက်နေ့က တစ်ကြိမ်နဲ့ အောက်တိုဘာ ၂၅ ရက်နေ့က ပန်ဆောင်မြို့နယ်ရှိ ဆွမ်ပါကျေးရွာကိုနှစ်ကြိမ်တိတိဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၂၀ ရက်နေ့ ဗိုလ်ချုပ်ပီးအောင်နေအိမ်တိုက်ခိုက်မှု မှာတော့ ဗိုလ်ချုပ်ပီးအောင်ရဲ့သားကြီးဖြစ်သူနဲ့ အခြားအရပ်သား အသက် ၇နှစ်အရွယ်ကလေးတစ်ဦးတို့သေဆုံးခဲ့ပါတယ်။
အလားတူ အောက်တိုဘာ ၂၅ ရက်နေ့ ဆွမ်ပါရွာတိုက်ခိုက်မှုမှာတော့ လယ်တောထဲမှာဗုံးသီးကျရောက် ပေါက်ကွဲမှု ရှိခဲ့တယ်လို့ သိရပါတယ်။
အခုလိုအိန္ဒိယအစိုးရက အကြိမ်ကြိမ်ဒရုန်းတိုက်ခိုက်မှုတွေကြောင့်နယ်စပ်ဂိတ်ကိုယာယီပိတ်ထားရခြင်းဖြစ်ကြောင်းသိရပါတယ်။
အိန္ဒိယ–မြန်မာနယ်စပ် ပန်ဆောင်ဂိတ်ကို အိန္ဒိယအစိုးရဘက်ကနေ ကိုဗစ်ကပ်ရောဂါဖြစ်ချိန် ၂ နှစ်ကျော်ကြာပိတ်ထားခဲ့ဖူးပြီး ၂၀၂၄ ခုနှစ်မှသာအကန့်အသတ်တွေပြန်လည်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။
ယင်းနောက်ပိုင်း ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကနေ နှစ်နိုင်ငံနယ်စပ်စျေးကော်မတီတွေညှိနှိုင်းချက်အရ ယခင်ကန့်သတ်ချက်တွေကို ဖြေလျော့ပြီး ယခင်တစ်ပတ်တစ်ကြိမ်ကနေ နောက်ပိုင်းတစ်ပတ်ကို ၆ ကြိမ်အထိခွင့်ပြုပေးလာတာ ဖြစ်ပါတယ်။
လက်ရှိတစ်ပတ်ကိုခြောက်ကြိမ်အထိခွင့်ပြုပေးထားပေမယ့် စားနပ်ရိက္ခာတွေကို လိုသလောက်သယ်လို့မရတာ၊ ဆေးဝါးနဲ့စက်သုံးဆီစတာတွေအကန့်အသတ်နဲ့ဝယ်ယူရတာတွေ ဆက်ရှိနေဆဲ ဖြစ်ကြောင်းသိရပါတယ်။
By – Zaw Zaw



