ပူတာအိုမှာ Mytel အင်တာနက်လိုင်းတွေပြန်ရ
ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်မှာ Mytel ဖုန်းအင်တာနက်လိုင်းတွေပြန်ရတာ ရက်သတ္တပတ် ကျော်ရှိလာပြီလို့ ဒေသခံများထံမှသိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကစပြီး စစ်ကောင်စီတပ်က ကချင်ပြည်နယ်တစ်ခုလုံး ဖုန်းအင်တာနက်လိုင်းဖြတ်တောက်ထားတာဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၅ ခုနှစ် မေလဝန်းကျင်ကစပြီး မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်တစ်ချို့မှာ ဖုန်းလိုင်းတစ်ချို့ပြန်ဖွင့်ပေးပြီး အောက်တိုဘာလ တတိယအပတ်ကစလို့ ပူတာအိုမြို့မှာ Mytel ဖုန်းအင်တာနက်လိုင်း ပြန်ဖွင့်လာတာဖြစ်ပါတယ်။
“ဘယ်ချိန်ကတည်းကရနေတာလဲတော့မသိဘူး လူတွေ mytel အင်တာနက်လိုင်းရပြီဆိုပြီးသတိထားမိနေတာတော့တစ်ပတ်ကျော်လောက်တော့ရှိပြီ သုံးတဲ့လူက သုံးကြတယ်။ တစ်ချို့လည်း Starlink နဲ့ပဲအဆင်ပြေနေကြေတာ့အသုံးနည်းသေးတယ်”လို့ သူအသက် ၄၀ ကျော်အရွယ် ပူတာအို ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ Mytel အင်တာနက်လိုင်း 4G အထိတက်နေပေမယ့် Telegram တစ်ခုထဲသာသုံးလို့ရပြီး တခြား Social app တွေဖြစ်တဲ့ Facebook ၊Youtube ၊ Tiktok၊Signal နဲ့အခြားapp တော်တော်များများကိုတော့ ပိုက်ဆံပေးပြီးဝယ်သုံးလို့ရမယ့် Premium VPN တွေ ခံသုံးမှသာရတယ်လို့ မြို့ခံလူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။
“စမ်းကြည့်ပြီးပြီ telegramတခုပဲ vpn မလိုဘူးတခြားyoutube၊tioktok၊ ဖေ့ဘုတ်၊မက်ဆင်ဂျာတွေတော့ vpn နဲ့ပဲရတယ်တဲ့vpn လည်းfree နဲ့မရဘူး လစဥ်ကြေးပေးပြီးဝယ်သုံးရတာတဲ့ ရောင်းပေးတဲ့လူတွေရှိတယ် ဘယ်လိုအကွက်တွေလည်းတော့မသိဘူးဗျာ သူတို့ထိန်းချုပ်ထားပုံရတယ်၊ဖွင့်ပေးတာတောင်အကန့်အသတ်တွေနဲ့ဆိုတော့”လို့ အသက် ၂၀ ကျော်အရွယ်လူငယ်တစ်ဦးက ပြောပါတယ်။
Mytel အင်တာနက်လိုင်းပြန်ရနေတာကြောင့်လက်ရှိပူတာအိုမြို့ပေါ်က ဖုန်းဆိုင်တွေမှာ Mytel Sim Card ရောင်းအားကောင်းနေပြီးတစ်ကဒ်ကို ကျပ် ၁၀၀၀၀ ကနေ ကျပ် ၁၅၀၀၀ အထိပေးဝယ်နေရကြောင်းသိရပါတယ်။
ပူတာအိုမြို့ဟာ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲနယ်မြေထဲပါဝင်ပြီး ရွေးကောက်ပွဲ နီးစပ်လာတဲ့အတွက်အခုလို အင်တာနက်လိုင်းတွေပြန်ဖွင့်ပေးတာ ဖြစ်နိုင်ကြောင်း အထက်မှာဖော်ပြခဲတဲ့ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးကအခုလိုသုံးသပ်ထားပါတယ်။
“လူတိုင်းကပြောနေတာကြတော့ ရွေးကောက်ပွဲနီးလာလို့လိုင်းဖွင့်ပေးတာလို့ပြောနေတာပဲ ပြီး တော့ ဒီရွေးကောက်ပွဲနယ်မြေတွေကလည်းလိုင်းရမှာအဆင်ပြေမှာလေးသူတို့လိုင်းပေါ်ကနေမဲဆွယ်မယ်၊သတင်းအချက်အလက်စီးဆင်းဖို့အတွက်ကလည်းလိုင်းရမှ ဖြစ်မှာလေးဒါတွေကြောင့်ဖွင့်ပေးတာ လို့ထင်တယ် ရွေးကောက်ပွဲ ပြီးတဲ့အထိတော့စောင့်ကြည့်ရမှာပေါ့ဘယ်ချိန်ထိရမလဲဆိုတာ”လို့ သူကပြောပါတယ်။
လာမယ့်ဒီဇင်ဘာလအတွင်း စစ်ကောင်စီပြုလုပ်ကျင်းပမယ့် မြို့နယ်တွေထဲမှာ ကချင်ပြည်နယ်ထဲက ပူတာအို၊မြစ်ကြီးနား၊တနိုင်း၊ မိုးညှင်း၊နောင်မွန်၊ခေါင်လန်ဖူးစတဲ့ မြို့နယ်တွေပါဝင်ပြီးလက်ရှိမှာတော့ ပူတာအို၊မိုးညှင်း၊မြစ်ကြီးနား စတဲ့သုံး မြို့နယ်မှာ Mytel အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးနေပြီလို့သိရပါတယ်။
စစ်ကောင်စီက ကချင်ပြည်နယ်ကို ဖုန်းဆက်သွယ်ရေးလိုင်းနဲ့အင်တာနက်လိုင်းတွေကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ကတည်းကစတင်ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်
လက်ရှိမှာတော့ မြစ်ကြီးနား၊ဖားကန့်၊ပူတာအိုနဲ့ မိုးညှင်းမြို့နယ်ထဲမှာသာ ဖုန်းဆက်သွယ်ရေးလိုင်းတွေ နေရာကွက်ကျားပြန်ရနေပြီး နေရာဒေသအများစုမှာတော့ ဖုန်းအင်တာနက်လိုင်းကအစ ဖုန်းဆက်သွယ်ရေးလိုင်းတွေပါ ဖြတ်တောက်ထားဆဲ ဖြစ်ပါတယ်။
By – Zaw Zaw



