မြစ်ကြီးနားမြို့က လူမှုဖွံ့ဖြိုးရေး ကျောင်းတစ်ခု မီးလောင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပလနကျေးရွာမှာ ကိုယ်ထူကိုယ်ထ လူမှုဖွံ့ဖြိုးရေးကျောင်းတစ်ခု မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
ဖြစ်စဉ်မှာ ဒီမနက်ပိုင်း ၉နာရီခွဲဝန်းကျင်အချိန် ပလနရွာ ရပ်ကွက် (၃) မှာဖွင့်လှစ်ထားတဲ့ Ningshawng Social Institute လို့ခေါ်တဲ့ လူမှုဖွံ့ဖြိုးရေးကျောင်းမီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ကယ်၂ စီးအပြင် ကျောင်းသားတွေအိပ်တဲ့ အဆောင် ၃ ခုလည်း မီးလောင်းပျက်စီးသွားတယ်လို့ မျက်မြင်တွေ့ရှိသူ အမျိုးသားတစ်ဦးက ခုလိုပြောပါတယ်။
“ဝါယာရှော့စ်ဖြစ်ပြီးမှ လောင်တယ်ပြောတာဘဲ ကျောင်းသားတွေအကုန်လုံးကတော့ စာသင်တဲ့အချိန်ဆိုတော့ အဆောင်ထဲမှာတစ်ယောက်မှ မရှိကြဘူး”လို့ဆိုပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်ပြီး သိပ်မကြာခင်မှာဘဲ မီးသတ်ကား၂ စီးရောက်လာကာ မီးငြိမ်းသတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း မီးလောင်သွားတဲ့ထဲမှာ ကျောင်းသား/သူတွေရဲ့ အိပ်ယာနဲ့ အဝတ်အစားတွေနဲ့ စာရွက်စာတမ်း၊ စာရေးကိရိယာတွေ အကုန်ပါသွားတဲ့အတွက် ကျောင်းသား/သူ တစ်ချို့လည်း အခက်တွေ့နေကြတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ပြီးခဲ့တဲ့ စက်တင်ဘာလမှာ တစ်လအတွင်း မီးလောင်မှု ၂ကြိမ်ဖြစ်ပွားခဲ့သလို ဩဂုတ်လမှာလည်း မီးလောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့ရဲ့ မီးလောင်မှုဖြစ်စဥ်ကို ခြုံငုံကြည့်ပါက မနက် ၃ နာရီနောက်ပိုင်း အချိန်တွေနဲ့ ညနေ ၁ နာရီနောက်ပိုင်းအချိန်တွေမှာ အဖြစ်များတာကို တွေ့ခဲ့ရပေမယ့် ဒီတစ်ခေါက်ရဲ့ မီးလောင်ကျွမ်းမှုကတော့ မနက် ၉ နာရီနောက်ပိုင်းမှာ လောင်ကျွမ်းခဲ့တာဘဲ ဖြစ်ပါတယ်။
စစ်ကော်မရှင် ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ပြီးခဲ့တဲ့ နှစ်က မီးလောင်မှုပေါင်း ၁၁၅၀ ခု ဖြစ်ပွားခဲ့ပြီး လူ ၉၉ ဦး သေဆုံးကာ ၁၃၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီး မီးလောင်ကျွမ်းမှုကြောင့် ပျက်စီး ရှုံးဆုံးမှုကတော့ ကျပ်သန်းပေါင်း ၉၄၀၀ ထိရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
By – Hope



