ရွေးကောက်ပွဲနီးလာတဲ့အတွက် ရွှေကူမြို့ပြည်သူများ ကြိုတင်တိမ်းရှောင်သူတွေများလာ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ရွှေကူမြို့ထဲမှာ စစ်ကောင်စီတပ်က မကြာခင်ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်လာတဲ့အတွက် ပြည်သူတစ်ချို့ကြိုတင်တိမ်းရှောင်သူတွေများလာနေတယ်လို့ ဒေသခံတွေပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်ကကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း (၃)မှာ ကချင်ပြည်နယ် ရွှေကူမြို့နယ်လည်းပါဝင်နေတဲ့အတွက် လတ်တလော စစ်တပ်ဘက်က မြို့တွင်းအဝင်၊အထွက်လုံခြုံရေးတင်းကြပ်ထားသလို မြို့ထဲရှိ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းတွေမှာအထိုင်ချပြီး ကင်းပုန်းဝပ်တာ၊ ကင်းပတ်တာ၊လုံခြုံရေးတိုးမြင့်တာတွေလုပ်နေတယ်လို့ ဒေသခံတွေဆိုပါတယ်။
ဒါကြောင့် မြို့ပေါ်နေ ပြည်သူတွေက ဇန်နဝါရီလဆန်းပိုင်းကနေ ကြိုတင်တိမ်းရှောင်သူတွေများလာနေတယ်လို့ ရွှေကူမြို့ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“မဲထည့်ဖို့ရက်ကကပ်လာတော့ လူတိုင်းခန့်မှန်းနေကြသာပေါ့ ရွှေကူလဲ ကသာလိုဟော့နေပီ။ ကသာ က ဥပမာပေါ့နော် ရွှေကူလည်း မဲ ၂၅ ရက်လို့ကြားထားသာဆိုတော့ အဲ့တာကြောင့်ရှောင်ကြတာဟုတ်တယ်”လို့ ပြောပါတယ်။

လတ်တလော မြို့သိမ်းတိုက်ပွဲဖြစ်ပွားနေတဲ့ ကသာမြို့ဟာ ရွှေကူမြို့ရဲ့အနောက်ဘက်မှာရှိပြီး နယ်နမိတ်ချင်းထိစပ်ပြီး စစ်တပ်က ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပတဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာပဲ KIA နှင့် PDF ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ကသာမြို့အခြေစိုက် ခမရ ၃၀၉ တပ်ရင်း၊ ကာကင်းစခန်းများကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ခဲ့တာပါ။
ဒါကြောင့် ရွှေကူမြို့တွင်းနေထိုင်တဲ့ပြည်သူတွေကလည်း ကသာမြို့လိုဖြစ်လာမှာစိုးရိမ်တဲ့အတွက် ရွှေကူမြို့ပေါ်ရွေးကောက်ပွဲရက်နီးလာတာနဲ့အမျှ ကလေးငယ်နဲ့သက်ကြီးရွယ်အိုတွေကိုနေရာပြောင်းရွှေ့တာ၊ တစ်ချို့ မိသားစုအလိုက်ကြိုတင်တိမ်းရှောင်နေကြတယ်လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။
“ကလေးငယ်တွေများတဲ့အိမ်တွေနဲ့အသက်ကြီးတဲ့သူရှိတဲ့အိမ်တွေအများပိုင်းရှောင်ကြတယ်။ တစ်ချို့ကတော့ အသင့်အနေထားပေါ့ ကသာလိုအားလုံးနီးပါးရှောင်ကြတာတော့ မဟုတ်ဘူး။ ဒီအပတ်ကတော့ ရှောင်တဲ့သူတွေပိုများလာတယ်”လို့ပြောပါတယ်။
ဒါ့အပြင် တစ်ဖက်မှာလည်း ရွှေကူကာကွယ်ရေးတပ်ဘက်က စစ်တပ်ရဲ့ရွေးကောက်ပွဲမှာပါဝင်ပတ်သက်သူတွေကို ထိရောက်စွာအရေးယူမယ့်အကြောင်း ဒီဇင်ဘာလ (၂) ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားပါတယ်။
ကချင်ပြည်နယ်ထဲမှာတော့ စစ်တပ်က ကျင်းပတဲ့ ရွှေးကောက်ပွဲ အပိုင်း (၁)မှာ မြစ်ကြီးနား၊ မိုးညှင်း၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး နဲ့ တနိုင်းမြို့ပေါ်တွေမှာ ကျင်းပခဲ့ကြပြီး၊ အပိုင်း (၂) ဝိုင်းမော်၊ မချမ်းဘော့၊ မိုးကောင်း နဲ့ အပိုင်း (၃)မှာ ဖားကန့်၊ ရွှေကူ၊ ဗန်းမော် တွေမှာ ကျင်းပဖို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
ပြည်နယ် ပါတီတွေအနေနဲ့တော့ ကချင်ပြည်နယ်ပြည်သူ့ပါတီ – KSPP ၊ ဒီမိုကရေစီပါတီသစ် (ကချင်) NDP-K၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP နဲ့ တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP စတဲ့ပါတီတွေအပြင် တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေက ဝင်ရောက်ယှဉ်ပြိုင်နေကြပါတယ်။
By – Zami



