ဆိုင်ကယ်ဝယ်မယ့်ပုံစံ ဟန်ဆောင်ပြီး မောင်းပြေးမှုကြုံနေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်အရောင်းဆိုင်တွေနဲ့ ပွဲစားတန်းတွေကို ပစ်မှတ်ထားပြီး ဆိုင်ကယ်ဝယ်ယူမယ့်ပုံစံ ဟန်ဆောင်ပြီးမောင်းပြေးသွားတဲ့ ဖြစ်စဉ်တွေ ဖြစ်နေတယ်လို့ ဆိုင်ကယ်ရောင်းဝယ်သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း မြစ်ကြီးနားမြို့ အေးစေတီဘက်မှာရှိတဲ့ ဆိုင်ကယ်အရောင်းဆိုင်တစ်ဆိုင်မှာ ဆိုင်ကယ်ခိုးယူသူဟာ ကယ်ရီဆိုင်ကယ်ငှားစီးလာပြီး ဆိုင်ရောက်ချိန်မှာ ဝယ်ယူမယ့်ပုံစံနဲ့ စမ်းမောင်းခွင့်တောင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ဆိုင်ကယ်ကို စမ်းမောင်းကြည့်မယ်ဆိုကာ မောင်းပြေးသွားခဲ့တယ်လို့ ဆိုင်ကယ်ရောင်းဝယ်သူတွေက ပြောပါတယ်။
“ဝယ်မယ်ဆိုတဲ့ပုံစံနဲ့ လာကြည့်တယ်။ စမ်းမောင်းကြည့်ချင်တယ်ဆိုပြီး မောင်းပြေးတာ။ဘယ်သူဘယ်ဝါဆိုတာ မသိရတော့ ဆိုင်ဘက်ကလည်း အခက်တွေ့ရတယ်” လို့ ဆိုင်ကယ်ရောင်းဝယ်သူတစ်ဦးက ပြောပါတယ်။
ဒီလိုဖြစ်စဉ်တွေမှာ ခိုးယူသူကို လိုက်ပို့လာတဲ့ ကယ်ရီသမားတွေပါ သံသယဝင်ခံရတာ၊ ဖမ်းဆီးစစ်ဆေးခံရတာတွေ ရှိနေတယ်လို့ သိရပါတယ်။
ဒါပေမယ့် ကယ်ရီသမားတွေအနေနဲ့ ခရီးသည်ကို လိုက်ပို့ပေးရုံသာဖြစ်ပေမယ့် ခိုးယူမှုနဲ့ ဆက်စပ်မှုမရှိကြောင်း သက်သေပြရခက်တဲ့ အခြေအနေတွေ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့က ငှားစီးတဲ့သူကို လိုက်ပို့ပေးတာပဲ။ သူက ဘာလုပ်မယ်ဆိုတာ မသိဘူး။ ဒါပေမယ့် ဆိုင်ကယ်ပျောက်သွားရင် ကျွန်တော်တို့ကိုပါ မေးမြန်းတာတွေ၊ သံသယဝင်တာတွေ ရှိတယ်။ တချို့ဆို ဆိုင်ကယ်ဖိုး လျော်ပေးရတဲ့အထိ ဖြစ်တယ်”လို့ ကယ်ရီသမားတစ်ဦးက ပြောပါတယ်။
ဒါကြောင့် ဆိုင်ကယ်ရောင်းဝယ်သူတွေကတော့ ဆိုင်လာရောက်ဝယ်ယူသူတွေရဲ့ အချက်အလက်တွေကို သေချာစစ်ဆေးထားဖို့နဲ့ စမ်းမောင်းခွင့်ပေးတဲ့အခါ ဆိုင်ဝန်ထမ်းတစ်ဦး လိုက်ပါစီးနင်းစေတာမျိုး လုပ်ဆောင်သင့်တယ်လို့ အကြံပြုပါတယ်။
မြစ်ကြီးနားမြို့မှာ ဆိုင်ကယ်ဟာ ပြည်သူအများစု နေ့စဉ်အသုံးပြုနေတဲ့ အဓိကယာဉ်တစ်စီးဖြစ်ပြီး လတ်တလောကာလအတွင်း ဆိုင်ကယ်ပျောက်ဆုံးမှုနဲ့ ခိုးယူမှုဖြစ်စဉ်တွေ မကြာခန ဖြစ်လာတာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
By – Zami




