Covid-19 Reportingသတင်း

ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး နိုဝင်ဘာလ အပြီးထိုးမည်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ပြည်သူများကို လာမည့် လာမည့် နိုဝင်ဘာလ ၈ရက်နေ့အပြီး ကိုဗစ် ကာကွယ်ဆေးထိုးပေးမည်ဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှသိရသည်။

“ခုပထမအကြိမ်က လေးသောင်းကျော် ထိုးပြီးပြီ ဒုတိယအကြိမ်လည်း နှစ်သောင်းကျော်ထိုးနေပြီ ဆက်ပြီးလည်း ထိုးနေဆဲဖြစ်တယ်။ ဒီလုပ်ငန်းကို စက်တင်ဘာလ ၈ရက်နေ့ အပြီးထိုးဖို့ လုပ်နေပါတယ်” ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသိန်းမြို့က ပြောသည်။

ဝိုင်းမော်တစ်မြို့နယ်လုံးတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ပြုစုထားသည့် စာရင်းအရ လူဦးရေ ၉၈၀၀၀ ကျော်ရှိပြီး အကြိမ်ပြည့်ထိုးနှံပြီးသူဦးရေ နှစ်သောင်းခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

လက်ရှိ ထိုးနှံပေးနေသည့် ကိုဗစ်ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားဖြစ်ပြီး (WHO) ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း အသိအမှတ်ပြုထားပြီးဖြစ်သည့် ကာကွယ်ဆေးဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

”ဖြစ်နိုင်ရင်တော့ ထိုးသင့်တဲ့သူတွေ အားလုံးထိုးထားနိုင်ရင် ပိုကောင်းပါတယ်။ ဘာလို့လဲဆိုရင် ဒီကိုဗစ်ရောဂါက လွယ်လွယ်နဲ့ပျောက်တဲ့ရောဂါမဟုတ်တော့ ထိုးထားတာ အကောင်းဆုံးပါ ကျနော်တို့အိမ်ကတော့ ကလေးတွေကလွှဲလို့ အားလုံးတစ်ကြိမ်စီ ထိုးပြီးပြီ” ဟု ‌ဝိုင်းမော်‌ ရပ်ကွက် (၃) မှ နေထိုင်သူ တစ်ဦးကပြောသည်။

ဝိုင်းမော်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသိန်းမြို့၏ လူမူကွန်ယက်စာမျက်နှာတွင် ဖော်ပြထားချက်အရ  ကိုဗစ်-၁၉ တတိယလှိုင်းတွင် ဝိုင်းမော်မြို့နယ်အတွင်း ပိုးတွေ့သူစုစုပေါင်း ၂၀၀၄ဦးထိရှိကာ၊ ဆေးရုံဆင်းပြီးသူ ၁၈၉၈ဦးရေ၊ ကုသဆဲ ၅၀ဦး၊ သေဆုံးသူ ၅၆ဦးရှိကြောင်း သိရသည်။

မြန်မာတစ်နိုင်ငံလုံး အောက်တိုဘာလ ၁၉ရက်နေ့ထိ ကိုဗစ်ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးသူဦးရေ ၄.၉၈ သန်း၊ တစ်ကြိမ်ထိုးနှံပြီးသူ ၇.၀၁သန်း အထိရှိပြီဖြစ်ကြောင်း စစ်ကောင်စီ၏ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button