မြစ်ဆုံမှာ စက်ယန္တရားဖြင့် ရွှေတူးဖော်မှုကို ဒေသခံများ ဆန္ဒဖော်ထုတ်

ကချင်ပြည်နယ် မြစ်ဆုံဒေသခံများမှ ဇွန်လ ၅ ရက်နေ့ကျရောက်သော World Environment Day အထိမ်းအမှတ်အဖြစ် မြစ်ဆုံအနီးတဝိုက် စက်ယန္တရားကြီးများဖြင့် အကြီးစားသယံဇာတတူးဖော်မှုများကို ရပ်တန့်ပေးရန် ယနေ့ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် မြစ်ဆုံဒေသ တစ်လျှောက်တွင်ရှိသော ကျေးရွာ ၁၆ ခုမှ  အမျိုးသမီးများ ၁၀၀ ကျော်ခန့်က ဝိုင်းမော်မြို့နယ် ဟန်းဘူကျေးရွာ (Hang Bu Mare) ရွှေတူးဖော်လိုက်သည့် ဧရာဝတီမြစ်ကမ်းနဘေးတွင် ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်ဟု အစီစဉ် ဦးဆောင်သူတစ်ဦးက KNG သတင်းဌာန ကို ပြောဆိုသည်။

“မြစ်ဆုံဒေသဆိုတာ မြန်မာတစ်နိုင်ငံလုံးက ချစ်မြတ်နိုးကြတဲ့ အသက်သွေးကြောဖြစ်တယ်။ အဲ့ဒါကို စက်ယန္တရားကြီးတွေနဲ့ တူးဖော်ပေးလိုက်တယ်။ အခုလည်းတူးဖော်နေဆဲလည်းဖြစ်တယ်။ ဒါကို ကျနော်တို့က လုံးဝ မလိုလားဘူး။ အမြန်ရပ်တန့်ပေးကြဖို့ဖြစ်တယ်”ဟု ပြောဆိုသည်။

ဆန္ဒပြထုတ်ဖော်ရာတွင် သဘာ၀ပတ်၀န်းကျင် ဖျက်ဆီးခြင်း ၊ အကြီးစားသယံဇာတ တူးဖော်ခြင်း ၊ အကြီးစား စက်ယန္တရားဖြင့် သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခြင်းများကို ချက်ချင်းရပ်တန့်ပေးရန် စသော ကြွေးကြော်သံများဖြင့် ဆန္ဒပြထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဟန်းဘူကျေးရွာတွင် အမျိုးသမီးများက သစ်ပင်စိုက်သည့် လှုပ်ရှားမှုများလည်း လုပ်ဆောင်ခဲ့ကြောင်း ဆက်လက်သိရသည်။

ယနေ့ ကျရောက်သော World Environment Day တွင် ကချင်ဒေသအနှံတွင်လည်း သစ်ပင်စိုက်သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

Show More
Back to top button