ကွတ်ခိုင်လေကြောင်းတိုက်ခိုက်ခံရမှုဟာ အရပ်သားပစ်မှတ်လို့ TNLA ပြော
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်လေကြောင်းတိုက်ခိုက်ခံရမှုမှာ အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုဟာ အရပ်သားပစ်မှတ်ဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ မလေးယေဦးကပြောပါတယ်။
ဖြစ်စဥ်ကတော့ မနေ့က ဩဂုတ်လ ၅ရက်နေ့ ညနေပိုင်း ၃နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ ရဲ့ အရပ်သားအများဆုံးရှိတဲ့ မြို့မဈေးနဲ့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“မနေ့ကတိုက်ခိုက်မှုက ကျမတို့ကိုဦးတည်ပြီးတော့တိုက်ခိုက်တယ်ဆိုတာထက် အရပ်သား ကိုဦးတည်ပြီး တိုက်ခိုက်တာဖြစ်ပါတယ်။ အထူးသဖြင့်တော့ အရပ်သားအများဆုံးတည်ရှိရာမြို့မဈေး ပြီးရင် လမ်းဆုံကိုမှ ရွေးပြီးမှတိုက်ခိုက်တာဖြစ်တဲ့အတွက် အရပ်သားကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်နေတာ ဖြစ်ပါတယ်။”လို့ တအာင်းတပ်မတော် TNLA ရဲ့ပြန်ကြားရေးတာဝန်ခံ မလွေးယေဦးကပြောပါတယ်။
သေဆုံးခဲ့သူတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး အမျိုးသမီး၂ဦးအပါအဝင် ၅ ဦးသေဆုံးခဲ့ရတာ လို့ မလွေးယေဦးကအတည်ပြုပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှုအတွင်း နောက်ထပ်အရပ်သား ၁၀ ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သလို အဲ့ဒီထဲက တစ်ဦးကဒဏ်ရာပြင်းထန်ပြီးတော့ တစ်ဖက်မှာ မြို့မဈေးဆိုင်ခန်းတစ်ချို့နဲ့ နေအိမ်ပျက်ဆီးမှုတွေ ရှိတယ်လို့ ကွတ်ခိုင်မြို့တွင်းက ပရဟိတအသင်းအဖွဲ့တွေကပြောပါတယ်။
“ဒဏ်ရာရတဲ့သူကတော့ ၁၀ ယောက်လောက်ရှိတယ်။ အပြင်းအထန်ကတော့ ၁ ယောက်ပေါ့ ကျန်တာက တော့ဘာမှမသိရသေးဘူး။ အဓိကတော့ ဈေးရဲ့ ၃ ပုံ ၁ ပုံလောက်တော့လောင်သွားတယ်ပြောတယ်။ သေတဲ့ထဲ တစ်ချို့ကလမ်းသွားရင်းနဲ့ ထိတာ။ တစ်ယောက်ကတော့ ဈေးရောင်းရင်းနဲ့ပဲသေတာတဲ့”လို့ ကွတ်ခိုင်မြို့တွင်းကပရဟိတအသင်းအဖွဲ့တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
တစ်ဖက်မှာ ဒီကနေ့မနက်ပိုင်းမှာတော့ ကွတ်ခိုင်မြို့ကိုထိန်းချုပ်ထားတဲ့ တော်လှန်ရေးအင်အားစုတွေဘက်က လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မြို့မဈေးကို ၁ နာရီကြာဝင်ခွင့်ပြုခဲ့ပြီး ပစ္စည်းတစ်ချို့ထုတ်ခွင့်ပေးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီတပ်ဟာ မနေ့ကလေကြောင်းတိုက်ခိုက်မှုမတိုင်ခင် ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ကင်းထောက်လေယာဥ်နဲ့ပတ်ဝဲပြီးမှ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလို ကင်းထောက်လေယာဥ်ပတ်ဝဲကတည်းက မြို့မဈေးကဒေသခံတွေဟာ ဆိုင်ပိတ်သိမ်းပြီးလုံခြုံတဲ့ နေရာကို ထွက်ပြေးကြလို့သာအထိအခိုက်နည်းခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
လေကြောင်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးသီး၇လုံးအထိအသုံးပြုတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး လက်ရှိတော့ လေကြောင်းတိုက်ခိုက်ခံရတဲ့နေရာနဲ့အနီးတစ်ဝှိုက်ကို TNLA က နယ်မြေရှင်းလင်းရေး တွေလုပ်နေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၈၀၀ နီးပါးပြုလုပ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု ISP Myanmar က ဩဂုတ်လ ၅ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။
By – အမိုး