သတင်း

နောင်မွန်မြို့မှာ ရေကြီးရေလျှံဖြစ်ပြီး စိုက်ပျိုးထားတဲ့ လယ်ဧ ၁၀၀ ဝန်းကျင် ပျက်စီးသွား

ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာ ရေကြီးရေလျှံမှုကြောင့် ဒေသခံတောင်သူတွေရဲ့ လယ်ဧက ၁၀၀ ဝန်းကျင်လောက် ရေမြှုပ်ပျက်စီးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်း နောင်မွန်မှာ မိုးသည်ထန်စွာရွာသွန်းပြီး တလွမ်ချောင်း ရေကြီးရေလျှံဖြစ်ပြီး မြို့ရဲ့ အနောက်ဘက်ခြမ်း တစ်မိုင်လောက်အကွာမှာရှိတဲ့ ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ လယ်စပါးတွေအားလုံး ရေမြှုပ်ပျက်စီးသွားတယ်လို့ နောင်မွန်ဒေသခံ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ပျက်စီးသွားတာက ဧက ၁၀၀ ဝန်းကျင်လောက်တော့ ရှိမယ်။ တလွမ်ချောင်းကြီးလို့ စပါးတွေ ရေမြှုပ်သွားတော့ ပျက်စီးသွားတယ်။ အဲဒီဘက်မှာ လယ်လုပ်တဲ့ ဒေသခံတောင်သူ ၅၀ နဲ့ ၆၀ ကြားမှာရှိကြတာဟုတ်တယ်လို့ပြောပါတယ်။

ရေကြီးရေလျှံမှုကြောင့် ဒေသခံပြည်သူတွေရဲ့ လယ်ဧ ၁၀၀ လောက်ပျက်စီးသွားတဲ့ အပြင် နောင်မွန်မြို့ကနေ လယ်ကွင်းကို သွားလာဖို့အဓိက ဆောက်လုပ်ပေးထားတဲ့ ကြိုးတံတားလည်း ပျက်စီးသွားတဲ့အတွက် သွားလာရေးမှာလည်း ခက်ခဲနေကြတယ်လို့ နောင်မွန်ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။

အခုက နောင်မွန်နဲ့ တလွမ်ချောင်းပေါ်မှာ ဆောက်ထားတဲ့ ကြိုးတံတားလည်းပျက်စီးသွားလို့ သွားဖို့လာဖို့ ခက်ခဲသွားတယ်။ အဲဒီဘက်မှာက အဲဒီတံတားတစ်ခုထဲနဲ့ သွားလာလို့ရတာဟုတ်တယ်။ အဲတံတားလည်းပျက်စီးသွားတော့ ခက်ခဲနေကြတာပေါ့လို့ပြောပါတယ်။

တလွမ်ချောင်းကူးတံတားဟာ ပြီးခဲ့တဲ့ NLD အစိုးရ လက်ထက်မှာ ဆောက်လုပ်ထားပေးတဲ့ ကြိုးတံတားဖြစ်ပြီး တံတားပျက်စီးသွားတဲ့အတွက် ဒေသခံတောင်သူတွေဟာ သွားလာရေးမှာ အလွယ်တကူသွားလာဖို့ ခက်ခဲသွားတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိ ရေကြီးရေလျှံဖြစ်ပြီး လယ်ယာပျက်စီးသွားတဲ့ လယ်နေရာမှာ နောင်မွန်ဒေသခံတွေနဲ့ နမ်ပန်းဒမ်းကျေးရွာ ပြည်သူတွေ အဓိက လယ်ယာစိုက်ပျိုးလုပ်ကိုင်ထားကြတဲ့နေရာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ တစ်ကြိမ် ရေကြီး ရေလျှံမှု‌ ကြောင့် လယ်ယာအများအပြား ပျက်စီးခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့တယ်လို့ သိရပါတယ် 

နောင်မွန်ဒေသခံတောင်သူတွေဟာ ဒီနှစ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို စက်သုံးဆီတွေမရှိတဲ့အပြင် ကုန်ပစ္စည်းတွေမရှိတဲ့ ကြားက ခက်ခက်ခဲခဲ လုပ်ကိုင်ပြီးစီးထားရာကနေ အခုလို ရေကြီးရေလျှံဖြစ်ပြီး စိုက်ပျိုးထားတဲ့ စပါးပင်တွေ ပျက်စီးဆုံးရှုံးသွားတဲ့အတွက် အလွန်စိတ်မကောင်းဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။

ပူတာအိုဒေသမှာ တိုက်ပွဲအပြင် ရေကြီးရေလျှံဖြစ်တာကြောင့် မြစ်ကြီးနားပူတာအိုကားလမ်းပိုင်း ပျက်စီးနေတဲ့အတွက် ကုန်ကားတွေ အဝင်မရှိတော့တာ တစ်လလောက်ကြာမြင့်လာပြီဖြစ်ပါတယ်။

ပူတာအိုခရိုင်ထဲမှာရှိတဲ့ မချမ်းဘော၊ နောင်မွန် စတဲ့ မြို့နယ်တွေမှာ အခြေခံစားသောက်ကုန်တွေပြတ်လပ်သွားပြီး ကုန်စျေးနှုန်းတွေ အဆင်မတန်မြင့်တက်သွားတာကြောင့် ဒေသခံတွေက ကုန်စျေးနှုန်းမတတ်နိုင်တဲ့ အခြေအနေမှာ ရင်ဆိုင်ကြုံတွေ့နေရတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button