မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် သုသာန်မြေနေရာကို ကိုးကန့်တပ်သိမ်းယူဖို့ကြိုးပမ်းနေ

ရှမ်းမြောက် မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်ထဲက ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ပိုင် သင်္ချိူင်းနယ်မြေကို ကိုးကန့် MNDAA က သိမ်းယူဖို့ ကြိုးစားလာတဲ့အပေါ် ဒေသခံတွေကန့်ကွက်နေပါတယ်။

မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ သုသာန်မြေနေရာကိုကြံစိုက်ခင်းလုပ်မည်ဟုဆိုကာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ ကိုးကန့် MNDAA တပ်ခန့်ထားတဲ့ မုံးပေါ်အုပ်ချူပ်ရေးမှူးဆိုသူဟာ အသင်းတော်တာဝန်ရှိသူတွေကို သုသာန်မြေသိမ်းမယ့်အကြောင်း အကြောင်းလာတယ်လို့ မုံးပေါ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က အမှုတော်ဆောင်တစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

“MNDAA ဘက်က မုံးပေါ်တာဝန်ရှိသူပေါ့ သူကလာပြီးပြောတာ။ သူတို့ကဟိုမှာ အားလုံးအဆင်သင့်လုပ်ထားပြီးသား လာညှိနှိုင်းတာမဟုတ်ပဲ အကြောင်းလာကြားတဲ့ပုံစံမျိုးပဲ။ အဲဒါ ကျနော်တို့အသင်းတော်ဘက်က သဘောမတူကြောင်းပြောတော့ သူတို့က ဒါဆို အဲဒီသင်္ချိုင်းမြေကို သိမ်းပြီတဲ့။ အုပ်ချူပ်ရေးမှူးကအဲလိုပြောတော့ အသင်းတော်ဘက်ကလည်း MNDAA အရာရှိနဲ့ တိုက်ရိုက်စကားပြောတော့မှ အခုလောလောဆယ်တော့ ဘာမှမလုပ်လာသေးဘူး။ ငြိမ်နေတယ်။လို့ မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော်က အမှုတော်ဆောင်တစ်ဦးကပြောပါတယ်။

ကိုးကန့် MNDAA ခန့်ထားတဲ့ မုံးပေါ်အုပ်ချူပ်ရေးမှူးက ၂ ရက်ဆက်တိုက် သင်္ချိုင်းနယ်မြေကို သိမ်းယူဖို့ အတင်းအဓမ္မလာရောက် ပြောဆိုမှုတွေရှိလာတာကြောင့် အသင်းတော်ဘက်က သက်ဆိုင်ရာ ကိုးကန့် MNDAA တပ်ဖွဲ့က အရာရှိတစ်ဦးနဲ့ တိုက်ရိုက်ပြောဆိုကန့်ကွက်ထားတယ်လို့ သူကဆက်ပြောပါတယ်။

အောက်တိုဘာလ ၃ ရက်နေ့ မုံးပေါ် ကချင်ဒေသခံ ၁၅၀ ခန့်က သင်္ချိုင်းမြေကို သွားရောက်ခုတ်ထွင်ရှင်းလင်းမှုတွေပြုလုပ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၀ ရက်နေ့ထိတော့ သင်္ချိုင်းမြေနဲ့ပတ်သက်ပြီး ကိုးကန့်ဘက်က တုန့်ပြန်မှုမရှိသေးကြောင်း ဆက်သိရပါတယ်။

ဒါပေမယ့် ကိုးကန့် MNDAA ဘက်က သင်္ချိုင်းမြေနေရာမှာ ကြံစိုက်ခင်းလုပ်ဖို့ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး လုပ်ငန်းစဖို့အဆင့်သင့်အနေအထားမှာ ရှိနေတယ်လို့ ဒေသခံတွေဘက်က ပြောပါတယ်။

ဒါက အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာ အသင်းတော်နဲ့သက်ဆိုင်တဲ့နေရာကို ဒီလိုလုပ်လို့မရဘူးပြောတော့ သူတို့ပြောပုံအရက အခြားဘယ်သူမဆို လာသင်္ဂြိုဟ်လို့မှမရတာ ဆိုတဲ့ပုံစံမျိုးနဲ့ပြောတယ်။ လက်ရှိ ကိုးကန့်ရဲ့အခြေနေက ဘယ်နေရာမှာ ဘယ်လိုလုပ်လို့ရနိုင်မယ်ဆိုတဲ့သဘောနဲ့ အခုလည်း တချို့ကိစ္စတွေ မှာ လိုက်ပြီးအနှောက်အယှက်ပေးတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ရဲ့ သင်္ချိုင်းနယ်မြေကိုမုံးပေါ်ဒေသဘက် ရှေ့ယခင်ကတည်းက သတ်မှတ်ယူထားတဲ့နေရာဖြစ်ပြီး ခေတ်အဆက်ဆက်အစိုးရလက်ထက် တရားဝင် သုသာန်နယ်မြေအဖြစ် သတ်မှတ်ပေးခဲ့ပြီး ၁၀ စုနှစ်ကျော်ကြာပြီလို့ သိရပါတယ်။

ဒီသင်္ချိုင်းနယ်မြေဟာ မုံးပေါ်ရဲ့ မြောက်ဘက် လွယ်လင်တောင်ခြေမှာတည်ရှိကာ ဧက ၂၀ ခန့်ရှိတယ်လို့ သိရပါတယ်။

ကိုးကန့် MNDAA ဟာ မုံးပေါ်ဒေသက စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အတွက် အဲဒီဒေသတစ်ခုလုံးဟာ ကိုးကန့် MNDAA လက်အောက်ထဲမှာသာ ရှိရမှာဖြစ်ကြောင်းနဲ့ ဘာသာရေးနဲ့ ရိုးရာယာဉ်ကျေးမှုတွေကိုပါ လွတ်လပ်ခွင့်ပိတ်ပင်လာတာတွေ ဆက်တိုက်လုပ်ဆောင်လာနေတယ်လို့ ဒေသခံတွေ ပြောဆိုကြပါတယ်။

ကိုးကန့်က အသင်းတော်အဖွဲ့အစည်းကိုလည်း ဘယ်လိုအထင်အမြင်တွေနဲ့ကြည့်တာလဲမသိဘူး။ ခက်တော့ခက်တယ်သူတို့နဲ့ အသင်းတော်ကလည်း သူတို့အောက်မှာပဲ ရှိရမယ်ဆိုတဲ့ပုံစံမျိုးနဲ့လုပ်လာတာတွေရှိတယ်။ ဘာသာရေးအဖွဲ့အစည်း အသင်းတော်ဆိုတာ ဘယ်သူပဲအုပ်ချူပ်အုပ်ချူပ်၊ စစ်တပ်ရှိခဲ့စဉ်ကလည်း အသင်းတော်အဖွဲ့အစည်းက သူ့ဟာနဲ့သူ လွတ်လွတ်လပ်လပ်ပဲလို့  မုံးပေါ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်က အမှုတော်ဆောင်တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ အရင်တစ်ခေါက်ကလည်း မုံးပေါ်ဘုရားကျောင်း ခန်းမတည်ဆောက်နေချိန် အဆောက်အဦးထဲ ကိုးကန့် MNDAA ဘက်က လာရောက်နေထိုင်တာတွေ ပြုလုပ်ခဲ့တာကြောင့်ညဘုရားကျောင်းဝင်းကနေ ဖယ်ပေးဖို့ ဒေသခံတွေ အကြိမ်ကြိမ်ပြောဆိုလည်း မဖယ်ပေးခဲ့တဲ့အတွက် ဒေသခံတွေလူအများနဲ့ဆောက်လုပ်ရေးအားစိုက်လုပ်လာမှ ဖယ်ပေးခဲ့တယ်လို့ သူကာပြောပါတယ်။

လက်ရှိ မုံးပေါ်တိုက်နယ်မှာ ကိုးကန့် MNDAA နဲ့ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO/KIA တို့နှစ်ဖွဲ့လုံးရှိနေပြီး ဒေသခံပြည်သူတွေကတော့ အဖွဲ့နှစ်ဖွဲ့လုံးရဲ့ အမိန့်ကို လိုက်နာနေရကြောင်း သိရပါတယ်။

တစ်ဖက်မှာ အဲဒီတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ကလည်း အုပ်ချူပ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အချင်းချင်းခိုက်ရန်ဖြစ်ပွားတာတွေ၊ ပြဿနာတွေ ပုံမှန်ဖြစ်ပွားနေတာကြောင့်အရပ်သားပြည်သူတွေအဖက်ဖက်က ခက်ခဲနေကြတာလည်း ဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button