သတင်း

မြစ်ကြီးနား- မန္တလေးလမ်းပိုင်းပိတ်ထားတာ ၂ လဝန်းကျင်ကြာမြင့်လာပြီး ကုန်စျေးနှုန်းဆက်မြင့်တက်

မြစ်ကြီးနားမန္တလေးကားလမ်းပိုင်း စစ်ရေးအခြေနေကြောင့်ပိတ်ထားတာ ၂ လဝန်းကျင်ကြာမြင့်လာတဲ့အတွက် မြစ်ကြီးနားမြို့မှာ ကုန်စျေးနှုန်းဆက်မြင့်တက်နေဆဲပဲလို့ မြစ်ကြီးနားမြို့ခံတွေဆီကနေ သိရပါတယ်။

အင်းတော်မြို့နယ်အတွင်း ဩဂုတ်လ ၁၄ ရက်ကနေ KIA PDF ပူးပေါင်းတပ်နဲ့  စစ်တပ်တို့အကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့်  စစ်ကိုင်းကချင်အစပ် အင်းတော်မြို့နယ်ကားလမ်းပိုင်းပိတ်ထားရာကနေ ဒီကနေ့အထိပြန်မဖွင့်သေးတာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမြစ်ကြီးနားမြို့ပေါ်မှာ အခြေခံစားသောက်ကုန်၊စက်သုံးဆီ၊ လူသုံးကုန်၊ဆောက်လုပ်ရေးသုံးပစ္စည်းနဲ့တစ်ခြားသောကုန်ပစ္စည်းစျေးနှုန်းအဆမတန်မြင့်တက်နေတယ်လို့ မြစ်ကြီးနားမြို့ရမ်ပူရပ်ကွက်နေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

မန္တလေးလမ်းပိတ်နေတော့ ဆောက် လုပ်ရေးတွေလည်းအကုန်ရပ်ကုန်တာပါ့ ဆီစျေးဆိုလည်းတစ်လီတာ ၇၀၀၀၊ ၈၀၀၀ ကအခုထိမကျနိုင်သေးဘူး မနေ့ကတော့ခရမ်းချဥ်သီးတောင်တစ်ပိဿ နှစ်သောင်းခွဲတဲ့ဗျလို့ အသက် ၄၃ နှစ်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

ခုလိုကားလမ်းမကြီးပိတ်ထားတဲ့အတွက် လတ်တလော အင်းတော်မြို့ပတ်လမ်းကနေ ကားအသေးနဲ့ခက်ခက်ခဲခဲသယ်ယူနေရပြီး လမ်းပိုင်းအခက်ခဲ၊အခွန်အခ၊ တန်ဆာခအမျိုးမျိုးပေးဆောင်ရတာကြောင့် ကုန်စျေးနှုန်းမြင့်တက်နေတာလို့ မြစ်ကြီးနားမန္တလေးကားလမ်းပိုင်းမှာမောင်းနှင်နေတဲ့ကားသမားတစ်ဦးက ပြောပါတယ်။

မန္တလေး မြစ်ကြီးနားကားလမ်းပိုင်းတစ်ခုလုံးပိတ်ထားတာမဟုတ်ဘူးဗျ။ အင်းတော်မှာပဲပိတ်ထားတာ အဲ့ကြောင့်အင်းတော်မြို့ကိုပတ်ပြီး ကွင်းလမ်းကနေသွားရတာ အဲ့ပတ်လမ်းကလည်းဆိုးတယ်ဗွတ်ထူတယ်ဗွတ်တန်းကအရှည်ကြီးအဲ့ဗွတ်တန်းမှာ ကားတွေကိုဆင်နဲ့တောက်လျှောက် ဆွဲရတာတစ်စီးကိုခြောက်သောင်းပေးရတယ်။ တန်ဆာခနဲ့ဆင်ဆွဲခနဲ့ဆိုတော့ကုန်စျေးတွေကတက်တာပေါ့လို့အထက်ဖော်ပြပါကားသမားတစ်ဦးကပြောပါတယ်။

လက်ရှိသွားလာခွင့်ပြုထားတဲ့ အင်းတော်မြို့ပတ်လမ်းကနေ ကုန်စည်တစ်ချို့နဲ့ ခရီးသည်တွေက်ို ကားသေးနဲ့သာခွင့်ပြုပေးပြီး လမ်းပိုင်းပျက်စီးလွန်းတာကြောင့် ကားကြီးတွေဖြတ်သန်းခွင့်မပေးဘူးလို့ ကားသမားတွေကဆိုပါတယ်။

အခုလိုစားသောက်ကုန်နဲ့စက်သုံးဆီတွေကို ဖြတ်လမ်းကနေခက်ခက်ခဲခဲတင်နေရတာကြောင့် မြစ်ကြီးနားမြို့ပေါ်မှာ ကြက်သွန်နီတစ်ပိဿကျပ် ၆၀၀၀ (ခြောက်ထောင်) ကနေ ကျပ် ၁၅၀၀၀ (တစ်သောင်းခွဲ) ၊ ခရမ်းချဥ်သီးတစ်ပိသာ ကျပ် ၈၀၀၀ (ရှစ်ထောင်) ကနေ ကျပ် ၂၅၀၀၀( နှစ်သောင်းခွဲ)၊ ဓာတ်ဆီတစ်လီတာ ကျပ် ၄၅၀၀ (လေးထောင့်ငါးရာ)ကနေ ကျပ် ၈၀၀၀ (ရှစ်ထောင်)၊ ဘိလပ်မြေတစ်အိတ် ကျပ် ၃၀၀၀၀ (သုံးသောင်း) ကနေ ကျပ် ၇၀၀၀၀( ခုနှစ်သောင်း) စသဖြင့်မြင့်တက်နေပြီးတစ်ခြားသောကုန်စည်တွေလည်းအလားတူမြင့်တက်နေတယ်လို့သိရပါတယ်။

ကျနော်တို့ တို့ပန်းရံသမားတွေလည်းပန်းရံမလိုက်ရတာကြာပေါ့ ဘိလပ်မြေစျေးကြီးတော့ဘယ်သူမှဒီချိန်ကြီးမှာ အိမ်မဆောက်ကြဘူးဆောက်လက်စတွေလည်းအကုန်နားထားရတာ။ တရုတ်ကနေတော့တစ်အိတ် ငါးသောင်းခွဲနဲ့ဝင်တယ်တရုတ်ဘိလပ်မြေကမကောင်းတော့မသုံးကြဘူးနားနေရတာဗျလို့ ရွှေစက်ရပ်ကွက်နေပန်းရံသမားတစ်ဦးကပြောပါတယ်။

မန္တလေးမြစ်ကြီးနားမိန်းလမ်းမကြီးပိတ်ထားပေမယ့် အင်းတော်မြို့ရှောင်လမ်းကနေ ကုန်စည်တွေအဝင်ပုံမှန်ရှိသော်လည်း လမ်းပိုင်းခက်ခဲ၊ စစ်ဆေးရေးဂိတ်တွေမှာ အကောက်အခွန်တွေ အရင်ကထက်ပိုပေးရတာတွေအပြင် စစ်ရေးအခြေအနေအမျိုးမျိုးကြောင့် ကုန်ကားတွေ တစ်ကြိမ်ရောက်ဖို့ တစ်ပတ်ခန့်ကြာတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ထဲကို ကံပိုင်တည်လမ်းကြောင်းကနေ ကုန်ကားအဝင်ရှိပေမယ့် တရုတ်ငွေစျေးတက်ကြောင့် ကုန်းကျေးနှုန်းဟာ အင်းတော်မြို့ပတ်လမ်းကနေဝင််တဲ့စျေးနှုန်းနဲ့အလားတူပဲလို့သိရပါတယ်။

အင်းတော်မြို့နယ်ထဲမှာ KIA၊အင်းတော်PDF ABSDF တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဩဂုတ်လကတည်းက တိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲ ၂ လဝန်းကျင်ကြာလာချိန် KIA ပူးပေါင်းတပ်က အင်းတော်မြို့ရဲစခန်းကိုသာသိမ်းပိုက်ထားပြီး မြို့တွင်းအထိုင်တပ်နဲ့ မြို့ပြင်( ဒေသအခေါ်)  ဂျပန်လိုင်ဂူထဲမှာစစ်ကောင်စီတပ်သားတွေကျန်ရှိနေသေးတာကြောင့် စစ်ရေးအခြေအနေအရ မြစ်ကြီးနားမန္တလေးလမ်းကိုနှစ်ဖက်အဖွဲ့အစည်းက ပိတ်ထားတာလို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button