သတင်း

၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ နမ့်အွမ်ရွာသား ၂ ဦးသေဆုံး

ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ကျေးရွာ နေအိမ်တစ်အိမ်မှာ ၆၀ မမ လက်နက်ကြီးပေါက်ကွဲလို့ အမျိုးသား ၂ ဦးသေဆုံးပြီး ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင် နမ့်အွမ်ကျေးရွာအနီး မပေါက်ကွဲသေးတဲ့ ၆၀ မမလက်နက်ကြီး ယူဆောင်လာတဲ့အမျိုးသားနဲ့ လက်နက်အရောင်းအဝယ်လုပ်တဲ့အမျိုးသားနှစ်ဦး နေအိမ်အတူရှိနေချိန် လက်နက်ကြီးပေါက်ကွဲတာဖြစ်တယ်လို့ နမ့်အွမ်ဒေသခံတစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

အခုဆုံးသွားတဲ့ ဦးကွမ့်ဂျာရှောင်က လက်နက်ပစ္စည်း အရောင်းအဝယ်လုပ်တာဟုတ်တယ် ဆိုတော့ သူ့အိမ်ကို ခိုမုန်းရွာကတအာင်းအမျိုးသားတစ်ဦးက ၆၀ မမ လက်နက်ယူလာတယ်။ ဘယ်ကနေ ယူလာတယ်တော့ မသိဘူး။ အဲဒီလက်နက်ကို ကိုင်ရင်းပြုတ်ကျတာလား ဘယ်လိုကြောင့်ပေါက်ကွဲလဲဆိုတာတော့ ကျနော်တို့ မတွေ့လိုက်နိုင်လို့မသိရဘူး။ အဲဒါ ပေါက်ကွဲလို့ ၂ ယောက်လုံး အသက်ဆုံးသွားတာဖြစ်တယ်လို့ ပြောပါတယ်။

လက်နက်ကြီးပေါက်ကွဲလို့ သေဆုံးသွားသူ ၂ ဦးစလုံးဟာ သာမန်အရပ်သားတွေလို့သိရပြီး နေအိမ်မှာရှိနေတဲ့ နောက်ထပ် ကလေးငယ်တစ်ဦးလည်း နဖူးမှာ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆက်လက်သိရပါတယ်။

ရွာမှာ တော်လှန်ရေးလက်နက်ကိုင်တွေထိန်းချူပ်ပြီးနောက် ဒီလိုဖြစ်တာကတော့ ဒီတစ်ကြိမ်ပထမဆုံးပေါ့။ အရင်က ဒီလို မိုင်းနင်းမိတာ၊ကိုင်ဆော့ပြီး ပေါက်ကွဲတာတွေကတော့ အခြားရွာတွေမှာတော့ ရှိတယ်။အခုချိန်က ဒီဘက်ကသူတွေ မိုင်းအကြောင်း၊ လက်နက်ကျန်တွေအကြောင်း သိရှိသူတွေတော့ တော်တော်များနေပါပြီ။ သတိထားကြတာလည်းရှိတယ်လို့ နမ့်အွမ်ဒေသခံက ဆက်ပြောပါတယ်။

နမ့်ဖတ်ကာကျေးရွာအနီး နမ့်အွမ်ကျေးရွာဟာ လက်ရှိကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချူပ်နေတဲ့ နေရာတွေဖြစ်ပါတယ်။

ကွတ်ခိုင်မူဆယ်သွားလမ်းပေါ်ရှိ နမ့်အွမ်ကျေးရွာမှာ လူဦးရေ စုစုပေါင်း ၄ ထောင်ကျော် ရှိပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button