မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

ဖီမော်မြို့ နယ်စပ်ဂိတ်ဆက်လက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူနဲ့ သံသတ္တုလုပ်ငန်းဆက်လည်ပတ်နေ

ကချင်ပြည်နယ်တွင်း KIA ထိန်းချုပ်မှုအောက်မှာရှိတဲ့ တရုတ်နယ်စပ်ဂိတ်အားလုံးပိတ်လိုက်ပေမယ့်  ကချင်အထူးဒေသ  ထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့ ဖီမော်မြို့ နယ်စပ်ဂိတ်ဆက်ဖွင့်ထားပြီး တရုတ်လုပ်ငန်းရှင်တွေရဲ့ ကျောက်ဖြူ၊ သံသတ္တုလုပ်ငန်းဆက်လည်ပတ်နေတယ်လို့ ဖီမော်မြို့ဒေသခံတွေ ပြောပါတယ်။

KIA ထိန်းချုပ်မှုအောက် တရုတ်မြန်မာနယ်စပ်ဂိတ် KIO ဌာနချုပ် လိုင်ဇာမြို့နယ်စပ်ဂိတ်၊ လွယ်ဂျယ်နယ်စပ်ဂိတ်၊ ပြီးခဲ့တဲ့ ရက်ပိုင်းသိမ်းပိုက်ထားတဲ့ ပန်ဝါမြို့နယ်စပ်ဂိတ်ရှိပြီး ကချင်အထူးဒေသ  အောက်မှာ ကံပိုင်တည်၊ ဖီမော်နယ်စပ်ဂိတ်၊ အမှတ်  နယ်စပ်ဂိတ်၊ ကမ့်ဖန့်နယ်စပ်ဂိတ်ရှိပါတယ်။

အဲဒီထဲက KIA ထိန်းချုပ်မှုအောက်ရှိ လိုင်ဇာ၊လွယ်ဂျယ်၊ပန်ဝါ ဂိတ်အားလုံးကို တရုတ်ဘက်က အောက်တိုဘာလ ၁၈ ရက်ညကစပြီး ပိတ်လိုက်သလို ကချင်အထူးဒေသ  အောက်မှာရှိနေသေးတဲ့  ကံပိုင်တည်မြို့နယ်စပ်ဂိတ်ကိုလည်း ပိတ်ထားပြီး ကမ်းဖန့်ဂိတ်နဲ့အမှတ်  နယ်စပ်ဂိတ်ကို ၂၀၂၂ ခုနှစ် ကိုဗစ်ကာလကတည်းက ပိတ်ထားတာဖြစ်ပါတယ်။ 

သို့သော် ဖီမော်မြို့နယ်စပ်ဂိတ်ကိုတော့ ပိတ်ထားတာမျိုးမရှိဘဲ တရုတ်လုပ်ငန်းရှင်တွေရဲ့ကျောက်ဖြူတူးဖော်ရေးလုပ်ငန်းတွေ ဆက်လည်ပတ်နေဆဲဖြစ်တယ်လို့ ဖီမော်ဒေသခံအမျိုးသားတစ်ဦး  KNG ကိုပြောပါတယ်။

“ ဖီမော်နယ်စပ်ဂိတ်ကတော့ဖွင့်ပါတယ်။ ဒီမှာတော့ ပစ္စည်းပုံမှန်ယူနေကြတယ်။ ပန်ဝါဘက်ကပိတ်သွားပေမဲ့ ဒီမှာတော့ပုံမှန်အတိုင်းပဲ။ ဖီမော်မှာက ကျောက်ဖြူနဲ့ သံသတ္တုလုပ်ငန်းတွေရှိတယ်။ ဒါတွေလည်း ဆက်လုပ်နေတုန်းပဲ” လို့ ပြောပါတယ်။

ကချင်အထူးဒေသ  ထဲမှာရှိနေသေးတဲ့ ဖီမော်နယ်စပ်ဂိတ်၊ ကမ့်ဖန်နယ်စပ်ဂိတ်၊ အမှတ်  နယ်စပ်ဂိတ်၊ KIAသိမ်းပိုက်လိုက်တဲ့ ပန်ဝါနယ်စပ်ဂိတ်တွေဟာ နယ်စပ်တစ်လျှောက်နေထိုင်တဲ့ ပြည်သူတွေလိုအပ်တဲ့ စက်သုံးဆီ၊ အခြေခံစားသောက်ကုန်ပစ္စည်းတစ်ချို့အပါအဝင်၊  တွင်းထွက်လုပ်ငန်းတွေမှာအသုံးပြုတဲ့ ခဲ၊ယမ်းတွေကို အဓိကတင်သွင်းတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီဂိတ်တွေမှာ ၂၀၂၀ ကိုဗစ်ကူးစက်ရောဂါဖြစ်ချိန်ကစလို့ တရုတ်နိုင်ငံထဲကိုတော့ မြန်မာနိုင်ငံသားတွေကို ဒီနေ့အထိပေးမဝင်ဘူးလို့ ဒေသခံတွေကပြောပါတယ်။

တရုတ်ပြည်သားတွေတော့ ဒီဂိတ်တွေမှာအဝင်အထွက်လုပ်လို့ရတယ်။ မြန်မာပြည်သားတွေတော့မရဘူး။ ဒီဘက်ကမှာ တရုတ်ကနေဈေးရောင်းတဲ့သူတွေ၊ သံသတ္တုလုပ်တဲ့သူတွေ၊ ကျောက်ဖြူလုပ်ငန်းလုပ်တဲ့ သူတွေတော့ဝင်လာကြတယ်။ မြန်မာပြည်သားတွေကတော့ ကိုဗစ်ပြီးကတည်းကပဲဝင်လို့မရတော့တာလို့ ဒေသခံအမျိုးသားတစ်ဦး ကပြောပါတယ်။

ကချင်အထူးဒေသ  နယ်မြေတစ်ဝှိုက်မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ တောက်လျှောက် အရှိန်မြင့်လာတာနဲ့ အတူ ကံပိုင်တည်နယ်စပ်ဂိတ်မြို့ကိုပါ KIA ပူးပေါင်းတပ်ဘက်က ဆက်လက်သိမ်းပိုက်ဖို့ ဦးတည်နေပြီး တရုတ်ဘက်က ကံပိုင်တည်နယ်စပ်ဂိတ်ကို အောက်တိုဘာ ၁၈ ရက်နေ့မှာပိတ်လိုက်ထားပါတယ်။

တရုတ်နယ်စပ်တစ်လျှောက်မှာရှိတဲ့ မြို့တွေကို KIA မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာနဲ့တစ်ပြိုင်နက်ထဲ တရုတ်နိုင်ငံဘက်က KIA ကို ထိုးစစ်ရပ်ဖို့ ဖိအားပေးတာမျိုးလည်း ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ရေးမူကို ခိုင်မာစွာ လက်ကိုင်ထားတယ်လို့ ပြောနေတဲ့ တရုတ်ဟာ လက်တွေ့ကျင့်သုံးခြင်းမရှိဘဲ ပြည်တွင်းရေးကိုပေါ်ပေါ်တင်တင်ဝင်စွက်ဖက်နေတယ်လို့  နိုင်ငံရေးသုံးသပ်သူတွေပြောပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၄ ရက်နေ့ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်ထဲမှာလည်း မြန်မာနိုင်ငံရဲ့ပြည်တွင်းရေး ဝင်ရောက်မစွက်ရေးမူကို ခိုင်မာစွာ လက်ကိုင်ထားတယ်လို့ထပ်လောင်း ပြောဆိုထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button