ခေါင်လန်ဖူး – ပူတာအိုကြား ဆိုင်ကယ်ကယ်ရီခ ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးရ
ကချင်ပြည်နယ် ပူတာအို – ခေါင်လန်ဖူး ကားလမ်းပိုင်းပျက်စီးနေတာကြောင့် ဆိုင်ကယ်ကယ်ရီငှားရမ်းခတစ်စီးကို ကျပ် ၁၀ သိန်းဝန်းကျင်အထိပေးနေရကြောင်း ဒေသခံများထံမှ သိရပါတယ်။
ယခုနှစ် ဇွန်လ လဆန်းပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ခေါင်လန်ဖူး – ပူတာအိုကားလမ်းပိုင်းနေရာအတော်များများမှာ လမ်းမြေပြိုတာ၊ တောင်ပြိုတာတွေကြောင့် လက်ရှိအချိန်အထိကားသွားလာလို့မရသေးပဲ ဆိုင်ကယ်နဲ့သာသွားလာနေရတာဖြစ်ပါတယ်။
ဒါကြောင့်ဆိုင်ကယ်ကယ်ရီခ ဈေးတက်နေတာလို့ ခေါင်လန်ဖူးမြို့ခံအသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ကားကအခုချိန်ထိသွားလို့မရသေးဘူးဗျ။ ဆိုင်ကယ်ကတော့သွားလာလို့ရတယ်။ ခရီးသည်တွေလည်းဆိုင်ကယ်ကယ်ရီပဲငှားကြတယ်။ လမ်းကအရမ်းဆိုးတယ်လေး ကယ်ရီသမားတွေလည်းအသက်စွန့်မောင်းရတာ။ တစ်စီးကိုဆယ့်တစ်သိန်းအထိပေးရတယ် တစ်ယောက်တစ်လေက တော့ ဆယ့်တစ်သိန်းကျော်ကျော်တောင်းတယ်လမ်းဆိုးလို့အဓိကအကြောင်းရင်းက”လို့ပြောပါတယ်။
အခုလို ဆိုင်ကယ်ကယ်ရီခစျေးကြီးရခြင်းဟာ စက်သုံးဆီစျေးကြီးတာ၊ လမ်းပိုင်းကြမ်းတမ်းတဲ့အတွက် လူပင်ပန်းတာ၊ ခရီးသည် တစ်ကြိမ်ပို့ပြီးတိုင်း ဆိုင်ကယ်အထိနာတဲ့အတွက် ပြန်လည်ပြုပြင်ရာမှာ ဒေသတွင်း ကုန်ကျစရိတ်ကြီးတာ စတာတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။
“ဓာတ်ဆီစျေးကြီးတာကတစ်ကြောင်းပေါ့။ လမ်းဆိုးတော့ဆိုင်ကယ်အရမ်းရုန်းရတယ်လေး။ ပုံမှန်လမ်းကောင်းတဲ့ခါဆို ဥပမာ ဓာတ်ဆီတစ်ဂါလံနဲ့ရောက်ရင်အခုက နှစ်ဂါလံနီးနီးမှရောက်မှာ ပြီးရင် ခရီးသည်တစ်ခါပို့ပြီးရင်ဆိုင်ကယ်တစ်ခါပြင်ရတယ်။ ဆိုင်ကယ်ပြင်ရင်တစ်ခါတစ်ခါပြင်ရင် နှစ်သိန်းသုံးသိန်းအနည်းဆုံးကုန်တယ် ချိန်းစပေါ့ကတ်(Chain Sprocket) လေးလှဲရင်တောင်အရင်က တစ်သောင်းနှစ်သောင်းပဲ အခုတစ်သိန်းကျော်တယ်ဒီမှာက”လို့ နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးဆက်ပြောပါတယ်။
ဒီဆိုင်ကယ် ကယ်ရီခ ၁၀ သိန်းဝန်းကျင်ဟာ ခရီးစဉ်တစ်ကြောင်းစာသာဖြစ်ပြီး အသွားအပြန်ဆိုရင် သိန်း ၂၀ ခန့်ကုန်ကျတယ်လို့ သူကဆက်ပြောပါတယ်။
ဇွန်လ မတိုင်ခင်အထိ ခေါင်လန်းဖူး –ပူတာအိုကြားခရီးသွားပြည်သူတွေဟာ မော်တော်ယာဥ်လိုင်းတွေနဲ့သွားလာကြပေမယ့် လက်ရှိကားသွားလို့မရတာကြောင့် ဆိုင်ကယ် ကယ်ရီကိုပြောင်းလဲအသုံးပြုလာကြတာဖြစ်ပါတယ်။
ခေါင်လန်ဖူး– ပူတာအိုကမ်းလမ်းပိုင်းမှာ ဒီနှစ် မတ်လမှာတစ်ကြိမ် လမ်းပိုင်းမြေပြိုမှုဖြစ်ခဲ့ပြီး ဒေသခံတွေပြန်လည်ပြုပြင်ခဲ့ပေမယ့် ယင်းနေရာမှာထပ်ပြိုခဲ့တာကြောင့် မိုးရာသီကုန်မှသာ ပြုပြင်နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။
ကားလမ်းပြိုတဲ့နေရာဟာ ပူတာအို–ခေါင်လန်ဖူး လမ်းရှိ ရီဒမ်းဂိတ်တစ်လျှောက်အဆိုးဆုံးလို့သိရပြီး တစ်လမ်းလုံးနီးပါးပြိုထားတာကြောင့်ပြန်လည်ပြုပြင်ဖို့ အခုလိုကြန့်ကြာနေတာလို့သိရပါတယ်။
“လမ်းကအဆိုးဆုံးဖြစ်သွားလို့တဲ့ လမ်းမှာဆိုင်ကယ်မရတဲ့နေရာတွေအရမ်းများတယ်ပြောတယ် ဆိုင်ကယ်ဘီးဖြုတ်ပြီးမရတဲ့နေရာတောင်ရှိတယ်တဲ့”လို့ ပူတာအို ဒေသခံအမျိုးသားတစ်ဦးလည်း ပြောပါတယ်။
ပူတာအို –ခေါင်လန်းဖူး ကားလမ်းပိုင်းဟာမြေသားလမ်းဖြစ်တာကြောင့် ပုံမှန်အချိန်တွေမှာလည်း ခက်ခက်ခဲခဲသွားလာနေရတဲ့လမ်းပိုင်းဖြစ်ပါတယ်။
ခေါင်လန်းဖူးနဲ့အလားတူ နောင်မွန်မြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ဇွန်လပိုင်းက မိုးရွာသွန်းမှုကြောင့်ကျေးရွာချင်းဆက်တံတားကြီး ၅ စင်းနဲ့လမ်းပိုင်းအများအပြားပျက်စီးခဲ့ပြီးတချို့နေရာတွေမှာဒီကနေ့အထိအသွားအလာခက်ခဲနေဆဲလို့သိရပါတယ်။
By – Zaw Zaw



