တိုက်ပွဲသတင်း

ဗန်းမော်မှာ တင့်ကားတပ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နှစ်ခု လက်လွတ်လိုက်ရတယ်လို့ KIO အတည်ပြု

ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ တင့်ကားတပ် အမှတ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နေရာတွေကို ပြန်လည် လက်လွတ်လိုက်ရတယ်လို့ KIO အတည်ပြုပါတယ်။

ဗန်းမော်နဲ့ ပတ်သက်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင်လောက်မှာ တင့်ကားတပ်နဲ့ ခလရ ၂၃၆ ကို စစ်တပ်က ပြန်ရသွားတဲ့ အခြေအနေက မှန်ပါတယ်။ တခြားနေရာတွေမှာက ကျနော်တို့ဘက်က ဆက်ရှိနေပြီးတော့ တိုက်ပွဲတွေက ဆက်ဖြစ်နေပါသေးတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုအတည်ပြုပါတယ်။

ဗန်းမော်မှာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ဗန်းမော်ကို စစ်သင်္ဘောတွေ အစီး ၂၀ ကျော်ဝင်ရောက်သွားတဲ့နောက်ပိုင်း စစ်တပ်ရဲ့ ထိုးစစ်ကြောင့် ဩဂုတ်လထဲကနေ ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

၂၀၂၅ နှစ်ဆန်းပိုင်းအတွင်းကနေ သိမ်းပိုက်ရရှိထားပြီဖြစ်တဲ့ နေရာတစ်ချို့ကို ပြန်လည်လက်လွတ်လာရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောပါတယ်။

အဓိကတော့ သူတို့ရဲ့ စစ်သင်္ဘောတွေ ရောက်လာကတည်းက သင်္ဘောမှာ လက်နက်ကြီးတွေ၊ ဒရုန်တွေအများအပြားတင်လာတယ်။ ပြီးရင် စစ်အင်အားတွေလည်း ပြန်တိုးလာတဲ့အတွက် လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့ ပြင်းပြင်းထန်ထန် ကြိုးစားနေလို့ နေရာတစ်ချို့ကို ပြန်လက်လွတ်လိုက်ရတဲ့အခြေအနေဖြစ်လာတယ်လို့ပြောပါတယ်။

လက်ရှိ လက်လွတ်လိုက်ရတဲ့ တင့်ကားတပ် အမှတ် (၅၀၁၄) နဲ့ ခလရ ၂၃၆ တပ်နှစ်နေရာဟာ KIA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စကခ (၂၁) နေရာကို အဓိကထိန်းချုပ်ထားတဲ့ တပ်ရင်းနှစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်နေတဲ့  စကခ (၂၁) တပ်နေရာကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ ခက်ခဲလာနိုင်တယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေက သုံးသပ်လာကြပါတယ်။

KIA ဘက်ကနေ အမှတ် (၅၀၁၄)တင့်ကားတပ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ ၂၃၆ တပ်ရင်းကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဗန်းမော်မှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ တပ်ဌာနချုပ်များ၊ တပ်စခန်းများနဲ့ ရပ်ကွက်ကျေးရွာတစ်ချို့ကို စစ်တပ်ဘက်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်းလည်း စစ်တပ်ထောက်ခံတဲ့ သတင်းမီဒီယာတွေမှာ ပုံနဲ့တကွရေးသားဖော်ပြနေတာကို မြင်တွေ့ရပါတယ်။

ဗန်းမော်တိုက်ပွဲရဲ့ စစ်ရေးအခြေအနေဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်သင်္ဘောတွေ ဗန်းမော်ကို မရောက်ခင်အထိ စစ်ရှုံးခဲ့တဲ့အပြင် တပ်နေရာအများပိုင်းကိုလည်း KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်ရဲ့ စစ်အင်အားအပါ စစ်လက်နက်၊ စစ်ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်သင်္ဘောတွေ ဩဂုတ်လဆန်းပိုင်း ဗန်းမော်ကို ရောက်ရှိသွားပြီးနောက် စစ်တပ်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိမှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတစ်ချို့ကို ပြန်လည် လက်လွတ်လိုက်ရတဲ့ အခြေအနေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button