ဖမ်းဆီးခံရမှုသတင်း

ဖမ်းဆီးခံရတဲ့ ကသာမြို့ခံ ၃ ဦး စစ်သင်္ဘောကနေ ထွက်ပြေးလွတ်မြောက်

စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့နယ်မှာ စစ်ကောင်စီတပ်က မြို့ခံအမျိုးသား ၃ ဦးကိုဖမ်းဆီးသွားပြီးနောက် စစ်သင်္ဘောနဲ့အတူ ခေါ်ဆောင်သွားချိန် သင်္ဘောပေါ် ကနေ ခုန်ချလွတ်မြောက်သွားတဲ့ဖြစ်စဥ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၇ ရက်နေ့ စစ်တပ်ရဲ့ စစ်သင်္ဘောများ ကသာမြို့နယ် သံပုရာရွာဆိပ်ကမ်းရောက်ချိန် အဆိုပါအမျိုးသား ၃ ဦးက ဧရာဝတီမြစ်ထဲခုန်ချလွတ်မြောက်သွားတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သင်္ဘောစုန်ခဲ့တော့ ကသာမှာဆွဲခံခဲ့ရတဲ့ သံပုရာရွာမှာခုန်ချနေခဲ့တာ။ သံပုရာရှေ့မှာကပ်ထားတော့ ညကိုထွက်ပြေးပြီးတော့မှ တော်လှန်ရေးတပ်တွေဆီခိုလှုံနေတယ်လို့ကြားရတယ်။အသက်အရွယ်တော့မသိဘူးလို့စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့နဲ့ ၂၂ ရက်နေ့တွေမှာ မန္တလေးဂေါဝန်ဆိပ်ကမ်းကနေကချင်ပြည်နယ် ဗန်းမော်မြို့ အထိမြစ်ကြောင်းတစ်လျှောက်က စစ်ကောင်စီတပ်ရင်း၊တပ်ဖွဲ့တွေဆီ ရိက္ခာ၊ဆေးဝါး၊လူအင်အားအပါအဝင် လက်နက်ခဲယမ်းတွေကို စစ်သင်္ဘောနဲ့သံခွန်သင်္ဘောအစီး ၂၀ ကျော်နဲ့ နှစ်သုတ်ခွဲပြီးတင်ပို့ခဲ့တာပါ။

စက်တင်ဘာလ ၅ ရက်နေ့မှာတော့ အဆိုပါစစ်သင်္ဘောအုပ်စုဟာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဗန်းမော်မြို့ကနေမန္တလေးမြို့ဆီ ပြန်လည်စုန်ဆင်းလာပြီး စက်တင်ဘာလ ၉ ရက်နေ့မှာ မန္တလေးမြို့နယ်ထဲရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

အဆိုပါ အမျိုးသား ၃ ဦးစစ်သင်္ဘောပေါ်ကနေ ခုန်ချလွတ်မြောက်လာတာနဲ့ပတ်သက်လို့ ကသာမြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးကလည်း ဒီသတင်းဟာမှန်ကန်ကြောင်းအခုလို KNG ကိုအတည်ပြုပါတယ်။

ပေါ်တာဆွဲခံရတာတော့မဟုတ်ဘူး။ မသင်္ကာလို့ဆွဲသွားတာဟုတ်တယ်။ ၃၀၉ ထဲမှာဘဲ ထောင်ထဲလည်းမထည့်ဘဲနဲ့ အခုကျ တော့သင်္ဘောနဲ့ထည့်တာပေါ့ သူတို့က အောက်ဘက်မှာသင်တန်းယူရမယ့်သဘောရှိတယ်။ အတူတူဖမ်းခံထိကြတာ ဘော်ဒါသုံးယောက်ပေါ့လို့ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်သင်္ဘောများစုန်ဆင်းချိန်မှာ Y12၊ ဂျက်ဖိုက်တာ၊ Mi 35 စတဲ့လေယာဥ်အမျိုးအစားတွေကိုအသုံးပြု ကင်းထောက်စေပြီး မြစ်ကမ်းနဘေးတစ်လျှောက်ကျေးရွာတွေကို ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။

စစ်သင်္ဘောအုပ်စု သူတို့ဦးတည်တဲ့မန္တလေးတိုင်းကိုရောက်သွားချိန် KNG က ပြုစုထားတဲ့စာရင်းတွေအရ စစ်သင်္ဘောများ ဗန်းမော်မြို့ဆီဦးတည်ဆန်တက်ချိန်တွင် အရပ်သား ၃၁ဦးသေဆုံးခဲ့ရပြီး စစ်သင်္ဘောများမန္တလေးမြို့ဆီ ပြန်စုန်ဆင်းချိန်မှာတော့အရပ်သား ၁၆ ဦးထပ်မံသေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားနေအိမ်များစွာပျက်ဆီးခဲ့ရပြီး ဘာသာရေးအဆောက်အဦးတစ်ချို့လည်း ထိခိုက်ပျက်ဆီးမှုတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းစစ်ရေးပြင်းထန်လာတာနဲ့အမျှ ကုန်ကြောင်း၊လေကြောင်းတင်မက ရေကြောင်းကနေပါစစ်ရေးအတွက်အသုံးပြုလာတာဖြစ်ပြီး နှစ်စဥ်ဧရာဝတီမြစ်ကြောင်းအတိုင်းစစ်သင်္ဘောတွေဆန်တက်လေ့ ရှိတာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button