ရွေးကောက်ပွဲဆိုင်ရာသတင်း

ပူတာအိုမှာ PPP ပါတီရွေးကောက်ပွဲအတွက် စတင်ပြင်ဆင်နေ

ကချင်ပြည်နယ် ၊ပူတာအိုမြို့မှာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ပါတီက စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေစပြီးလုပ်ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရပါတယ်။

စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး PPP ပါတီဟာ ပူတာအိုမြို့တွင်း ပါတီအလံထောင်တာ၊ ပါတီရုံးခန်းဖွင့်လှစ်တာတွေစတင်လုပ်ဆောင်နေပြီလို့ ပူတာအိုမြို့ခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ကျန်တဲ့ပါတီကတော့မတွေ့ရသေးဘူး PPP ပါတီကတော့ စနေနေ့မှာ ပါတီအလံစထောင်တယ် ရုံးခန်းလည်းတခါတည်းပဲဖွင့်ထားတယ်လို့ အသက် ၄၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။

PPP ပါတီရဲ့ခရိုင်အဆင့် ရုံးခန်းကို ပူတာအိုမြို့၊ လုံးစွတ်ရပ်ကွက် မြစ်ကြီးနားပူတာအိုကားလမ်းမကြီးဘေးမှာဖွင့်လှစ်ထားပြီး ပါတီအလံကိုလည်း လွှင့်ထူထားကြောင်း သိရပါတယ်။

လောလောဆယ်ထွေထွေထူးထူးကြီး လှုပ်ရှားတာတော့မကြားသေးဘူး သူတို့ပါတီဝင်တွေအတွက် စပြီးစည်းရုံးနေတယ်လို့တော့သိရတယ် ပါတီရုံးလည်းဖွင့်ထားပြီဆိုတော့လို့ ပူတာအိုဒေသခံအမျိုးသားတစ်ဦးပြောပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလကျင်းပမယ့်  စစ်တပ်ရဲ့ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ်တွင်း KIA ထိန်းချုပ်ထားတဲ့ ဆော့်လော်၊ချီဖွေ၊အင်ဂျန်းနယ်နဲ့ ဆွမ်ပရာဘွမ်မြို့နယ်တွေမှာ ပြည်သူ့လွှတ်တော်နေရာအတွက် ရွေးကောက်ပွဲ ကျင်းပသွားမှာမဟုတ်ကြောင်း စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်(UEC)က စက်တင်ဘာ ၁၄ ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီက ယခုရွေးကောက်ပွဲကိုအပိုင်း နှစ်ပိုင်းခွဲကျင်းပသွားမှာဖြစ်ပြီး ပထမအပိုင်း ၁ ကို နယ်မြေတည်ငြိမ်အေးချမ်းတဲ့မြို့နယ်တွေမှာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ကနေစတင်ကျင်းပသွားမယ်လို့ သြဂုတ်လက UEC ကနေ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ ကချင်ပြည်နယ်ထဲက တနိုင်းမြို့နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပူတာအိုမြို့နယ်၊ ခေါင်လန်းဖူးမြို့နယ်၊နောင်မွန်းမြို့နယ်နဲ့ မိုးညှင်းမြို့နယ်တွေပါဝင်မှာဖြစ်ကြောင်းသိရပါတယ်။

ဒေါ်သက်သက်ခိုင်ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ(People’s Pioneer Party) ကို ၂၀၂၉ ခုနှစ်မှာစတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button