လက်နက်ကိုင်တပ်ဖွဲ့တွေကြား ရှင်သန်ဖို့ခက်ခဲလာတဲ့ ဖားကန့်ပြည်သူများ
စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အကြာ ၂၀၂၅ ခုနှစ်၊ မေလကစပြီး တဖန်တိုက်ပွဲပြင်းထန်လာတဲ့ ဖားကန့်ဒေသမှာ နှစ်ဖက်စစ်တပ်က အရပ်သားပြည်သူတွေကို အတင်းအဓမ္မဖမ်းဆီးတဲ့ဖြစ်စဉ်တွေ တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးရွာလာတာကို မြင်တွေ့နေရပါတယ်။
ဖားကန့်ဒေသဟာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြားအလုပ်လာရောက်လုပ်ကိုင်မှီခိုနေကြတဲ့ ဒေသတစ်ခုဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဒေသရဲ့၇၀ ရာခိုင်နှုန်းကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်ခဲ့တာ ခုဆိုရင် တစ်နှစ်ကျော်ကြာလာပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ၂၀၂၅ ခုနှစ် ပြီးခဲ့တဲ့ မေလဆန်းပိုင်းစပြီး စစ်တပ်က တန်ပြန်ထိုးစစ်ဆင်ဖော်ဆောင်လာတာကြောင့် စစ်ရေးပြင်းထန်နေတာ ၆ လကျော်ခန့် ကြာမြင့်လာပါတယ်။
စစ်ရေးပြင်းထန်နေတာနဲ့အတူ စစ်ဘေးသင့်နေတဲ့ ဖားကန့်ဒေသမှာ လက်နက်ကိုင်တပ်ဖွဲ့တွေက ပြည်သူပေါ်ဆွဲဖမ်းဆီးတာတွေ၊ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းဖမ်းဆီးတာတွေကြောင့်ပြည်သူတွေမှာ နေ့စဉ်သွားလာရှင်သန်ဖို့ခက်ခဲလာတဲ့အထိ ကြုံတွေ့နေရတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။
စစ်တပ်ဘက်ကနေပြီး စစ်ရေးပစ်မှတ်သွားလိုတဲ့ နေရာတွေကို ထိုးစစ်ဆင်တဲ့အခါ အရပ်သားပြည်သူတွေကို စစ်ကြောင်းထဲသွားစေခိုင်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်နေသလို တစ်ဖက်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA ကလည်း လုပ်ငန်းခွင်အထိ တပ်သားစုဆောင်းတာတွေ ပေါ်ပေါ်တင်တင်လုပ်ဆောင်နေပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အချိန်၊ နေရာမရွေးဖမ်းဆီးမှုတွေကြောင့် ရွာအချင်းဆင့်ကူးသွားလာဖို့ ခက်ခဲသွားတဲ့အခြေအနေကြုံတွေ့နေရတယ်လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“ရွာချင်း နီးနီးနားနားသွားဖို့တောင် ခက်လာတယ်။ ဆိုင်းတောင်ကနေ ဖားကန့်မြို့ထဲထိ သွားမယ်ဆိုရင် ကားတွေစီးမှပဲသွားကြတော့တယ်။ ဆိုင်တောင်ရွာထဲမှာဆိုရင်တောင် ရွာပြင်တို့လိုသွားမယ်ဆိုရင် ဘယ်သူမှ ဆိုင်ကယ်နဲ့ မသွားရဲကြတော့ဘူး။ အထူးသဖြင့် ငယ်ရွယ်တဲ့ အမျိုးသား၊ အမျိုးသမီးအကုန်ဆွဲနေကြတယ်။ အဲ့ကြောင့်တစ်နေရာကို သွားမယ်ဆိုရင် အစုလိုက်အပြုံလိုက်သွားလာကြတယ်။ အခုဆိုရင် လူသွား လူလာတောင် တော်တော်လေးကျဲသွားပြီ”လို့ပြောပါတယ်။
လက်ရှိ ဆိုင်းတောင်ကျေးရွာအုပ်စုထဲမှာ ဖမ်းဆီးခံရတဲ့ဖြစ်စဉ်တွေအများဆုံးဖြစ်နေပြီးတော့ စစ်ရေးကြောင့်အပြင် ဖမ်းဆီးမှုများတာကြောင့် လမ်းမကြီးပေါ်မှာ သွားလာတဲ့လူမရှိတော့တဲ့အထိ ရွာတွေတိတ်ဆိတ်သွားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်း ၅ နာရီလောက်မှာ ဖားကန့် ဆိုင်းတောင်(ဆိပ်မူ) ကျေးရွာအုပ်စု ကျောက်စိမ်းလုပ်ကွက်တစ်ခုမှာ KIA နဲ့ PDF တပ်ဖွဲ့တွေ အိမ်စီးကား ၄ စီးနဲ့ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားရင်း အမျိုးသားတစ်ဦး အသက်သေဆုံးခဲ့ရပါတယ်။
အဲဒီအသက်သေဆုံးသွားတဲ့အမျိုးသားဟာ အသက် ၂၇ နှစ်အရွယ် နမ့်မှော်ကျေးရွာနေထိုင်သူ ကိုမျိုးလှိုင်ဝင်းဆိုသူဖြစ်ပြီးတော့ တပ်သားစုဆောင်းခံရမှာစိုးရိမ်ပြီး ကုန်းပေါ်ဘက်ကို ခုန်ပြေးရင်းနဲ့ ကမ်းပါးပေါ်က ပြုတ်ကျကာ အသက်သေဆုံးမှုဖြစ်ခဲ့ရပါတယ်။
အဲဒီတစ်ရက်တည်းမှာပဲ ညနေပိုင်း ၆ နာရီလောက်မှာ ဆိပ်မူကျေးရွာအုပ်စု ကောင်စံနဲ့ တောင်းကော့ရွာ နှစ်ခုကြားမှာ KIA က ကား ၄ စီးနဲ့ ထပ်မံဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့မှာလည်း နေ့လည် ၂ နာရီဝန်းကျင်ခန့် ဆိုင်းတောင်အုပ်စု မှော်ရှန်ကျေးရွာက ပြည်လုံးချမ်းဘုန်းကြီးကျောင်းထဲ လပြည့်နေ့အတွက် သန့်ရှင်းရေးလုပ်ငန်းလုပ်ကိုင်နေတဲ့ မိန်းကလေးငယ်အပါ ၈ ယောက်ခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ထပ်မံသိရပါတယ်။
ရက်သတ္တပတ်အတွင်းမှာပဲ အသက်မပြည့်သေးတဲ့ အသက် ၁၆၊ ၁၇ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ချို့အပါ လူငယ်၊ လူလတ်ပိုင်းအများအပြား ဖမ်းဆီးခံခဲ့ရတဲ့ဖြစ်စဉ်တွေမှာ အကြမ်းဖက်တဲ့ နည်းလမ်းတွေအသုံးပြုပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လုပ်ရပ်တွေအပေါ် ဖားကန့်ပြည်သူလူထုတွေ ကန့်ကွက်နေကြပါတယ်။
ဖားကန့်ကချင်ပြည်သူ အမျိုးသားတစ်ဦးက “တပ်သားစုဆောင်းနေတာနဲ့ ပတ်သက်ပြီး KIA ဘက်ကလည်း လုံးဝစည်းကမ်းမရှိဘူးလို့ပြောရမယ်။ အဓိကတော့ အောက်ခြေပိုင်းက လူငယ်တပ်သားတွေပေါ့။ အောက်ခြေမှာ ဘာတာဝန်ယူမှုတာဝန်ခံမှုမရှိဘူး။ တွေ့တဲ့ နေရာမှာ ဖမ်းဆီးရိုက်နက် ကြိုးတုတ်တာတွေ ကြမ်းတမ်းတဲ့ လုပ်ရပ်တွေနဲ့ လုပ်နေတာက အဆင်မပြေဘူး။ အခုက KIA တစ်ခုတည်းဖမ်းနေတာလည်းမဟုတ်ဘူး။ ချင်းသီးသန့်၊ ရခိုင်သီးသန့်နဲ့ စုဆောင်းနေကြတာ။ ဟိုတစ်ရက်ကလည်း ကမ်းပါးရဲ့ အောက်ကြောမှာ ကျောက်တူးနေတာ။ KIA က စက်လှေနဲ့လာပြီးဖမ်းတာ။ အဲ့မှာ တစ်ယောက်က အပေါ်ဘက်ကို ခုန်တက်ပြီး ပြေးတာပြုတ်ကျပြီး ဆုံးသွားတာ”လို့ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အများပိုင်းက လမ်းပေါ် နေရာ၊ ကျောက်စိမ်းလုပ်ကွက်နေရာ၊ ကျောက်ဝိုင်းနေရာ၊ လက်ဖက်ရည်ဆိုင်နဲ့ ဂိမ်းဆိုင်၊ ကျောက်ရှာတဲ့လုပ်ကွက်နေရာတွေမှာသာ အဓိကဖမ်းဆီးခံရသူများတယ်လို့ ဆိုပါတယ်။
ပြည်သူတွေသွားလာလုပ်ကိုင်စားသောက်တဲ့ လုပ်ကွက်နေရာတွေမှာ ပစ်မှတ်ထားဖမ်းဆီးနေတဲ့အတွက်ကြောင့်လည်း နေ့စဉ်ဘဝရပ်တည်ရှင်သန်ဖို့ ခက်ခဲလာကြတယ်လို့ပြောပါတယ်။
လူသစ်စုဆောင်းခံရတဲ့အခါမှာလည်း ထွက်ပြေးလို့မရအောင် လမ်းကြောင်းတွေအရင်ပိတ်ဆို့ထားပြီး ဖမ်းမိတာနဲ့ ကြမ်းတမ်းရိုက်နက်ကာ ကားပေါ်ကို ဆွဲခေါ်တင်သွားတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ဖားကန့်ပြည်သူ အမျိုးသမီးတစ်ဦးလည်း ဆက်ပြောပြပါတယ်။
“ကျမတွေ့တာဆိုရင်ထွက်ပြေးလို့တဲ့ ရိုက်တာ ရိုက်တာဆိုတာ ကလေးကမေ့လှဲသွားတာကြည့်တောင်မကြည့်ရဲဘူး။ အရင်ရိုက်ပြီး သူတို့စီးလာတဲ့ ကာပေါ်ကို ခေါ်တင်သွားတာ။ အဲဒီကလေးတွေက ကားတွေ့တာနဲ့ ထွက်ပြေးတဲ့ပုံပဲ။ ကလေးတွေက ငယ်ငယ်လေးတွေပဲ။ ဖမ်းတာက တော်လှန်ရေးသမားတွေပဲ၊ ပေါ်တာဆွဲတာမဟုတ်ဘူး”လို့ပြောပါတယ်။
ယခုနောက်ပိုင်း လုပ်ငန်းခွင်နေရာတွေအထိ ဝင်ရောက်ဖမ်းဆီးနေတဲ့ လုပ်ရပ်တွေကြောင့် လုပ်ငန်းရှင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြောဆိုကြတာတွေလည်းရှိတယ်လို့ ဆက်သိရပါတယ်။
ဒေသတွင်းစည်းလုံးညီညွှတ်မှုကို အခြေခံသောကြောင့် ကချင်လူမျိုးသာမက ကချင်ပြည်နယ်အတွင်းမှာ နေထိုင်ကြတဲ့ ဗမာ၊ ရခိုင်၊ ချင်း စတဲ့လူမျိုးများကိုလည်း လူသစ်စုဆောင်းနေတာဖြစ်တယ်လို့ KIO ပြောပါတယ်။
တပ်သားစုဆောင်းတဲ့အခါမှာလည်း ငြင်းဆန်တဲ့အခါမှာလည်း ငြင်းဆန်တဲ့သူတွေကို ကြမ်းတမ်းတဲ့ နည်းလမ်းတွေအသုံးပြုပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုပြောပါတယ်။
“KIA ကနေ စစ်မှုထမ်းဖို့အတွက် တပ်သားစုဆောင်းနေတာက ရည်ရွယ်ချက်ရှိပါတယ်။ တစ်ခုက စည်းလုံးညီညွှတ်ဖို့ရယ်။ နောက်ပြီး ငြင်းဆန်တာတွေရှိရင် ကြမ်းတမ်းတဲ့နည်းလမ်းတွေ အသုံးပြုပါတယ်။ ဒါဆိုရင် ဘယ်သူတွေကို ဖမ်းသလဲဆိုရင် များသောအားဖြင့် ပထက ကချင်လူမျိုးတွေက စစ်မှုမထမ်းမနေရ လုပ်နေတာဖြစ်တဲ့အတွက် ခေါ်ပါတယ်။ ပြီးရင် ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ဘယ်လူမျိုးမဆို တော်လှန်ရေးလုပ်ငန်းမှာ ပါဝင်ဖို့ ခေါ်ပါတယ်။ ဒီတော်လှန်ရေးလုပ်ငန်းက အားလုံးမှာတာဝန်ရှိပါတယ်”လို့ပြောပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မေလမတိုင်မှီအထိ KIA နဲ့ PDF အဖွဲ့တွေ တပ်သားစုဆောင်းတာတွေပုံမှန်ရှိနေခဲ့ပေမယ့် စစ်တပ်ရဲ့ ထိုးစစ်ပိုပြီးပြင်းထန်လာတဲ့ ဩဂုတ်၊ စက်တင်ဘာလလောက်ကနေ တပ်သားစုဆောင်းခံရတဲ့သတင်းတွေ ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဒါဟာ KIA နဲ့ PDF အတွက် သိမ်းပိုက်ထားတဲ့ နေရာဒေသတွေကို လက်မလွတ်ရေးအတွက် စစ်အင်အားတိုးချဲ့ပြီး တန်ပြန်ခုခံကာကွယ်နိုင်ဖို့ လက္ခာပြနေပါတယ်။
တစ်ဖက်မှာ စစ်တပ်ကလည်း လက်လွတ်လိုက်ရတဲ့ နေရာတွေကို ပြန်ရဖို့ ၆ လကျော်အတွင်းမှာပဲ စစ်ကြောင်း ၅ ကြိမ်ခန့် နဲ့ စစ်အင်အား တစ်ထောင်ခန့်ကို အင်အားတိုးချဲ့ထားပြီးတော့ စစ်မျက်နှာပြင် သုံး၊ လေးခုနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
တိုက်ပွဲဖော်ဆောင်တဲ့ စစ်မြေပြင်မှာလည်း အရပ်သားပြည်သူတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့်တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ ပြည်သူတွေရဲ့ အသက်ငဲ့ညှာပြီး လက်လွတ်လိုက်ရတဲ့နေရာတစ်ချို့လည်းရှိပါတယ်။
စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရတာကြောင့် အရပ်သားပြည်သူတစ်ချို့ဟာ တိုက်ပွဲအတွင်း အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးလိုက်ရတဲ့ ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလကနေ ဩဂုတ်လအထိ ဖားကန့်ဒေသထဲကို ဝင်ရောက်လာတဲ့ စစ်ကြောင်းတွေက လုံးခင်း၊ မှော်ဆီစာ၊ မော်မောလယန်၊ ရှရော်ခ၊ ဆန်းကြွယ်၊ မှော်တောင်း၊ ကုဋေမှော်၊ မော်ဝမ်းကြီး၊ မှော်ဝမ်းကလေး စတဲ့ ကျေးရွာအသီးသီးမှာ ဝင်ရောက်နေရာယူထားပြီဖြစ်ပါတယ်။
အဲဒီကျေးရွာတွေကို ဝင်ရောက်နေရာယူနိုင်ဖို့ စစ်တပ်က စစ်ကြောင်းတိုင်းမှာ အရပ်သားပြည်သူတွေကို စစ်လက်နက်၊ ရိက္ခာအထမ်းထမ်းခိုင်းပြီး KIA နဲ့ PDF အဖွဲ့တွေရဲ့ တိုက်ခိုက်ခြင်းမခံရအောင် အသုံးချနေတာဖြစ်ပါတယ်။
ဖားကန့်ဒေသမှာ တိုက်ပွဲပြန်ဖြစ်လာတဲ့ ၆ လကျော်အတွင်း စစ်တပ်ရဲ့ လူသားဒိုင်းဖမ်းဆီးခံရပြီး စစ်ကြောင်းထဲသေဆုံးသွားတဲ့သူတွေ၊ လက်နက်ကြီးထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သားပြည်သူ စုစုပေါင်း ၁၀၀ ကျော်အထိရှိလာပြီလို့ ဖားကန့်လူမှုကူညီရေးအသင်းဆီကနေ သိရပါတယ်။
အရပ်သားပြည်သူသေဆုံးမှုမြင့်လာပြီး လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အဖမ်းဆီးတွေကြောင့် ဖားကန့်ပြည်သူတစ်ချို့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကနေ မြစ်ကြီးနားလိုမြို့ပေါ်နေရာဘက်ကို ရွှေ့ပြောင်းနေထိုင်သွားကြတာလည်းသိရှိခဲ့ပါတယ်။
ဒါပေမယ့်ရွှေ့ပြောင်းနေထိုင်ဖို့ ခက်ခဲတဲ့ပြည်သူတွေက ဖားကန့်ဒေသက တိုက်ပွဲမဖြစ်တဲ့ နေရာတွေမှာ ပြောင်းရွှေ့နေထိုင်ကြနေပေမယ့် အခုလိုအဖမ်းဆီးတွေကြား တစ်နေ့ပြီးတစ်နေ့ သွားလာရှင်သန်ဖို့ ခက်ခဲနေကြတဲ့အခြေအနေကို ရင်ဆိုင်ကြုံတွေ့နေကြတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



