သတင်း

ဖားကန့်တိုက်ပွဲ ၅ လအတွင်း စစ်တပ်နဲ့ SNA တပ်သား ၃၀ ကျော် KIA ဖမ်းဆီးရမိ

ဖားကန့်မှာ တိုက်ပွဲဖြစ်တဲ့ ၅ လကျော်အတွင်း တိုက်ပွဲနေရာက ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးရမိထားတဲ့ စစ်တပ်နဲ့ ရှမ်းနီအမျိုးသားများတပ်မတော် ( SNA ) တပ်သားစုစုပေါင်း ၃၀ ကျော်ရှိတယ်လို့ KPDF အဖွဲ့မှသိရပါတယ်။

ဖမ်းဆီးရမိထားတဲ့ ဒီစစ်အင်အား ၃၀ ကျော်ကပြီးခဲ့တဲ့ မေလဆန်းပိုင်းကစပြီး ဖားကန့်မှာ စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်အတွင်း ဖမ်းဆီးရမိသူနဲ့ လက်နက်ချဝင်ရောက်လာတဲ့သူတွေဖြစ်ပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီနေ့ထိစောင့်ရှောက်ထားဆဲဖြစ်တယ်လို့ KPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

အသိစိတ်နဲ့ လက်နက်ချပြီး ထွက်ပြေးလာတဲ့သူတွေလည်းရှိတယ်။ တိုက်ပွဲအတွင်းမှာ ဖမ်းမိတာလည်းပါတယ်။ အခုဖမ်းဆီးထားတဲ့သူတွေကို ဆေးကုသပြီး ကောင်းကောင်းမွန်စောင့်ရှောက်ထားပါတယ်။ တစ်ချို့က ကျန်းမာရေးအခြေအနေကြောင့် နေရာရွှေ့ပြီး စောင့်ရှောက်ထားတာမျိုးလည်းရှိပါတယ်လို့ပြောပါတယ်။

ဖမ်းဆီးရာမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတစ်ချို့

ဖမ်းဆီးရမိထားတဲ့ အယောက် ၃၀ ကျော်ကိုလုံခြုံတဲ့နေရာမှာ ကျန်းမာစောင့်ရှောက်မှုနဲ့အတူ ကောင်းမွန်စွာ ကြည့်ရှု့ပေးထားပြီးတော့ ပြန်လွတ်ပေးဖို့ အခြေအနေအထိတော့ အသေးစိတ်မသိရသေးဘူးလို့ပြောပါတယ်။

ဖားကန့် နမ့်မဖြစ်အုပ်စု မလန်းကျေးရွာတဝိုက် ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်ကျော်အတွင်း ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီ SNA တပ်တွေ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တပ်သားတစ်ချို့ကို လက်နက်ပစ္စည်းနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်တွေလည်းရှိခဲ့တယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေပြောပါတယ်။

တိုက်ပွဲအတွင်း KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီ ခိုလှုံလာတဲ့ စစ်တပ်နဲ့ SNA တပ်တွေရှိကြောင်းလည်း နောက်ထပ် KIA နဲ့ နီးစပ်တဲ့ ဖားကန့်ပြည်သူတစ်ဦးလည်း အခုလိုဆက်ပြောပါတယ်။

၅ လတာမိုးတွင်း မေလကနေ အခုချိန်အထိ စစ်ပွဲအတွင်းမှာ ထွက်ပြေးလာတဲ့ စစ်သုံးပန်းတွေ ခိုလှုံလာတဲ့သူတွေရှိတယ်။ ပြီးရင်တိုက်ပွဲအတွင်းမှာပဲ ဖမ်းဆီးရမိတဲ့သူတွေလည်းရှိတယ်။ တာဝန်ရှိတဲ့ ရဲဘော်တွေအနေနဲ့တော့ ထုတ်ပြန်ခွင့်မရှိဘူးဆိုတော့ ဘယ်သမှသိမ်မသိကြတာလည်းပါတယ်။ ဖမ်းဆီးရမိထားတဲ့ သူတွေကို KIA ကသေချာလေး စောင့်ရှောက်ထားပါတယ်လို့ပြောပါတယ်။

တစ်ဖက်မှာ ကချင်ပြည်နယ်ထဲ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသတစ်ချို့က KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေလည်း စစ်ကောင်စီတပ်ထံ ဝင်ရောက်ခိုလှုံသွားတဲ့ ဖြစ်စဉ်တွေလည်းရှိနေတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ကြေညာတာတွေရှိနေပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့မှာ  ပူတာအိုမြို့နယ်ထဲက KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ ၁၁ ဦး စစ်ကောင်စီတပ်ဆီ ဥပဒေနဲ့အညီ ဝင်ရောက်လာတာရှိတယ်လို့ နိုင်ငံပိုင် သတင်းစာတွေမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီအပေါ်မှာ စစ်တပ်ဘက်ကနေ ပြည်သူလူထုအမြင်မှားအောင် ဇာတ်လမ်းဆင်ပြောဆိုနေတာသာဖြစ်တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူလည်း KNG ကိုဖြေဆိုထားပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့မှာလည်း အင်းတော်ကြီးဒေသက ရှမ်းနီ SNA တပ်သား ၃ ဦး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ဆီ အလင်းဝင်ရောက်လာတယ်လို့ KIA ရှေ့တန်းသတင်းအရင်းအမြစ်တွေဆီကနေ သိရပါတယ်။

အလားတူ တခြားကချင်ပြည်နယ်ထဲက တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာလည်း KIA နဲ့ တော်လှန်တပ်ဖွဲ့ဆီ ဝင်ရောက်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားတွေရှိနေသလို တိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေလည်း မကြာခဏရှိခဲ့ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button