ကချင်ပြည်နယ် ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ရှိန်းခေါင်ဘက်က ပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်ရဲ့ ခံစစ်တပ်စခန်း ၂ ခုကို KIA ဘက်ကထပ်မံတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်ကနေသိရပါတယ်။
တရုတ်နယ်စပ် ရှိန်းခေါင်ဘက်ဦးတည်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေ ထိုးစစ်ဆင်နေရာ အောက်တိုဘာလ ၂၈ ရက်နေ့က စစ်တပ်နဲ့ ပြည်သူ့စစ်စခန်း ၂ ခုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KIA ရှေ့တန်းသတင်းရင်းတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။
“ဟိုတလောက လန်ဟီဆင်ဘက်ကနေ ဆုတ်ခွာသွားတဲ့အဖွဲ့တွေ ခံစစ်ပြန်လုပ်ထားတဲ့ နေရာဖြစ်တယ်။ တစ်ခုက ရှီလာန်ဒမ်းကနေ ဆုတ်သွားတဲ့အဖွဲ့တွေ ပြန်ပြီး ခံစစ်ချထားတဲ့ နေရာဖြစ်တယ်။ ကျေးရွာထဲမှာ တပ်စခန်းချပြီး နေနေကြတာကို ရှင်းလင်းခဲ့တာဟုတ်တယ်” လို့ ရှေ့တန်းက KIA အရာရှိတစ်ဦးက KNG ကို ပြောပါတယ်။
KIA ပူးပေါင်းတပ် ထပ်မံသိမ်းလိုက်တဲ့စခန်း ၂ ခုဟာအောက်တိုဘာလ ၂၇ ရက်နေ့ နမ်ချိန်းရွာ(Nam Ching) မှာ တပ်ချထားတဲ့ စခန်းနဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ Nga Ja La ရွာမှာ တပ်စွဲထားတဲ့စခန်းတွေဖြစ်တယ်လို့ သိရပြီး ဒီစခန်းတွေက လန်ဆယ်အထက် မခေါင်ဒမ်းရွာနဲ့ ရှိန်းခေါင်ကြားရှိတာဖြစ်တယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ပြည်သူ့စစ်နဲ့ စစ်တပ်ရဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိတာတွေလည်း ရှိတယ်လို့ ဆက်လက်သိရပါတယ်။
အောက်တိုဘာလ ၂၉ ဒီနေ့မနက်အထိ အဲဒီကျေးရွာတဝိုက်တွေမှာရှိတဲ့ ပြည်သူ့စစ်နဲ့ စစ်တပ်ပူးပေါင်းတပ်တွေကို လိုက်လံရှင်းလင်းရေးလုပ်နေဆဲဖြစ်ကာ နှစ်ဖက်တပ်တွေ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

အခုတိုက်ပွဲဖြစ်ပွားနေတဲ့နေရာက လန်ဆယ်အထက် ရှိန်းခေါင်ဘက်သွားလမ်း တရုတ်– မြန်မာနယ်စပ် မှတ်တိုင် ( ၃၀ ) ရှကာတီ( Shaka Ti) ဆိုတဲ့ ကျေးရွာတဝိုက်ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက ကျေးရွာတွေထဲ တပ်စွဲပြီး မိုင်းတွေ ထောင်ထားတာတွေရှိတာကြောင့် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မိုင်းရှင်းလင်းရေးတွေလည်း လုပ်ဆောင်နေရတယ်လို့ ပြောပါတယ်။
“သူတို့က ရွာတွေထဲ မိုင်းတွေထောင်ထားတာတွေကြောင့် ရွာတစ်ရွာတိုက်ပြီးတိုင်း မိုင်းရှင်းလင်းရေးတွေအရင်လုပ်ပြီးမှ ရှေ့ပြန်တိုးကြရတယ်။ အခုက ရှန်းခေါင်တော့မရောက်သေးဘူး။ နည်းနည်းဝေးသေးတယ်။ အခုထိုးစစ်ကတော့ ရှိန်းခေါင်ဘက်ထိ ရောက်မယ်မရောက်ဘူးဆိုတာ မပြောနိုင်သေးဘူး။ အဓိက အဲဘက်တော့ ဦးတည်နေတယ် ပြောလို့ရတယ်။ နယ်စပ်မှတ်တိုင် (၃၀) ပဲရောက်သေးတယ်”ဟု ရှေ့တန်းက KIA အရာရှိက ဆက်ပြောပါတယ်။
လန်ဆယ်နဲ့ ရှိန်းခေါင်ကြားမှာ ကျေးရွာပေါင်း ၁၅ ရွာခန့်ရှိပြီး တစ်ရွာမှာ အိမ်ခြေ ၁၀ အိမ်ခန့်ရှိတယ်လို့ သိရပါတယ်။
လက်ရှိ အဲဒီတစ်ဝိုက်မှာ တိုက်ပွဲအခြေအနေကြောင့် ကျေးရွာဒေသခံပြည်သူတွေက တောတောင်၊တောင်ယာအခင်းတွေမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒီဒေသတွေဟာ ဝေးလန်ခေါင်ဖျားပြီး ကား၊ ဆိုင်ကယ်သွားလမ်းတွေ မရှိသလို ခြေကျင်လမ်းသာ ရှိတာကြောင့် သွားလာရခက်ခဲတဲ့ နေရာ တွေဖြစ်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်း လန်ဆယ်ရဲ့ ခံတပ်စခန်းဖြစ်တဲ့ KIA ရှိရာ လန်ဟီဆင်စခန်းတစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် တစ်ဆက်တည်း ရှိန်းခေါင်ဘက်ကိုဦးတည်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်ကာ တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။
By – ဂျာဘောက်ရာ



