သတင်း

တရုတ်အစိုးရနဲ့ ညှိနှိုင်းမှုရရှိပြီး နယ်စပ်ဂိတ်တွေ ဖွင့်လိုက်တာမဟုတ်ကြောင်း KIO ပြော

ကချင်ပြည်နယ်ထဲက တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပြန်လည်ဖွင့်လိုက်တာဟာ တရုတ်အစိုးရနဲ့ သဘောတူညီချက်၊ တစ်စုံတရာ ညှိနှိုင်းမှုရလို့ ဖွင့်ပေးလိုက်ခြင်းမဟုတ်ဘူးလို့ KIO ပြောပါတယ်။

တစ်နှစ်ဝန်းကျင်ခန့် ပိတ်ထားတဲ့ ကန်ပိုင်တည်၊ လွယ်ဂျယ်၊ မန်ဝိန်းကြီး၊ လိုင်ဇာ၊ ပန်ဝါ၊ ဖီမော် စတဲ့နယ်စပ်ဂိတ်တွေကို အောက်တိုဘာလ ၂၅ ရက်နေ့ တရုတ်အစိုးရက ပြန်ပြီးဖွင့်ပေးလိုက်တဲ့အပေါ် KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက KNG ကိုအခုလိုပြောပါတယ်။

ကျနော်တို့က တရုတ်အစိုးရနဲ့ သဘောတူချက် ညှိနှိုင်းတွေရပြီး ဂိတ်တွေပြန်ဖွင့်ပေးလိုက်တာမဟုတ်ဘူး။ အရင်ဂိတ်တွေစပိတ်ကတည်းကလည်း တရုတ်ဘက်ကပိတ်လိုက်တာဖြစ်တယ်။ သဘောတူမှုရပြီး ပိတ်ထားတာလည်းမဟုတ်ဘူး။ အခုလည်းအဲ့လိုပဲ သူတို့ဘက်က ဖွင့်ပေးလိုက်တာပဲ။ KIO အနေနဲ့တော့ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်တွေးပြီး ပြောဆိုနေတာတော့ရှိပါတယ်။ တွေ့ဆုံသဘောတူညီပြီး လက်မှတ်ရေးထိုးတာတွေလည်းမရှိပါဘူးလို့ပြောပါတယ်။

နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်ပေးလိုက်ပေမယ့် တရုတ်အစိုးရဘက်ကနေ ကုန်ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ တင်သွင်းခွင့်ပေးထားတယ်လို့ သိရပါတယ်။

အဓိကအားဖြင့် ပြည်သူတွေရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး အစားအသောက်ကုန်ပစ္စည်းနဲ့ အိမ်ဆောက်ပစ္စည်းတွေကို ဦးစားပေးတင်သွင်းခွင့်ပေးထားတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆက်ဆိုပါတယ်။

အခုလည်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပေးတဲ့ ပုံစံနဲ့ ဖွင့်ပေးတာမဟုတ်ဘူး။ ပြီးရင် ကုန်ပစ္စည်းတွေကလည်း အားလုံးသယ်ယူ တင်သွင်းခွင့်မရသေးပါဘူး။ အဓိကတော့ ပြည်သူတွေနေ့စဉ်နဲ့အလိုက်လိုအပ်နေတဲ့ အစားအသောက်ကုန်ပစ္စည်းတွေ၊ နောက်ပြီး ဘိလပ်ကား၊ သံတို သံစတင်တဲ့ကားတွေ၊ အိမ်ဆောက်လုပ်တဲ့အခါအသုံးပြုတဲ့ ပစ္စည်းတွေလည်းသယ်ယူခွင့်ရတယ်လို့ပြောပါတယ်။

နယ်စပ်ဂိတ်တွေ ဖွင့်ပေးလိုက်တဲ့ ရက်ကစပြီး ဒီကနေ့ အောက်တိုဘာလ ၂၉ ရက်နေ့အထိ လူကသွားလာခွင့်မရရှိသေးဘူးလို့လည်း သိရပါတယ်။

အခုလို တရုတ်အစိုးရဘက်ကနေ နယ်စပ်ဂိတ်တွေကို ပြန်လည်ဖွင့်ပေးလိုက်တာဟာ ပြီးခဲ့တဲ့အပတ်အတွင်းမှာပဲ တရုတ်အစိုးရနဲ့ KIO အရာရှိတစ်ချို့ တွေ့ဆုံညှိနှိုင်းမှုရရှိခဲ့ပြီးနောက် ဖွင့်ပေးလိုက်တာဖြစ်တယ်လို့လည်း သတင်းတွေပေါ်ထွက်နေတာဖြစ်ပါတယ်။

အောက်တိုဘာလ ဒုတိယအပတ်မှာ တရုတ်အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်း နဲ့ KIO အရာရှိတစ်ချို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြတယ်လို့လည်း KIO သတင်းအရင်းအမြစ်တွေဆီကနေ စုံစမ်းသိရှိထားပါတယ်။

လက်ရှိ နယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်ပေးလိုက်တာနဲ့ပတ်သက်ပြီး KIO အစိုးရကို ပေးလိုက်တဲ့ တရုတ်ရဲ့ မက်လုံး လက္ခဏာဖြစ်တယ်လို့ ကချင်နိုင်ငံရေးသုံးသပ်သူတစ်ဦးက သုံးသပ်ထားပါတယ်။

ကျနော့်အမြင်ပြောရမယ်ဆိုရင် တရုတ်က ကစားနေတယ်လို့ပဲမြင်ပါတယ်။ KIO ကို တရုတ်အကြိုက်လိုက်ပေးရင် ဒါမျိုးဖြစ်မယ်။ ဂိတ်တွေဖွင့်ပေးလိုက်ရင် KIO အုပ်ချုပ်တဲ့ ဒေသက ပြည်သူတွေအဆင်ပြေကြမယ် ပြတဲ့လက္ခဏလို့ပဲမြင်ပါတယ်လို့ပြောပါတယ်။

တရုတ်အစိုးရက ပြန်ဖွင့်ပေးလိုက်တဲ့ နယ်စပ်ဂိတ် ၆ ခုစလုံးဟာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေထဲရှိသလို KIO အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ တစ်နှစ်ခန့်ရှိလာပါပြီ။

အဲဒီနယ်စပ်ဂိတ်တွေထဲကနေ ကန်ပိုင်တည်နဲ့ လွယ်ဂျယ် တရုတ်နယ်စပ်ဂိတ်တွေက ကချင်ပြည်နယ်ရဲ့ အကြီးဆုံး နယ်စပ်ဂိတ်တွေဖြစ်ကြပါတယ်။

တစ်နှစ်ဝန်းကျင်လောက် ပိတ်ဆို့ထားတဲ့ လွယ်ဂျယ်ဂိတ် ပြန်ဖွင့်လိုက်တာနဲ့ ပတ်သက်ပြီး လွယ်ဂျယ်ဒေသခံ အမျိုးသားတစ်ဦးကဂိတ်တွေပြန်ဖွင့်လိုက်တယ် ဆိုကတည်းက ညှိနှိုင်းကြပြီး ပြန်ဖွင့်လိုက်တယ်လို့ပဲထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ပြည်သူတွေအတွက်က တရုတ်ဘက်ကဝင်တဲ့ကုန်ပစ္စည်းတွေကို ဝမ်ဒိန်၊ မူဆယ်လမ်းတွေဘက်ကနေ တကူးတက ခက်ခက်ခဲခဲ သယ်ယူစရာမလိုတော့ဘူး။ ကချင်ပြည်နယ်ထဲမှာ နေတဲ့သူတွေအတွက်၊ နယ်စပ်မှာရှိကြတဲ့သူတွေအတွက်က အဆင်ပြေသွားပါတယ်။ ကုန်ပစ္စည်းတွေကိုလည်း စျေးနှုန်းတွေပြန်ကျသွာားမယ်။ ပြည်သူတွေအတွက်တော့ ကောင်းတယ်လို့ပဲမြင်ပါတယ်လို့ပြောပါတယ်။

လွယ်ဂျယ်ဂိတ်ပိတ်ထားတဲ့ တစ်နှစ်အတွင်းမှာ ကုမ္မဏီဝန်ထမ်းတစ်ချို့သာ သွားလာခွင့်ရရှိခဲ့ပေမယ့် လက်ရှိမှာ တရုတ်ဘက်ခြမ်းက ကုန်ကားအပါ ဝင်ထွက်သွားလာနေကြတာကို မြင်တွေ့ရတယ်လို့လည်း လွယ်ဂျယ်ဒေသခံက ဆက်ဆိုပါတယ်။

လွယ်ဂျယ်အပါ ကန်ပိုင်တည်၊ ပန်ဝါ၊ မန်ဝိန်းကြီး၊ လိုင်ဇာ၊ မိုင်ဂျာယန်၊ ဖီမော် စတဲ့ နယ်စပ်ဂိတ်တွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အဲဒီနယ်စပ်မြို့တွေကို KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပြီးနောက် တရုတ်အစိုးရဘက်က ချက်ချင်းပိတ်ချခဲ့တာဖြစ်ပါတယ်။

KIA က နယ်စပ်ဂိတ်ရှိတဲ့မြို့တွေကို သိမ်းပိုက်လိုက်တာကြောင့် KIO/KIA အစိုးရကို ဖိအားပေးဖို့ ပိတ်ဆို့လိုက်တာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button