သတင်း

စစ်ကိုင်းတိုင်းလွတ်မြောက်နယ်မြေမှာ အသည်းရောင်အသားဝါ‌ရောဂါပိုးပျံ့နှံ့နေ

စစ်ကိုင်းတိုင်းအထက်ပိုင်းလွတ်မြောက်နယ်မြေအတွင်းက အရပ်သားတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအကြား အသည်းရောင်အသားဝါရောဂါ A ပိုးပြန့်နှံ့ဖြစ်ပွားနေတယ်လို့ စစ်ကိုင်းနဲ့ကချင်အစပ်ကဒေသခံတွေဆီကသိရပါတဘ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ဒုတိယအပတ် သီတင်းကျွတ်ကာလနောက်ပိုင်းကစလို့ တချို့ကျေးရွာတွေဆို ရွာလုံးကျွတ်နီးပါးကို အသည်းရောင်အသာဝါရောဂါကိုခံစားနေကြရတာလို့ ပြောပါတယ်။

တစ်ချို့ဆိုရွာလုံးကျွတ်ဖြစ်တာ။ အသည်းရောင်အသားဝါ A ပိုး ကကူးစက်တာကတအားမြန်တယ်။ ကိုယ်ခံအားကျတာနဲ့ ဖြစ်တာပေါ့လေ။ ဒေသခံတွေရော ရဲဘော်တွေလည်းတော်တော်များများဖြစ်ကြတယ်။ ဒီသတင်းကျွတ်မတိုင်ခင်က စလို့ဖြစ်လာတာ။ ပိုးကပြန့်နေတာပေါ့လေ။ တစ်နယ်လုံးဖြစ်နေတာ။ ၅ ယောက်မှာ ၂ ယောက်လောက်ကဖြစ်နေတာ။လို့ အသည်းရောင်အသားဝါရောဂါဖြစ်နေသူဒေသခံတစ်ဦးကပြောပါတယ်။

တစ်ဖက်မှာစစ်ကောင်စီတပ်ဂိတ်တွေကလည်း တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ဒေသတွေဆီ ဆေးဝါး သယ်ယူခွင့် ကန့်သတ်တာတွေလည်းရှိနေပြန်တာကြောင့် ဆေးဝါးဈေးနှုန်းအဆမတန်မြင့်တာ၊ ပြတ်လပ်တာတွေအပြင် လိုအပ်တဲ့ဆေး အလွယ်တကူမရနိုင်တဲ့အခြေနေတွေကြုံရပြန်တယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က သူတို့ရဲ့အထိုင်ချဂိတ်တွေမှ အိမ်သုံးဆေးဝါး၊ စက်သုံးဆီ၊ အင်ဗာတာ၊ ဆိုလာ အစရှိတဲ့ လျှပ်စစ်ပစ္စည်း တွေအပါအဝင် တခြားသောအိမ်သုံးပစ္စည်းတချို့ကိုလည်း သယ်ယူခွင့်ကန့်သတ်ထားတယ်လို့ ကားသမားတွေကပြောပါတယ်။

ကန့်သတ်ကုန်က လျှပ်စစ်ပစ္စည်းပေါ့ အင်ဗာတာ၊ ဆိုလာတွေကန့်သတ်တယ်။ပြီးရင် အိမ်သုံးဆေးဝါးတွေကန့်သတ်တယ်။ ရွှေမျှောသုံးတဲ့ပစ္စည်းရယ် အင်ဂျင်ဝိုင်စက်သုံးပစ္စည်းတွေရယ် အဲ့ကောင်တွေကအဓိကဘဲ အဲ့တာတွေသာသယ်လာရင် စစ်ဆေး မေးမြန်းမရှိ ကားတွေကိုဖမ်းတယ်။ စစ်ကိုင်းဘက်ဆိုရင် လူတွေကိုပါရိုက်တာလို့ကားသမားတစ်ယောက်က စစ်ကောင်စီရဲ့ ဆေးဝါးကန့်သတ်တဲ့အခြေနေတွေကိုပြောပြပါတယ်။

အသည်းရောင်အသားဝါ A ရောဂါဟာ ကူးစက်မြန် အသည်းရောင်ရောဂါမျိုးဖြစ်ပြီး Hepatitis A virus ကြောင့် ဖြစ်တာဖြစ်ပြီး သူက အခြားအသည်းရောင် Virus တွေဖြစ်တဲ့ Hepatitis B (ဘီပိုး), Hepatitis C (စီပိုး) တို့လို နာတာရှည်အသည်းထိခိုက်ခြင်း မရှိပေမယ့် ဝေဒနာတွေတော့ အတော်ခံစားရနိုင်တဲ့ ရောဂါတစ်ခုဖြစ်တယ်လို့ NUG ရဲ့ကျန်းမာရေးဝန်ကြီးဌာနကဖော်ပြထားပါ တယ်။

ရောဂါဖြစ်ပွားသူရဲ့ ဝမ်းနဲ့သွေးထဲမှာ ပိုးတွေရှိနေတတ်ပြီး ပြန့်ပွားပုံကတော့ အစားအသောက်နဲ့ရေတို့ မသန့်ရှင်းတဲ့အခါ၊ရောဂါ ဖြစ်သူကို အနီးကပ်ပြုစုတဲ့သူတွေမှာ ကူးစက်နိုင်ပြီး မသန့်ရှင်းတဲ့ရေနဲ့ ထိတွေ့ထားတဲ့ ကမာ၊ ဂုံးစတဲ့ အစားအစာတွေကို အစိမ်းစားခြင်း အားဖြင့်လည်း ရောဂါကူးစက်နိုင်ပါတယ်

ဒါ့အပြင် ရောဂါပိုးရှိသူနဲ့ အတူနေ၊ လိင်ဆက်ဆံခြင်း (oral sex, anal sex) တို့မှလည်း ကူးစက်နိုင်တယ်လို့ NUG ရဲ့ကျန်းမာရေး ဝန်ကြီးဌာနရဲ့ဖော်ပြချက်မှာတွေ့ရပါတယ်။

အမှတ် ၁ စစ်ဒေသ တိုက်ခိုက်ရေးနဲ့ကယ်ဆယ်ကုသရေး ဆေးတပ်ဖွဲ့မှူး ဒေါက်တာဂျေကော့ကတော့ ခုလိုပြောပါတယ်

အဓိကကတော့ စစ်ကိုင်းတိုင်းက ရေကောင်းကောင်းမရဘူး။ ပြီးတော့ စိုက်ခင်းတွေမှာ ပိုးသတ်ဆေးအလွန်အကျွံသုံးကြတယ်။ ပိုးသတ်ဆေးတွေသုံးတဲ့အခါမှာလည်း စိုက်ခင်းတွေဖြန်းတဲ့အခါမှာလည်း လုံလောက်တဲ့ကာကွယ်မှုမနစ်တွေမရှိဘူး။ ပြီးတော့ အိမ်မှာလည်း ယင်လုံအိမ်သာမရှိတာများတယ်။ တောထဲမှာပဲစွန့်ပစ်ကြတာများတယ်။ အဲ့လိုတွေကြောင့်ဖြစ်တာများတယ်လို့ စစ်ကိုင်းဒေသမှာ အသည်းရောင်အသားဝါ A ရောဂါဖြစ်နိုင်တဲ့အခြေနေကို ရှင်းပြပါတယ်။

အသည်းရောင်အသားဝါ A ရောဂါအတွက် သီးသန့် ကုသတဲ့ဆေး Antiviral treatment တော့ မရှိဘဲ ခန္ဓာကိုယ်ရဲ့ခုခံအား ကောင်းရုံနဲ့ ပျောက်ကင်းနိုင်ပြီး အိပ်ရေးဝဝအိပ်၊ ကောင်းစွာ အနားယူပါ၊ အလုပ်နားပါ၊ အစားကို မျှတစွာ၊ ပျော့ပျောင်းစွာစားပါ၊ အရည်များများသောက်ဖို့ ဆရာဝန်များက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အသီးအရွက်များများစားဖို့၊ ရေများများသောက်၊ ကိုယ်လက်လှုပ်ရှားလုပ်ဖို့၊ ယင်လုံအိမ်သာအသုံးပြုဖို့ နဲ့ သန့်ရှင်းသော အစားအသောက်တွေကကုသရေးအတွက်အထောက်အကူပြုပြီး ကာကွယ်ရေးအတွက်ကတော့ သန့်ရှင်းရေးကိုအထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button