သတင်း

ပူတာအို – မြစ်ကြီးနားကားလမ်းပိုင်း တစ်ပတ်တစ်ကြိမ်သာဖွင့်ပေး

စစ်ကောင်စီတပ်ဘက်က ပိတ်ထားတဲ့ ကချင်ပြည်နယ် ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းသွားလာခွင့် တစ်ပတ်တစ်ကြိမ်သာဖွင့်ပေးထားတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့မှာ စစ်ရေးအကြောင်းပြချက်နဲ့စစ်ကောင်စီတပ်ဘက်က ရုတ်တရက်ပိတ်ချလိုက်တဲ့ပူတာအိုမြစ်ကြီးနားလမ်းပိုင်း လက်ရှိအချိန်အထိ ဖြတ်သန်းသွားလာခွင့်ကန့်သတ်ခံထားရဆဲဖြစ်တယ်လို့ ပူတာအို ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

တစ်ပတ်ကိုတစ်ခါပဲလွတ်ပေးတယ်ဗျ။ တစ်ခါတလေစနေနေ့ကိုလွတ်ပေးတယ် တစ်ခါတလေကျတော့ တနဂ်နွေနေ့ကိုလွတ်ပေးတယ် သူတို့လွတ်ပေးချင်တဲ့အချိန်လွတ်ပေးတာလို့ ပြောပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့ ပိတ်လိုက်တဲ့‌နောက် အဲဒိီလမ်းပိုင်းကို အောက်တိုဘာ ၂၇ ရက်နေ့တစ်ကြိမ်၊ နိုဝက်ဘာ ၇ ရက်နေ့တစ်ကြိမ်၊ နိုဝင်ဘာ ၉ ရက်နေ့တစ်ကြိမ်ဖွင့်ပေးတဲ့နောက်ပိုင်း ဒီနေ့ထိတစ်ပတ်ကိုတစ်ကြိမ်နှုန်းသာဖွင့်ပေးတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပူတာအိုကနေ မြစ်ကြီးနားဘက်ဆင်းတဲ့ကားတွေကို မူလာရှီးဒီဂိတ်ကနေတားထားသလို မြစ်ကြီးနားကနေ ပူတာအိုတက်တဲ့ကားတွေကိုလည်း မြစ်ကြီးနားအထက် တန်ဖရဲဂိတ်နဲ့ လမုန်ဇွတ်ဂိတ်နှစ်နေရာကနေ တားထားတယ်လို့သိရပါတယ်။

ဒါ့အပြင် ကားလမ်းဖွင့်ပေးမယ့်ရက်အတိအကျသတ်မှတ်ထားတာမရှိတဲ့အတွက် ကားသမားတွေဟာ လမုန်ဇွတ်နဲ့ တန်ဖရဲဂိတ်တွေမှာတန်းစီစောင့်ဆိုင်းနေရတဲ့အတွက် နေရာထိုင်ခင်းခက်ခဲတာ၊အစားအသောက်ခက်ခဲတာနဲ့ ကုန်ကျစရိတ်များတာ စတဲ့အခက်အခဲ တွေကြုံတွေ့နေရကြောင်းသိရပါတယ်။

လမ်းဖွင့်ပေးမယ့်အချိန်ကို ကိုယ်က လမ်းတစ်ဝက်မှာလာစောင့်နေရတာလေး ရေမရှိ၊ဆိုင်တွေလည်းမရှိဆိုတော့ခက်တာပေါ့စားဖို့သောက်ဖို့ကပိုဆိုးတာက လမ်းမှာလေးငါးရက်ကြီးစောင့်နေရတော့ ကုန်ကျစရိတ်အရမ်းများတာဆိုးတယ် ပူတာအိုတစ်ခါရောက်ဖို့ကိုလမ်းမှာလေးရက်၊ငါးရက်ကြီးစောင့်နေရတာအဆင်မပြေဘူးလို့ ကားသမားတစ်ဦးက ပြောပါတယ်။

ခုလိုဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်တဲ့အတွက် ကုန်ကားတွေဟာ လမ်းခုလတ်မှာစောင့်ဆိုင်းနေရပြီး ကားသမားတွေအတွက်အခက်အခဲဖြစ်တာ၊ကုန်သည်တွေအတွက်လည်းဆုံးရှုံးနစ်နာမှုတွေရှိနေတယ်လို့ ပူတာအိုမြို့ခံ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

လမ်းမှာလေးငါးရက်ကြီးဆိုတော့ ကြာရှည်မခံတဲ့ကုန်တွေက တစ်ဝက်လောက်ပဲ ကောင်းတယ်။ တဝက်လောက်ကပုပ်သိုးကုန်တာပေါ့ အမြတ်မရတဲ့အပြင်အရင်းပါရှုံးတာမျိုးရှိတယ်။ ကြက်ဥဆယ်လုံးမှာ လေးလုံးလောက်က ပုပ်နေတယ်အောက်ပိုင်းကလာတဲ့ အသားငါးဆိုဝယ်လို့တောင်မရဘူးလို့သူကပြောပါတယ်။

စစ်ကောင်စီကအခုလိုကုန်ကားတွေကိုတစ်ပတ်တစ်ကြိမ်သာလွတ်ပေးတာကြောင့် ပူတာအိုမြို့ပေါ်မှာ မြန်မာပြည်အောက်ပိုင်းကလာတဲ့၊အသား၊ငါးတွေပြတ်လပ်တာ ကြာရည်မခံတဲ့ကြက်ဥ၊ခရမ်းချဥ်သီး၊ကွမ်းရွက်စျေးတွေအဆမတန်စျေးတက်တောတွေရှိနေတယ်လို့သိရပါတယ်။

ထို့အပြင်စစ်ကောင်စီတပ်က ပူတာအိုဒေသဘက် ဆေးဝါး၊မိုးကာ၊စက်သုံးဆီသယ်ယူခွင့်ကိုလည်းတားမြစ်ထားကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ခေါင်လန်ဖူးဌာနေပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း လက်လွတ်ဆုံးရှူံးခဲ့ရတဲ့ လန်ဆယ်မြို့နဲ့ ခေါင်လန်ဖူးနဲ့ဆော့လော်မြို့နယ်ချင်းစက်မှာရှိတဲ့ လန်ဟီဆင်စခန်းကိုပြန်သိမ်းယူဖို့ ယခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့ပေမယ့် အရေးနိမ့်ပြီးပြန်ဆုတ်ထားရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ KIAနဲ့ပူးပေါင်းတပ်တွေက ခေါင်လန်ဖူးမြို့နယ်ထဲကစစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်စခန်းတစ်ချို့ အောက်တိုဘာလနဲ့နိုဝင်ဘာလထဲမှာထိုးစစ်ဆင်သိမ်းပိုက်‌နေတာလည်း ဖြစ်ပါတယ်။

အခုလို စခန်းတွေဆက်တိုက်လက်လွှတ်လာရတဲ့အတွက် စစ်ကောင်စီတပ်ဟာ စစ်ရေးတင်းမာနေတဲ့ ခေါင်လန်ဖူးဘက်ကိုဝင်ရောက်နိုင်တဲ့ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းကလည်း စစ်ရေးနဲ့သဘာဝဘေးကကြောင့် ပူတာအိုမြစ်ကြီးနားလမ်းပိုင်း သုံးလကြာ ပိတ်ထားချိန် ကြက်ဥတစ်လုံးကျပ် ၅၀၀၀၊ ဓာတ်ဆီတစ်ပုလင်းကျပ် ၈၀၀၀၀ အထိစံချိန်တင်မြင့်တက်ခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button