လစ်လပ်သွားတဲ့ အင်းတော်မြို့နယ် (ပအဖ)တာဝန်ခံကို NUG အစိုးရကတိုက်ရိုက်ခန့်အပ်
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်က လစ်လပ်သွားတဲ့ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) တာဝန်ခံနေရာကို အမျိုးသားညီညွှတ်ရေး အစိုးရ NUG ရဲ့ အကြီးအကဲတွေက တိုက်ရိုက်ခန့်အပ်လိုက်တယ်လို့ အင်းတော်မြို့ခံတွေဆီကသိရပါတယ်။
တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်က လစ်လပ်သွားတဲ့( ပအဖ)တာဝန်ခံနေရာကို မြို့နယ်အတွင်းရှိနေတဲ့ ဌာနဆိုင်ရာတာဝန်ခံတွေထဲကဘဲ သတ်မှတ်ကာ ပြည်သူ့ကာကွယ်ရေးတပ်၊ ပြည်သူ့လုပ်ခြုံရေးအဖွဲ့ နဲ့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေအပါအဝင် ဌာနဆိုင်ရာအသီးသီးကမဲပေးရွေးချယ်ဖို့လုပ်ခဲ့ကြတာလို့ ဒေသခံတွေကပြောပါတယ်။
ဒေသခံတွေကတော့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံနေရာကို ဌာနဆိုင်ရာအသီးသီးမှာရှိနှင့်တဲ့တာဝန်ခံတွေကိုဘဲ ပြန်လည်ရွေးချယ်တာမဖြစ်သင့်ကြောင်းနဲ့ အင်းတော်မြို့ ပြည်သူတွေကိုယ်တိုင် မဲပေးရွေးချယ်လိုကြောင်း မြေပြင်မှာရော၊ သတင်းဌာနတွေ ကနေ တစ်ဆင့်ပါတောင်းဆိုခဲ့ကြတဲ့နောက် အခုလို NUG ရဲ့ဝန်ကြီးဌာနက တိုက်ရိုက်ရွေးချယ်လိုက်တာလို့ အခြေနေသိရှိတဲ့မြို့ခံအမျိုးသားတစ်ဦး KNG ပြောပါတယ်။

“သူတို့ရာထားတာကတစ်ခြားတစ်ယောက်ပေါ့နော်။ သူတို့ဖြစ်စေချင်တဲ့လူကို သူတို့ကရာထားကြတာ။ အခုက သူတို့ကိုလည်း မဲမပေးခိုင်းတော့ဘူး။ NUG ရဲ့အစိုးရ အကြီးအကဲတွေကဘဲ တိုက်ရိုက်ခန့်အပ်လိုက်တော့တာ”လို့ပြောပါတယ်။
ဒါ့အပြင် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံနေရာကိုရွေးချယ်ခံဖို့အတွက် ဝင်ပြိုင်သူတွေထဲမှာ ရာထူးတိုးဆိုင်းငံ့ခံထားရသူ သုံးဦးအထိ ဝင်ပြိုင်ခဲ့ကြသေးတယ်လို့ သိရပါတယ်။
လက်ရှိခန့်အပ်လိုက်သူကတော့ စစ်တပ်ကအာဏာမသိမ်းခင်ကာလကတည်းက လူ့အခွင့်ရေးလှုပ်ရှားရေးလုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပြီး ဒေသခံတွေကလည်း NUG အကြီးအကဲတွေကတိုက်ရိုက်ရွေးချယ်မှုအပေါ်ထောက်ခံကြတယ်လို့ မြို့ခံတွေကပြောပါ တယ်။
“နောက်မို့ဆိုရင်လူရွေးမှားနေအုံးမှာ။ အရင်ကလည်းလူ့အခွင့်ရေးနဲ့ပတ်သက်တာတွေလုပ်ခဲ့ဖူးတယ်။ အဆင်ပြေမယ်လို့တော့ ထင်တယ်။ သူတို့ပထမဆုံးရွေးထားတဲ့သူကတော့ အရင်ကတည်းက Black list ရှိထားပြီးသား။ ဝင်ပြိုင်တဲ့ထဲမှာလည်း ရာထူးတိုးဆိုင်းငံ့ထားတဲ့ သုံးယောက်လောက်ကဝင်ပြိုင်ကြတာ”လို့အထက်ပါမြို့ခံကဘဲဆက်ပြောပါတယ်။
ယခင် အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဦးနီတိုး (ခ) ဦးရွှေရဆိုသူကတော့ အောက်တိုဘာလ ပထမအပတ်လောက် မှာဘဲ ကျန်းမာရေး အခြေနေကြောင့်လို့ဆိုကာ တာဝန်ခံနေရာကနေ အနားယူသွားခဲ့တာလို့ သိရပါတယ်။
အနားယူသွားတဲ့ အင်းတော်မြို့နယ်ပအဖတာဝန်ခံ ဦးနီတိုး (ခ) ဦးရွှေရဆိုသူဟာ စီးပွားရေးသမားဟောင်းတစ်ဦးဖြစ်ပြီးဒေသခံလူထုနဲ့တွေ့ဆုံဆက်ဆံတာလည်းမရှိဘူးလို့ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် အင်းတော်မြို့သိမ်းတိုက်ပွဲကာလအတွင်း မြစ်ကြီးနား–မန္တလေးဗျူဟာလမ်း တိုက်ပွဲကြောင်းအသုံးပြုမရချိန် ကွင်းလမ်း ခင်းဖို့ ခရီးသွားကားသမားတွေဆီက အခွန်အခသတ်မှတ်ကောက်ခံခဲ့ပေမဲ့ လမ်းလည်းမခင်းပေးခဲ့ကြောင်း စတဲ့မသမာမှုတွေ ကျူးလွန်ခဲ့သူလို့ ဒေသခံတွေက ဆိုပါတယ်။
တစ်ဖက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUGက စစ်ကိုင်းတိုင်းထဲက ပြည်သူ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ဒေသတွေမှာ အခွန်ငွေ အလွဲသုံးစားလုပ်တွေနဲ့ပတ်သက်ကာ ဖမ်းဆီးအရေးယူမှုတွေလုပ်လာနေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လကဆိုရင် ကနီမြို့နယ်က ပသုံးလုံးနဲ့သယံဇာတကော်မတီဝင် ၁၃ ဦးကို အခွန်အလွဲသုံးစားလုပ်မှုနဲ့ဖမ်းဆီး ထိန်းသိမ်းခဲ့သလို ကန့်ဘလူမြို့နယ်က အခွန်တော်အရာရှိနဲ့အဖွဲ့ဝင် ၇ ဦးကိုလည်း အခွန်အလွဲသုံးစားမှုတွေနဲ့ ဖမ်းဆီးအရေးယူ မှုတွေပြုလုပ်ခဲ့ပါတယ်။
အင်းတော်မြို့ဟာ စစ်ကိုင်း– ကချင်အစပ်မှာရှိတဲ့မြို့ဖြစ်ပြီး ဒီနှစ် ဧပြီလထဲမှာ တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်။
By – အမိုး



