သတင်း

KIA ကလုံခြုံရေးအရ မီးရှို့စွန့်ခွာသွားတဲ့ စခန်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်လာပြီးအောင်ပွဲခံနေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်တွေ လုံခြုံရေးအရ မီးရှို့စွန့်ခွာခဲ့တဲ့ စခန်းထဲကို တန်ဂူးတန်ပြည်သူ့စစ်အဖွဲ့ဝင်လာပြီး အောင်ပွဲခံနေကြောင်း ဒေသခံများထံမှ သိရပါတယ်။

အဲဒီစခန်းဟာ မြစ်ကြီးနားပူတာအိုကားလမ်းပိုင်း တန်ဂျာကျေးရွာအနီးမှာရှိပြီး KIA ပူးပေါင်းတပ်ကလနဲ့ချီတပ်စွဲနေထိုင်ခဲ့တဲ့စခန်းဖြစ်တယ်လို့ ဒေသခံ‌တွေပြောပါတယ်။ 

ဒါပေမယ့် KIA ပူး ပေါင်းတပ်ဘက်က လုံခြုံရေးအခြေအနေအရ နိုဝင်ဘာလ ၄ ရက်နေ့မှာ မီးရှို့စွန့်ခွာသွားပြီးနောက် တန်ဂူးတန်ပြည်သူ့စစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေဝင်လာပြီး အောင်ပွဲခံနေကြောင်း ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

“KIAတွေမီးရှို့ပြီးပစ်ထားခဲ့တဲ့စခန်းပါ နည်းနည်းတော့ကြာပြီ KIAတွေမီးရှို့ပြီးထားခဲ့တဲ့စခန်းမှာရဝမ်ပြည်သူ့စစ်အဖွဲ့ဝင်လာပြီးသူတို့ပဲတက်သိမ်းလိုက်သလိုလို ဝါဒဖြန့်နေတာ သူတို့မောင်းထုတ်လိုက်တဲ့ပုံစံဝါဒဖြန့် အောင်ပွဲခံနေတယ်လို့ပြောပါတယ်။

အဲ့ဒီစခန်းဟာလက်ရှိ KIAနဲ့ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ ဆွမ်ပရာဘွမ်မြို့နဲ့ စစ်ကောင်စီနဲ့ တန်ဂူးတန်ပြည်သူ့စစ်တွေထိုင်ထားတဲ့ တန်ဂျာ၊ ဆွမ်ပီယာန်ကျေးရွာကြားမှာရှိတာဖြစ်ပါတယ်။

အဲ့ဒီစခန်းကတော့ ကျွန်တော်တို့ လုံခြုံရေးအရမီးရှို့ပြီးရွေ့သွားတဲ့နောက်ပိုင်းမှာပဲ သူတို့ဝင်လာတာတွေ့ရတယ်လေ။ ဒါက လုံခြုံရေးအရ တစ်နေရာကနေ တစ်နေရာရွေ့သွားတာပဲ ဆုတ်သွားတာလည်းမရှိဘူးလို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

တန်ဂူးတန်ပြည်သူ့စစ်နဲ့စစ်ကောင်စီပူးပေါင်းတပ်တွေက  လက်ရှိ KIA စွန့်ခွာခဲ့တဲ့စခန်းကိုသိမ်းပိုက်ဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းကနေ တန်ဂျာနဲ့ဆွမ်ပီယန်မှာ စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေဖြည့်တင်တာ၊ ဝေဟင်ထောက်လှမ်းတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အထက်ဖော်ပြပါအခြေအနေတွေကြောင့် KIA နဲ့ပူးပေါင်းတပ်တွေဟာ လုံခြုံရေးအခြေအနေအရ နိုင်ဘာလ ၄ ရက်နေ့မှာ စခန်းစွန့်ခွာခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်ဟာ စစ်ရေးအကြောင်းပြချက်နဲ့ပူတာအို မြစ်ကြီးနားကားလမ်းပိုင်းကိုလည်း အောက်တိုဘာ ၂၃ ရက်နေ့ကနေရုတ်တရက်ပိတ်ချခဲ့ပြီး ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်နေ့မှသာပုံမှန်အတိုင်းပြန်ဖွင့်ခဲ့ကြောင်းသိရပါတယ်။

စစ်ကောင်စီတပ်နဲ့ တန်ဂူးတန် ပြည်သူ့စစ်ပူးပေါင်းတပ်တွေဟာသူတို့လက်လွတ်ခဲ့ရတဲ့ ပူတာအိုမြစ်ကြီးနားကားလမ်းပိုင်းထဲက ဆွမ်ပရာဘွမ်မြို့နဲ့ ခေါင်လန်ဖူး၊ဆော့်လော်လမ်းပိုင်းထဲက လန်ဆယ်၊လန်ဟီဆင်စခန်းတွေကို ပြန်သိမ်းဖို့အကြိမ်ကြိမ်ထိုးစစ်ဆင်ခဲ့ပေမယ့်အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button