သတင်း

KIA နဲ့ KPDF နေရာယူထားတဲ့ဘက် ဒရုန်းပစ်ခတ်မှုကြောင့် လူနေအိမ်ပျက်စီးပြီး အရပ်သားထိခိုက်မှုဆက်ဖြစ်နေ

ဖားကန့်မှာ စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ဘက်ကို စစ်ကြောင်းထိုးကာ ဒရုန်းလက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ဘာသာရေးအဆောက်အဦး၊ လူနေအိမ်ထိခိုက်ပျက်စီးသွားတဲ့အပြင် အရပ်သားထိခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၆ နာရီဝန်းကျင်ကစပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားတဲ့ ရှရော်ခ ညောင်ပင်ကုန်းဂိတ်နဲ့  မရော်ရွာ(Marau Mare) ဘက်ကို စစ်တပ်က ဒရုန်းလက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကုဋေမှော်ထဲမှာ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဖားကန့်ဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

မနေ့က မနက်ပိုင်းလောက်ကနေ ကုဋေမှော်ရွာထဲကို စစ်ကြောင်းတွေဝင်ရောက်လာတယ်။ ကုဋေဘုရားကျောင်းဝင်းတွေထဲမှာ တစ်ခါတည်းနေရာဝင်ယူထားတယ်။ ဘုန်းကြီးကျေင်းမှာလည်းရှိတယ်လို့ကြားတယ်။ ပြီးရင်စာသင်ကျောင်းတွေမှာလည်းဝင်ရောက်သွားတယ်တဲ့။ ဘုရားကျောင်းတွေမှာ အရင်တုန်းကဝင်ရောက်တာတွေမရှိဘူး။ မနေ့ညက တစ်ညလုံးရှိနေတယ်။ စစ်ကြောင်းတွေဘက်ကနေ ဒရုန်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ပြောပါတယ်။

ကုဋေမှော်ကျေးရွာထဲမှာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်တွေက ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ နေရာယူတပ်စွဲထားပြီး KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနေရာယူထားတဲ့ မရော်ရွာဘက်ကို တစ်ညလုံး ဒရုန်းလက်နက်ကြီးပစ်ခတ်နေတာဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်ကနေ ဒရုန်းပစ်ခတ်ပြီးနောက် KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကနေ တန်ပြန်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။

ဖားကန့်ပြည်သူတွေပြောဆိုချက်အရ ည ၁၀ နာရီခွဲအချိန်အထိ ပစ်ခတ်မှုသံတွေ ဆက်တိုက်ကြားရတယ်လို့ပြောပါတယ်။

မနေ့ည ပစ်ခတ်မှုဖြစ်စဉ်ထဲမှာ မီးသတ်ရုံးက ဦးရဲထွန်းဆိုသူ ဒရုန်းစထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသင်းတော်ကားတစ်စီးအပါ အသင်းတော်ဆရာနေထိုင်တဲ့ အဆောက်အဦးတစ်ခု နဲ့ နတ်ကြေးစင်နေရာတွေမှာ ဒရုန်းထိမှန်ပြီး ထိခိုက်ပျက်စီးမှုရရှိခဲ့တယ်လို့ သိရပါတယ်။

ကုဋေမှော်ဘုရားကျောင်းဝင်းထဲ ဝင်ရောက်နေရာယူထားတဲ့ စစ်အင်အားတွေက ပြန်လည်ထွက်ခွာသွားကြပေမယ့် စာသင်ကျောင်းနေရာမှာ စစ်အင်အား ၂၀၀ ဝန်းကျင်အထိ တပ်စွဲနေရာယူထားဆဲဖြစ်တယ်လို့ နောက်ထပ်ဖားကန့် ဒေသခံ အမျိုးသားတစ်ဦးက အခုလိုဆက်ပြောပြပါတယ်။

စာသင်ကျောင်းထဲမှာက အင်အား ၁၈၀ ၊ ၂၀၀ လောက်ရှိနေသေးတယ်။ စစ်သားတွေရှိလို့ ကျောင်းတွေတောင်ပိတ်ထားတယ်။ စစ်ရေးဘယ်လိုရွှေ့ဖို့လုပ်နေလဲတော့မသိဘူး လို့ပြောပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ နိုဝင်ဘာလ ၂၅ ရက်နေ့ လုံးခင်း၊ မှော်ဆီစာ ဘက်ကနေ စစ်ကြောင်းထိုဝင်ရောက်လာတာဖြစ်ပြီး စစ်ကြောင်းဝင်ရောက်လာချိန် လက်နက်ကြီဒရုန်းတွေပစ်ခတ်ပြီး ဝင်ရောက်လာတာဖြစ်တယ်လို့ ပြောပါတယ်။

မရော်ကျေးရွာဘက်ခြမ်းနဲ့ တစ်ပြိုင်နက် ဒရုန်းပစ်ခတ်ခံရတဲ့ ရှရော်ခ ညောင်ပင်ကုန်းရှိ ဂိတ်နေရာပစ်ခတ်ခံရတာနဲ့ ပတ်သက်ပြီး ထိခိုက်မှုရှိမရှိ အသေးစိတ်မသိရှိရသေးတာလည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကုဋေမှော်ထဲကို မဝင်ရောက်သေးချိန် ယခုရက်ပိုင်းအတွင်း ညတိုင်းအဆက်မပြတ် ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ည ၁၁ နာရီဝန်းကျင်အချိန် ဖားကန့် တပ်မကုန်းကနေ ဆိပ်မူကျေးရွာဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ၄ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကနေ နှစ်ဖက်တပ်တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်သွားပေမယ့် စစ်တပ်ကနေ ညသန်ခေါင်ယံ အရပ်သားပြည်သူတွေရှိတဲ့ ရပ်ကွက်လူနေအိမ်ဘက်တွေကို ပစ်မှတ်ထား ပစ်ခတ်နေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button