စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ကချင်အမျိုးသမီးလှုပ်ရှားသူများ ရှုတ်ချ
လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်တပ်ကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေးမယ့် အတုအယောင် ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြဖို့ ကချင်အမျိုးသမီး အခွင့်အရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲကျင်းပဖို့ ထုတ်ပြန်ကြေညာလိုက်တဲ့ အချိန်ကစပြီး ကချင်ဒေသပါ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က လေကြောင်း တိုက်ခိုက်တာတွေ၊ စစ်အင်အားတိုးချဲ့ပြီး တိုက်ပွဲဖော်ဆောင်တာတွေ၊ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆိုးဆိုးရွားရွား လုပ်ဆောင်လာတယ်လို့ ကချင်လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း ပြောပါတယ်။
“ကျမတို့တွေဟာ မနေ့တစ်နေ့ကပဲ လူ့အခွင့်အရေး ချိုးဖောက်ခံရ၊ သတ်ဖြတ်ခံနေရတဲ့သူတွေလည်း မဟုတ်ဘူး။ နှစ်ပေါင်းတစ်ခု ကြာရှိလာပြီ။ ပြီးရင် ကျမတို့ ကချင်ဒေသမှာဆိုရင် လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အစုလိုက်အပြုံလိုက်သေဆုံးအောင် နည်းလမ်းပေါင်းစုံနဲ့ သတ်ဖြတ်နေတာ၊ စစ်ရာဇဝတ်မှုအကြိမ်ကြိမ်ကျူးလွန်တဲ့သူ၊ ကမ္ဘာကနေလည်း ဖမ်းဆီးဖို့ ဝရမ်းထုတ်ထားတဲ့ စစ်ခေါင်းဆောင် ဝရမ်းသမားက ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူး” လို့ ကချင်အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ရွေးကောက်ပွဲ မကျင်းပခင်ကတည်းက စစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်နေတဲ့အတွက် လွတ်လပ်ပြီး တရားမျှတမှု ရှိမှာ မဟုတ်ဘူးလို့ ကချင်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ အထက်က အမျိုးသမီးက ဆက်ပြီးပြောပါတယ်။
“ဒီရွေးကောက်ပွဲက လွတ်လပ်မှုနဲ့ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲဖြစ်တယ်ဆိုတာ အခုကတည်းက မြင်နေရတယ်။ ရွေးကောက်ပွဲဆိုတာ လွတ်လပ်မှုနဲ့ တရားမျှတမှုရှိရမယ်ဆိုပေမယ့် အခုကတည်းကနေ ဖမ်းဆီးခြိမ်းခြောက်တာတွေရှိနေပြီ။ မြို့၊ ရွာ၊ ရပ်ကွက်တွေမှာ ကြားနေ မြင်နေရပြီ။ ဝင်ရောက်ပွဲမှာပါဝင်ဖို့ ပြောဆိုတာတွေ၊ မပါဝင်တဲ့ သူတွေကို စောင့်ကြည့်မယ်။ ပြီးရင် ရွေးကောက်ပွဲကို ဆန့်ကျင်ပြောဆိုတဲ့ သူတွေကို အရေးယူတာတွေလည်းရှိနေပြီ။ တာတောင်ဘာမှမလုပ်ရသေးဘူး။ ပြည်သူတွေကို ဖမ်းဆီး ခြိမ်းခြောက် အရေးယူတာတွေလုပ်နေပြီ” လို့ ပြောပါတယ်။

စစ်တပ်ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ တနိုင်ငံလုံးကို လွှမ်းခြုံကျင်းပနိုင်ခြင်း မရှိသလို ကျင်းပနိုင်တဲ့ နေရာတွေမှာလည်း အနိုင်ရသူစနစ် နဲ့ FPTP စနစ်၊ အချိုးကျစနစ် PR စနစ် နှစ်မျိုးစလုံးနဲ့ မဲခွဲကျင်းပဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေကြား နယ်မြေမတည်ငြိမ်မှုတွေကြောင့် ဒီဇင်ဘာ၊ ဇန်နဝါရီ လအတွင်းမှာ အပိုင်း (၃) ပိုင်းခွဲပြီး ကျင်းပသွားဖို့ စစ်ခေါင်းဆောင်က ပြောဆိုထားပါတယ်။
စစ်အာဏာသိမ်းပြီး လေးနှစ်ကျော်အကြာမှာ စစ်တပ်ပြန်လုပ်မယ့် ရွေးကောက်ပွဲက တရားမဝင်အတုအယောင်ရွေးကောက်ပွဲ ဖြစ်ကြောင်းကို တိုင်းရင်းသားလူမျိုးများကောင်စီ (MEC)၊ ဖက်ဒရယ်ယူနစ်အဖွဲ့၊ ပြည်တွင်းသပိတ်အင်အားစုတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG နဲ့ ပြည်ပရောက်မြန်မာပြည်သူတွေကလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ပေးဖို့ နိုင်ငံတကာကို တောင်းဆိုထားတာလည်းတွေ့ရပါတယ်။
အဲဒီထဲမှာ ကချင်အမျိုးသမီးအခွင့်အရေးလှုပ်ရှားနေတဲ့ ကချင်ဖီးမင်နစ် (Kachin Feminist Intiatives) အဖွဲ့ကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထိထိရောက်ရောက် ကန့်ကွက်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းထံသို့ ဆောင်းဆိုထားတာ တွေ့ရပါတယ်။
နှစ်ပေါင်း ၇၀ ဝန်းကျင်အထိ တိုင်းရင်းသားလူမျိုးစုတွေကို နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ တရားဖမ်းဆီးခြင်း၊ အမျိုးသမီးတွေကို စစ်ရေးဗျူဟာကျကျ အဓမ္မပြုကျင့်ခဲ့တဲ့ စစ်တပ်ကျူးလွန်မှုတွေက ဒီရွေးကောက်ပွဲကြောင့် အပြစ်ကင်းလွတ်သွားစေမယ့် ရွေးကောက်ပွဲဖြစ်တယ်လို့လည်း ကချင်ဖီးမင်နစ်အဖွဲ့က နိုင်ဝင်ဘာလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ထုတ်ပြန် ကန့်ကွက်ချက်နဲ့ပတ်သက်ပြီး “ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ကြေညာလိုက်ကတည်းက တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်တိုက်ခိုက်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေ ပိုပြီးလုပ်လာတယ်။ အရပ်သားသေဆုံးတာတွေလည်း နေ့စဉ်နဲ့အလိုက်ဖြစ်ပေါ်နေတယ်။ ဒီလူ့အခွင့်အရေးချိုးဖောက်တဲ့ လိုဖြစ်စဉ်တွေဟာ ရွေးကောက်ပွဲကြောင့်ဘဲ တရားဝင်ဖြစ်လာနိုင်တယ်လို့မြင်တယ်။ အဲ့ဒါကြောင့် နိုင်ငံတကာကလည်း တရားဝင်မဖြစ်စေဖို့၊ မြန်မာပြည်သူလူထုကြီးနဲ့ ရပ်တည်ကန့်ကွက်ပေးဖို့ တောင်းဆိုနေတာပါ” လို့ ကချင်ဖီးမင်နစ် တာဝန်ရှိသူအမျိုးသမီးတစ်ဦးကပြောပါတယ်။
နေ့စဉ်အဆက်မပြတ် လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ကချင်ဒေသထဲမှာဆိုရင် စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ကချင်ပြည်လူထု တစ်ရပ်လုံးအတွက် အတုအယောင်ရွေးကောက်ပွဲသာဖြစ်သလို ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ပြင်ဆင်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ကလည်း ကချင်တစ်မျိုးသားလုံးကို ကိုယ်စားပြုခြင်းမရှိဘူးလို့လည်း ပြောဆိုထား ပါတယ်။
နိုင်ငံတကာကလည်း စစ်တပ်ရဲ့ ရွေးကောက်ပွဲကို မြန်မာနိုင်ငံအထိ လာရောက်စောင့်ကြည့် အသိအမှတ်ပေးတာတွေမလုပ်ဖို့ ကချင်ဖီးမင်နစ် (Kachin Feminist Intiatives) အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။
ကချင်ဒေသမှာ ရွေးကောက်ပွဲကျင်းပဖို့ မြစ်ကြီးနား၊ တနိုင်း၊ မိုးညှင်း၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး၊ မချမ်းဘော၊ မိုးကောင်းနဲ့ ဝိုင်းမော်မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပဖို့ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ပူတာအိုခရိုင်ထဲက မချမ်ဘော၊ ခေါင်လန်ဖူး နဲ့ ဝိုင်းမော်မြို့နယ်တွေက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာတွေဖြစ်ပြီး အဲဒီဒေသတွေမှာ ယခုနိုဝင်ဘာလအထိ တိုက်ပွဲအပြင် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားသေဆုံးမှုတွေ ဆက်တိုက်ရှိနေပါတယ်။
အခုလို တိုက်ပွဲနေရာတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ ထုတ်ပြန်ထားပေမယ့် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ဘူးလို့ တော်လှန်ရေးတပ်ဖွဲ့တွေက မှတ်ချက်ပြုထားပါတယ်။
ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် ကျင်းပသွားဖို့ ပြင်ဆင်နေတဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲအလွန်မှာ ကချင်ပြည်နယ်ထဲ တိုက်ပွဲနေရာတွေ ပိုပြီးကျယ်ပြန့်လာနိုင်တယ်လို့လည်း ကချင်အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတစ်ဦးက ဆက်ဆိုပါတယ်။
“တကယ်လို့ ရွေးကောက်ပွဲပြီးသွားရင် စစ်တပ်က ပြည်သူတွေကို တရားဝင်သတ်ဖြတ်ကျူးလွန်တာတွေပိုများလာမယ်။ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေပိုများလာမယ်။ နိုင်ငံရေးမှာလည်း မတည်ငြိမ်မှုတွေ ဆက်ပြီးတွန့်ရှည်ရင်ဆိုင် ကြုံတွေ့နေရအုံးမယ်။ နောက်ပြီး ကျမတို့ ကချင်ဒေသထဲ သဘာဝသယံဇာတပေါကြွယ်တဲ့ ဒေသတွေမှာ တရားဝင် လုပ်ကိုင်တူးဖော်မှုတွေ အခုထက်ပိုပြီးများလာမယ်” လို့ ဆက်ပြောပါတယ်။
စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အထူးစိုးရိမ်ကြောင်း KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ပြောဆိုခဲ့ပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ စစ်တပ်ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ဝင်ရောက်နှောက်ယှက်တာတွေ မရှိခဲ့ပေမယ့် ယခုတစ်ခေါက် စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲကိုတော့ တုန့်ပြန်မှုရှိမ ရှိ စောင့်ကြည့်ရမယ့် အခြေအနေတွေ့ရတယ်လို့ ကချင်နိုင်ငံရေးသုံးသပ်သူတွေ ပြောပါတယ်။
စစ်တပ်က ရွေးကောက်ပွဲကို ကျင်းပနေပေမယ့် တစ်ဖက်မှာ ထိုးစစ်လည်း ရန်တန့်သွားဖို့ အလားအလာမတွေ့ရဘူးလို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
KIA ထိန်းချုပ်နယ်မြေတွေမှာ လေကြောင်းတိုက်ခိုက်တာတွေ၊ ထိုးစစ်တွေဆက်ရှိနိုင်သေးတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကချင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကသုံးသပ် ပြောဆိုပါတယ်။ နာမည်တွေ ထည့်ရေးပေးနိင်ရင် ကေင်းတယ်
“KIA ထိန်းချုပ်နေရာတွေမှာ တိုက်ပွဲဖော်ဆောင်နေတာဖြစ်တဲ့အတွက် လက်နက်ကြီး၊ လေကြောင်းတွေက တိုက်ခိုက်နေမှာပဲ။ အဲ့ဒါကို KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တန်ပြန်ပိတ်ဆို့ တိုက်ခိုက်တာတွေ မလုပ်နိုင်ရင် ဒီလိုပဲဆက်ဖြစ်နေမှာပဲ။ ဒါကို KIA ဘက်ကလည်း ဘယ်အတိုင်းအတာအထိ ခုခံနိုင်မယ်၊ တွန်းလှန်နိုင်မယ်ဆိုတာကို စောင့်ကြည့် ဖြစ်လာမှာဖြစ်ပါတယ်”
ဒါ့အပြင် စစ်တပ်အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တော်လှန်ရေးလမ်းစဉ်အတိုင်း ဆက်လက်ဆန့်ကျင်တော်လှန်သွားမှာဖြစ်တယ်လို့လည်း KPDF တပ်ဖွဲ့ဝင်တာဝန်ရှိသူတွေက KNG ကိုပြောဆိုထားပါတယ်။
စစ်တပ်ရဲ့ ရွေးကောက်ပွဲ ပြီးမြောက်သွားရင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲလာနိုင်တယ်လို့ ပြည်သူလူထုကြားမှာ သုံးသပ်ပြောဆိုနေကြသလို ပြည်တွင်းစစ် ပိုပြီး ပြင်းထန်လာနိုင်တယ်လို့ ပြောဆိုတဲ့ ပြည်သူတွေလည်း ရှိနေပါတယ်။
ကချင်ပြည်နယ်မှာ မြို့နယ် (၁၈) ခုရှိတဲ့ထဲကနေ ၉ နေရာလောက်မှာ ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားတာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ကျင်းပခဲ့သော ရွေးကောက်ပွဲသမိုင်းကြောင်း အချက်အလက်တွေအရ မြန်မာစစ်တပ်ဟာ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘဲ အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့တာ ၂၀၂၀ အထိ ဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



