စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကို မလေးရှားအခြေစိုက် မြန်မာလူထု ပြင်းထန်စွာ ကန့်ကွက်ရှုံချ
စစ်ကောင်စီ လက်ရှိ ပြုလုပ်မယ့် ရွေးကောက်ပွဲအပေါ် မလေးရှားအခြေစိုက် မြန်မာတိုင်းရင်းသားများ ညီညွတ်ပေါင်းစည်းရေးအဖွဲ့ (COBEM) နှင့် မြန်မာရေးရာမဟာမိတ်အဖွဲ့ (MAA) တို့မှ ပြင်းထန်စွာ ကန့်ကွက် ရှုံးချကြောင်း ဒီဇင်ဘာ ၂၆ရက်နေ့မှာ ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ မတရားအာဏာသိမ်းမှုကို တရားဝင် ဖြစ်စေပြီး အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် ပြုလုပ်နေသလို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည် ပို့ဆောင်ဖို့လည်း မဟုတ်ကြောင်း ခိုင်လုံတဲ့ သက်သေအထောက်အထားနဲ့ တကွ ရှုံချကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါအပြင် စစ်ကောင်စီဟာ ပြည်သူတွေအပေါ် လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အပါအဝင် တက်ကြွလှုပ်ရှားသူတွေကို မတရားဖမ်းဆီးမှုတွေလည်း ပြုလုပ်နေပြီး ရွေးကောက်ပွဲတွေ ကျင်းပပြုလုပ်နေတာဟာ တစ်ဖက်သပ် ယုတ်မာသော လုပ်ရပ်ဖြစ်ပြီး ပြည်သူ့ဆန္ဒကို ထင်ဟပ်စေမှာ မဟုတ်ကြောင်း ဆိုထားပါတယ်။
ဒါ့ကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွေ ဖြစ်တဲ့ ကုလသမ္မဂ အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာ အစိုးရတွေကနေပြီးတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ထောက်ခံ အားပေးခြင်း မပြုလုပ်ရန်နဲ့ သံတမန်ရေး၊ စီးပွားရေး၊ နည်းပညာ ဆိုင်ရာ ထိတွေ့ဆက်ဆံမှုတွေကို ရပ်ဆိုင်းပေးရန် တိုက်တွန်းတောင်းဆိုထားပါတယ်။
စစ်ကောင်စီဟာ လာမယ် ဒီဇင်ဘာ ၂၈ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း ၁ကို ကျင်းပပြုလုပ်မှာ ဖြစ်ပြီးတော့ ရွေးကောက်ပွဲအပိုင်း ၂ကိုတော့ ၂၀၂၆ ဇန်နဝါရီလ၁၁ရက်နေ့မှာ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေတာဘဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း တစ်ဖက်မှာ စစ်ကောင်စီဟာ ကချင်ဒေသအပါအဝင် စစ်ကိုင်း၊ ရခိုင်၊ ကရင် စတဲ့ နေရာဒေသတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အစဥ်မပြတ် ပြုလုပ်နေတာကြောင့် ကလေးငယ်တွေ အပါအဝင် လူရာနဲ့ချီ သေဆုံးနေမှုတွေ ဖြစ်နေပါတယ်။
ညဏ်လင်းသစ် သုတေတနအဖွဲ့ရဲဒီဇင်ဘာ ၁၂ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဒီဇင်ဘာ၅ရက်နေ့ကနေ ၁၂ ရက်နေ့ထိ လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇၀ဦး ရှိခဲ့ပြီး ၁၁၈ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဒီဇင်ဘာ ၁၉ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဒီဇင်ဘာ ၁၂ရက်နေ့ကနေ ၁၈ရက်နေ့အတွင်း လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးသူ၄၃ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၅၀ဦးထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
By – Hope



