တိုက်ပွဲသတင်း

KIA ၏ ၂၀၂၅ ခုနှစ် စစ်ရေး မှတ်တိုင်များ

ကချင်ဒေသတွင်း ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲတွေဟာ ၂၀၂၄ ခုနှစ်က သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို ခုခံတဲ့ တိုက်ပွဲတွေအဖြစ်သာ အများဆုံးဖြစ်ခဲ့တယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။

ဒီနှစ် ၂၀၂၅ ရဲ့ နှစ်ကုန်ပိုင်းဘက်မှာ စစ်တပ်က အင်အားအလုံးအရင်းသုံးပြီးတော့ ထိုးစစ်ဆက်တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီအတွက် KIA ဘက်က သိမ်းပိုက်ထားပြီဖြစ်တဲ့ နေရာတွေကို လက်မလွတ်ရအောင် ခုခံတိုက်ခိုက် အားစိုက်နေတဲ့ အခြေအနေမှာ ရောက်နေတယ်။ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့် ၊ တနိုင်းစတဲ့နေရာဒေသအသီးသီးမှာ စစ်တပ်ရဲ့ထိုးစစ်ကို အားစိုက်ပြီး တိုက်ခိုက်နေတဲ့အခြေအနေပါ။ ၂၀၂၄ ခုနှစ်မှာ စစ်ရေးအောင်နိုင်သလောက် ၂၀၂၅ မှာက မရရှိခဲ့ပါဘူးလို့ ပြောပါတယ်။

၂၀၂၄ ခုနှစ် တစ်နှစ်တာလုံး KIA ဦးဆောင်တဲ့ တိုက်ပွဲမှာ မြို့ပေါင်း ၁၃ ခု နဲ့ စစ်တပ်စခန်း ရာနဲ့ချီ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်း ဇွန်လအထိ ဗန်းမော်မြို့သိမ်းတိုက်ပွဲမှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ရေးအရ အသာစီးရရှိခဲ့သလို အရေးပါတဲ့ အမှတ် (၅၀၁၄) တင့်ကားတပ်၊ အမတ (၃၆၆) အမြှောက်တပ်ရင်းနဲ့ ခလရ ၂၃၆ တပ်ရင်းနဲ့ ရှေ့တန်းကာကင်း တပ်စခန်းတစ်ချို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။

ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း KIA စစ်ရေးအောင်မြင်မှုနောက်တစ်ခုမှာ စစ်အင်အားနဲ့ စစ်ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ် သုံးစင်းထဲကနေ ၂ စင်းကို ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ရှုံးနေတဲ့ စစ်တပ်က ဗန်းမော်မြို့တစ်ခုလုံး လက်မလွတ်ရေးအတွက် ဇူလိုင်လကနေ စစ်သင်္ဘော အစီး ၂၀ ကျော်ခန့်နဲ့ စစ်လက်နက်၊ ရိက္ခာတွေကို ဗန်းမော်အထိ သယ်ယူနိုင်ခဲ့ပြီး KIA သိမ်းပိုက်ထားတဲ့နေရာတွေကို တစ်ကျော့ပြန် ထိုးစစ်ဆင်တိုက်ပွဲဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဇူလိုင်၊ ဩဂုတ်လအတွင်းဖြစ်တဲ့ တိုက်ပွဲတွေမှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီဖြစ်တဲ့ အမှတ်(၅၀၁၄) တင့်ကားတပ်၊ အမတ (၃၆၆) အမြှောက်တပ်ရင်းနဲ့ ခလရ ၂၃၆ တပ်ရင်းနဲ့ ရှေ့တန်းကာကင်းတပ်စခန်းတစ်ချို့ကို ပြန်ပြီးလက်လွတ်ခဲ့ရပါတယ်။

စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်မှာ ထိန်းချုပ်နေရာတစ်ချို့ပြန်လည် လက်လွတ်လိုက်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီးနော်ဘူက အခုလိုဆက်ပြောပြပါတယ်။

စစ်တပ်ကအားပြန်ယူပြီး တစ်ကျော့ပြန်တိုက်ခိုက်လာတာက အကြောင်းအရင်းလို့ပြောရမယ်။ အခုဗန်းမော်ဆိုရင် ၂၀၂၄ ခုနှစ်က လိုင်ဇာတဝိုက် စိန်လုံ (Sinlum) ဘွမ့်၊ ဂေါ်ရီကရုန် စတဲ့စခန်းသိမ်းတိုက်ပွဲတွေက ထွက်ပြေးလာတဲ့ စစ်အင်အားအများအပြားက ဗန်းမော်မှာ လာစုထားကြတယ်။ တစ်နေရာထဲမှာပဲ အခိုင်အမာနေရာယူထားကြတယ်။ ပြီးရင် စစ်သင်္ဘောတွေ ဝင်ရောက်လာပြီး စစ်အင်အား၊ လက်နက်ရိက္ခာတွေ သယ်ယူနိုင်ခဲ့တယ်။ ပြောရမယ်ဆိုရင် အင်အားက အရင်ကထက်ကြီးထွားသွားပြီး အခုချိန်အထိ အမြန်သိမ်းပိုက်နိုင်တာ မရှိဘဲ အချိန်ကြန့်ကြာနေတဲ့အနေအထားမှာကြုံနေရတယ်လို့ပြောပါတယ်။

၂၀၂၅ ခုနှစ်အတွင်း စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲတစ်ခုတည်းမှာပဲ မဟုတ်ဘဲ ၂၀၂၄ ခုနှစ်အတွင်း စစ်တပ်နေရာ အများဆုံးလက်လွတ်လိုက်ရတဲ့ ဝိုင်းမော်၊ ဖားကန့်၊ ပူတာအိုစတဲ့ဒေသတွေမှာလည်း စစ်အင်အား ထောင်နဲ့ချီအသုံးပြုပြီး ထိုးစစ်ဆင်ဖော်ဆောင်ခဲ့ပါတယ်။

ဇူလိုင်လနောက်ပိုင်း စစ်တပ်ရဲ့ ထိုးစစ်ဟာ ဗန်းမော်မြို့သိမ်းတိုက်ပွဲအပြင် ဝိုင်းမော်၊ ဖားကန့်၊ ပူတာအို စတဲ့ဒေသတွေမှာ စစ်တပ်အောက်ခံပြည်သူ့စစ်အင်အားအလုံးအရင်းအသုံးပြုပြီးတော့ ထိုးစစ်ဖော်ဆောင်ကာ တိုက်ပွဲနေရာကျယ်ပြန့်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအထိ ကျောက်စိမ်းထွက်ရှိတဲ့ ဖားကန့်နဲ့ မြေရှားသတ္တုထွက်ရာ ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူး၊ လန်ဆယ်ဒေသတွေမှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအတွက် ထိန်းချုပ်နေရာလက်မလွတ်ရေးအတွက် ခုခံတိုက်ခိုက်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်ရဲ့ တစ်နှစ်တာအတွင်း စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်နိုင်ခြင်းမရှိခဲ့ပေမယ့် တိုက်ပွဲဖော်ဆောင်နေတဲ့ တိုက်ပွဲနေရာတွေဟာ ကချင်ဒေသတစ်ခုလုံးအတွက် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအချက်အချာကျတဲ့ နေရာတွေကို ထိန်းချုပ်ကာကွယ်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြောပါတယ်။

တစ်နှစ်တာလုံး KIA ရဲ့ စစ်ရေးအခြေအနကို ချုံငုံပြီး ကြည့်ရမယ်ဆိုရင် မျှော်မှန်းထားသလောက် အောင်မြင်မှုမရရှိခဲ့တာဟာ တစ်ဖက်မှာ တရုတ်အစိုးရက စစ်ကောင်စီတပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ပေးဖို့၊ တရုတ်နယ်စပ်ဒေသနဲ့ နီးကပ်တဲ့နေရာတွေမှာ တိုက်ပွဲဖော်ဆောင်တာတွေမလုပ်ဖို့ ဖိအားပေးခံရတာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ ကချင်စစ်ရေး နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

တစ်ဖက်မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်း ဥပဒေဖြင့် ခေါ်ယူတဲ့ စစ်အင်အားတိုးလာမှု၊ စစ်တပ်ရဲ့ သစ္စာခံတွေ ဖြစ်ကြတဲ့ ဝိုင်းမော်၊ ဝါရာဇွပ် ပြည်သူ့စစ်တွေအပြင်၊ ရှမ်းနီ SNA တပ်ဖွဲ့တွေကို ခေတ်မှီတဲ့ လက်နက်အင်အားတွေ တပ်ဆင်ပေးပြီး စစ်မျက်နှာပြင်ဖွင့်ကာ တိုက်ခိုက်စေခိုင်းမှုတွေ ပါဝင်တယ်လို့ သုံးသပ်ကြပါတယ်။

ဒါ့အပြင် ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော်နဲ့ လန်ဆယ်ဒေသတွေမှာ စစ်တပ်ဟာ အရပ်သားပစ်မှတ်တွေကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ကချင်ဒေသမှာ KIA က တိုက်ပွဲဖော်ဆောင်တဲ့အခါမှာ စစ်ရေးနဲ့ နိုင်ငံရေးနှစ်ခုတစ်ပြိုင်နက်သွားနေရသလို တစ်ဖက်မှာ ထိန်းချုပ်နယ်မြေတွေ လက်မလွတ်ရေးအတွက်နဲ့ စစ်ရေးအောင်နိုင်ရေးအတွက်လည်း ကြိုးပမ်းနေရတာတဲ့အတွက် KIA ရဲ့ စစ်ရေး၊ နိုင်ငံနှစ်ခုစလုံးဟာ မျှော်မှန်းထားတာထက် ရှေ့ကို ရောက်တယ်လို့ ကချင်နိုင်ငံရေးလေ့လာသုံးသပ်သူ ဝိုင်းမော်ဒေသခံ အမျိုးသားတစ်ဦးက အခုလိုသုံးသပ်ပြောဆိုထားပါတယ်။

“KIA က စစ်ရေးတစ်ခုထဲနဲ့သွားနေတာ မဟုတ်ဘူး။ တစ်ဖက်မှာ နိုင်ငံရေးကိုလည်းကြည့်ရတယ်။  ဒါကြောင့် တိုက်ပွဲတွေ ဖော်ဆောင်တဲ့အခါမှာ စစ်ရေးနဲ့ နိုင်ငံရေး နှစ်ခုစလုံးကိုတစ်ပြိုင်နက်ကြည့်ရတယ်။ တစ်ခြားလက်နက်ကိုင် တပ်ဖွဲ့တွေက စစ်ရေးကို အခြေခံပြီး နိုင်ငံရေးလုပ်ကြတယ်။ KIA က ဒီနှစ်ခုကြားမှာ တစ်ခါတစ်လေ အားမလိုအားမရတော့ ဖြစ်တယ်။ ဒါပေမယ့် အခြေအနေကို ပြန်ကြည့်ရင် ရှေ့ကိုတောင်ရောက်တယ်လို့ပြောလို့ရပါတယ်လို့ ပြောပါတယ်။

၂၀၂၆ ခုနှစ်မှာလည်း KIO/KIA ရဲ့ စစ်ရေး၊ နိုင်ငံရေးဟာ ယခု ၂၀၂၅ ထက် အခြေအနေပိုပြီး အားကောင်းလာစေနိုင်တယ်လို့လည်း ဆက်ပြီး သုံးသပ်ပါတယ်။

ရွေးကောက်ပွဲကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲတွေဟာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးကြပ်တည်းမှုကို ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ပိုမို ရှုတ်ထွေးသွားစေမှာသာ ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

KIO အနေနဲ့လည်း စစ်တပ်ပြုလုပ်သွားမယ့် အတုအယောင်ရွေးကောက်ပွဲဟာ စစ်တပ်အာဏာတည်မြဲဖို့ရန်အတွက်သာ ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်တာကြောင့် လာမယ့်နှစ်တွေမှာလည်း တိုက်ပွဲတွေက ဆက်ပြီးရှိနေမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲက နိုင်ငံငြိမ်းချမ်းဖို့မဟုတ်ဘူး။ စစ်တပ်အာဏာကိုပိုပြီးခိုင်မာလာစေဖို့ လုပ်တဲ့ရွေးကောက်ပွဲဖြစ်တယ်။ ပြည်သူလူထုက ထောက်ခံပြီး စစ်မှန်တဲ့ရွေးကေက်ပွဲမဟုတ်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲပြီးရင်လည်း တိုက်ပွဲက ငြိမ်သက်သွားဖို့ မရှိဘူး တိုက်ပွဲတွေက ဆက်ပြီးပြင်းထန်လာနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက KNG ကို ဆက်ပြောဆိုထားပါတယ်။

တိုက်ပွဲကာလ တစ်နှစ်ကြာမြင့်လာတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ဖို့ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့ တွေက ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ တစ်ကျော့ပြန်ထိုးစစ် ပြန်ပြီးဖော်ဆောင်လိုက်တာဖြစ်ပါတယ်။

ဗန်းမော်မြို့သိမ်း တိုက်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယခုတစ်နှစ် ပြည့်လာတဲ့အချိန် တစ်ကျော့ပြန်တိုက်ပွဲ ဖော်ဆောင်လိုက်တာလည်း ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button