တိုက်ပွဲသတင်း

ကသာမြို့ အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်

လက်နက်ကြီးနဲ့ လက်နက်ငယ်သံတွေ ဒီဇင်ဘာလအစကတည်းက ခပ်စိပ်စိပ်ကြားနေရတဲ့ ကသာမြို့မှာ မြို့သိမ်းတိုက်ပွဲစတင်နေ ပြီလို့သိရပြီး စစ်ကောင်စီရဲ့အရေးပါတဲ့ စခန်းကုန်း ၂ ခုကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်အုပ်စုက ကျင်းပတဲ့ ရွေးကောက်ပွဲနေ့ဒီဇင်ဘာလ ၂၈ ရက်နေ့ မနေ့ကပဲ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ညွှန်ကြားမှု အောက်က တပ်တွေအပါအဝင် ကသာမြို့နယ်အတွင်း တာဝန်ယူထားကြတဲ့ တပ်ဖွဲ့တပ်ရင်းတွေများစွာက ကသာမြို့အစွန်နဲ့
ခမရ ၃၀၉ တပ်ရင်းတစ်ဝှိုက်က စစ်ကောင်စီစခန်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ကသာမြို့ပေါ်ကလူတွေကိုအသိပေးချင်တာက အရင်လိုပဲလှမ်းပစ်လှမ်းထုလောက်နဲ့ ပြီးသွားမှ မဟုတ်ပါဘူး။ ကိုယ့်ရဲ့အရေးကြီးတဲ့ ပစ္စည်းဆေးဝါးနဲ့ မိသားစုတွေစုစည်းပြီးတော့ ရှောင်ထွက်လို့ရတဲ့နေရာတွေကနေ ထွက်ကြပါလို့ သတိပေးချင်ပါတယ်။ အခုက အရေးပါတဲ့ ကုန်း ၂ ခုပြီးသွားပြီ။ အလုပ်တော့ ဆက်လုပ်နေတယ် လို့ ပြောပါတယ်။

သိမ်းပိုက်ရမိတဲ့ စခန်းကုန်း ၂ ခုနဲ့ပတ်သက်ပြီး သတင်းရင်းမြစ်က အသေးစိတ်ဖြေကြားခြင်း မရှိပါဘူး။

ကသာမြို့တွင်းနေထိုင်တဲ့ ဒေသခံအများစုနဲ့ မြို့အစွန်ကျေးရွာက ဒေသခံတွေကတော့ ပြင်းထန်လာတဲ့ ပစ်ခတ်သံတွေကြောင့် ဧရာဝတီမြစ်ကမ်းနဘေး ဘေးလွှတ်တဲ့နေရာတွေ၊ ဧရာဝတီမြစ်ရဲ့တစ်ဖက်ကမ်းရှမ်းပြည်နယ်နဲ့ တခြားဘေးလွှတ်ရာတောတောင် တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြပြီလို့ သိရပါတယ်။

ဒါပေမဲ့ ပစ်ခတ်သံတွေပြင်းထန်လာတာနဲ့အတူ စစ်ကောင်စီကလည်းမြို့အဝင်အထွက်နေရာတွေကို သွားလာခွင့်ပိတ်ထားပြီး မြို့ခံ တချို့ပိတ်မိနေကြတယ်လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲကတော့ ကြံတောကျေးရွာ ခမရ ၃၀၉ အနီးတစ်ဝှိုက်တွေမှာဖြစ်ပွားနေတာဖြစ်ပြီး ဒီကနေ့ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းအထိနောက်ဆုံးသိရတာကတော့ ကသာမြို့ပေါ်ဇေယျာချောင်ရပ်ကွက်အနောက်ဘက် ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၈ တွေအထိ တိုက်ပွဲ ကကူးစက်လာပြီလို့ သိရပါတယ်။

မြို့ခံတွေအများစုကတော့ ကားတွေဆိုင်ကယ်တွေနဲ့ပြေးနေကြတယ်။ ကျနော်တို့မြစ်ကမ်းနဘေးရွာတွေဆီလည်းရောက်တယ်။ ရှမ်းပြည်ဘက်တွေလည်းပြေးတဲ့သူရှိတယ်။ ကသာမြို့ပေါ်ကသူတွေတောင် ကျနော်တို့ရွာကဘုန်းကြီးကျောင်းတွေမှာ ရွာတွေထဲ ရောက်နေကြပြီ ကသာကစစ်ရှောင်တွေ” လို့ ကသာမြို့ပြင် ဧရာဝတီမြစ်ကမ်းနဘေးကျေးရွာတစ်ခုမှာနေထိုင်တဲ့ဒေသခံတစ်ဦး ကပြောပါတယ်။

ကသာမြို့မှာ စစ်အုပ်စုကျင်းပမယ့်ရွေးကောက်ပွဲလ ဒီဇင်ဘာလအစ ၄ ရက်နေ့လောက်ကစပြီး စစ်ကောင်စီရဲ့အထိုင်တပ်တွေက နေ လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာတွေဆက်တိုက်ကြားနေရတာဖြစ်ပြီး ရွေးကောက်ပွဲ မရောက်ခင်တစ်ရက်အလိုမှာဘဲ နှစ်ဖက်ပစ်ခတ်သံတွေပါ စတင်ကြားလာရတာဖြစ်ပါတယ်။

ဒီကနေ့ တိုက်ပွဲမှာတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ ကြံတောကျေးရွာ ခမရ ၃၀၉ အနီးတစ်ဝှိုက်က နေအိမ်တချို့ပေါ် ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်မီးလောင်မှုတွေရှိနေတယ်လို့သိရပါတယ်။

ကသာမြို့နယ်အခြေနေဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုင်ငံတစ်ဝှမ်းမြို့သိမ်းတိုက်ပွဲတွေပြင်းထန်လာချိန်ကစလို့ တော်လှန်ရေးအင်အားစု တွေက ကသာမြို့ပြင်ကကျေးရွာတွေအများစုကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းတွေအရ ကသာမြို့မှာ မြို့ပေါ် ရပ်ကွက် ၁၀ ခုနဲ့ ကျေးရွာအုပ်စု ၃၂ ခုရှိပြီး လူဦးရေ ၁သိန်း၆သောင်း ကျော် ရှိတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button