ကုန်တွဲကား အခွန်တိုးမြှင့်မှုကို လျှော့ပေါ့ပေးဖို့ ကားသမားအချို့ တောင်းဆို
မြစ်ကြီးနား–ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေးလမ်းတစ်လျှောက်မှာ ပြေးဆွဲနေတဲ့ ကုန်တွဲကားတွေကို အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် ကားသမားတွေ အခက်အခဲ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
၂၀၂၆ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO အစိုးရက ကုန်တွဲကားတွေကို တစ်နှစ်စာ အခွန်ကျပ် ၂၅သိန်း ပေးဆောင်ခိုင်းနေပေမယ့် ငွေပေးချေမှု ဖြတ်ပိုင်းမှာတော့ သိန်း ၂၀ သာ ရေးထားတယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ်တုန်းက တစ်နှစ်စာ ၁၀ သိန်း၊ ၂၀၂၅ ခုနှစ်မှာ သိန်း ၂၀ ထိရောက်ခဲ့ပြီး ၂၀၂၆ ခုနှစ်မှာတော့ ၂၅ သိန်းထိ ပြန်လည် တိုးမြင့်လာတာ ဖြစ်ပါတယ်။
ကုန်တွဲကားတွေဟာ တစ်နှစ်စာ အခွန်အပြင် လမ်းကြောင်းတလျောက် ဂိတ်အသေး စုစုပေါင်း ၁၅ ခုခန့်မှာ ပေးဆောင်နေမှုမှာ ကျပ်ငွေ ၃ သိန်းဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။
ဒါတင် မကဘဲ စစ်ကောင်စီရဲ့ မိုင်းနား မဆသဂိတ်၊ လဆန်အောင် ပြည်သူ့စစ်ဂိတ်နဲ့ လီဆူ ပြည်သူ့စစ်ဂိတ်တွေရှိနေပြီး အဲဒီဂိတ်တွေမှာတော့ ဂိတ်ခွန်ကို ကျပ် ၃ သိန်းကနေ ၅သိန်းအထိ ကောက်ခံလေ့ရှိနေတယ်လို့ ပြောပါတယ်။
ဂိတ်ကြေးတွေအပြင် တစ်နှစ်စာ အခွန်တွေပါ ပြန်လည် ပေးဆောင်နေရတဲ့ ကုန်တွဲကားပိုင်ရှင်တွေ အတွက်တော့ အမြတ်အစွန်း မရရုံသာမက အရှုံးပေါ်မှုတွေ ဖြစ်လာတာကြောင့် အခွန်တွေကို လျှော့ပေါ့ပေးလိုကြောင်း ကုန်ကားတွဲပိုင်ရှင်တစ်ဦးက ခုလို ပြောပါတယ်။
“တကယ်လို့ မကောက်မနေရဆိုရင်တောင် တစ်နှစ်လုံးအတွက်မဟုတ်ဘဲနဲ့ တစ်ချို့ဆိုရင် တစ်နှစ်လုံးမှာမှ ၅ ခေါက်၆ခေါက်လောက်ဘဲ ထွက်နိုင်တယ်။ တစ်နှစ်မှ ၅ခေါက်၆ခေါက်ဘဲ ထွက်နိုင်တဲ့သူတွေအတွက်က တစ်နှစ်စာ ဆောင်လိုက်လို့ရှိရင် ဘာအမြတ်မှ မရှိဘူး။ ကျွန်တော်တို့ ကားပိုင်ရှင်တွေက ကားသမားတွေကို ကျွေးမွေးနေသလိုဘဲ ဖြစ်သွားတယ်” လို့ ဆိုပါတယ်။
KIO အစိုးရအနေနဲ့ ဘဏ္ဍာရေးဌာန (Sut Gan dap) က သတ်မှတ်ထားတဲ့အတိုင်း ကုန်ပစ္စည်းတွေပေါ်မူတည်ပြီး အရင်နှစ်တွေတုန်းက အတိုင်း မပြောင်းလဲဘဲ ကောက်ခံနေဆဲဖြစ်တယ်လို့ သိရပါတယ်။

“ဒီစားသောက်ကုန်တွေကိုတော့ ၂ ရာခိုင်နှုန်းကောက်တယ် သူ့ရဲ့ ဈေးနှုန်းပေါ်မူတည်ပြီး ဆေးလိပ်အရက်တွေကိုတော့ ၈ ရာခိုင်းနှုန်း ကောက်တယ်။ ဘဏ္ဍာရေးဌာနက ထုတ်ပြန်ထားတဲ့ စာတမ်းမှာကတော့ မျိုးစုံရေးထားပြီး အဲဒီထဲက အတိုင်းကောက်တယ်။ အစိုးရက သတ်မှတ်ထားတဲ့ တရားနဲ့ အညီ တခြားပုံစံမျိုးနဲ့ ပိုလည်း ကောက်လို့မရသလို ကောက်လည်း မကောက်ဘူး” လို့ KIO အစိုးရ ဘဏ္ဍာရေးဌာနရဲ့ တာဝန်ရှိသူ အမျိုးသား တစ်ဦး ဆိုပါတယ်။
ကေအိုင်အို အစိုးရက သွင်းကုန်နဲ့ ပို့ကုန် အခွန်စည်းကြပ်မှုတွေကို ၂၀၂၅ မေလနောက်ဆုံးပတ် ကစပြီး ကန်ပိုင်တီ တရုတ်နယ်စပ်မြို့ စုပေါင်းဂိတ်မှာ လူဝင်မှုကြီးကြပ်ရေး လဝကရုံး၊ ရဲတပ်ဖွဲ့၊ စီးပွားရေးဌာန နဲ့ ဘဏ္ဍာရေးဌာနတွေကို ထားရှိပြီး ကောက်ခံနေတာ ဖြစ်ပါတယ်။
ကုန်ပစ္စည်း အခွန်တွေကို စီးပွားရေးဌာနနဲ့ ဘဏ္ဍာရေးဌာနက စည်းကြပ်သွားမှာဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေး လဝကရုံးကတော့ အဓိကအားဖြင့် ကန်ပိုင်ဂိတ်နဲ့ တရုတ်ပြည်ကို အဝင်အထွက်လုပ်တဲ့ လူတွေအပေါ် အခွန် ကောက်ခံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
သို့ပေမယ့်လည်း ဒေသတွင်း ကုန်တွဲကား ပိုင်ရှင်တွေ အတွက်ကတော့ ပြေစာမှာပါတဲ့ အခွန်တွေထက် ပမာနပိုများတဲ့ ငွေကြေးကို ပေးဆောင်နေရသလို လက်ရှိပေးဆောင်နေရတဲ့ အခွန်တွေက ကုန်သယ်ယူပို့ဆောင်မှုကရတဲ့ ငွေကြေးနဲ့ တွက်ခြေမကိုက် ဖြစ်နေတယ်လို့ ဆိုပါတယ်။
မြစ်ကြီးနား – ကန်ပိုင်တီ လမ်းကြောင်းမှာ ဒေသခံ ကုန်တွဲကားတွေထက် တရုတ်ကုန်တွဲကားတွ ပိုများသလို တရုတ်ကားတွေ အတွက်ကတော့ ငှက်ပျော်သယ်တဲ့နေရာက အမြတ်မရရင်တောင် တရုတ်ပြည်က လောင်စာဆီတွေ သယ်လို့ရနေတဲ့အတွက် အမြတ်အစွန်းတွေ ရနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း ဒေသခံကုန်တွဲကားတွေက တရုတ်ကားတွေလို ဆီတွေသယ်ယူခွင့် မရှိတဲ့အတွက် တရုတ်ကားတွေလို အခွန်ဆောင်နိုင်ဖို့ ခက်ခဲနေတယ်လို့ ပြောဆိုပါတယ်။ ဒီအခြေအနေတွေကြောင့် ဒေသခံ ကုန်ကားပိုင်ရှင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းနဲ့ စားဝတ်နေရေးတွေကိုပါ ထိခိုက်လာတာ ဖြစ်ပါတယ်။
ကားသမားတွေရဲ့ ပြောပြချက်အရ တရုတ်ပြည်နယ်စပ်ဂိတ်ကနေ စားသုံးကုန်တွေအပါအဝင် တခြားကုန်ပစ္စည်းတွေ သယ်ယူပိုဆောင်တဲ့ ကုန်ကား ခန့်မှန်းချေ လစဉ် အစီး ၁၀၀ ကနေ ၂၀၀ ထိ ရှိနိုင်တယ်လို့ သိရပါတယ်။
အဲဒီကုန်ကားတွေထဲမှာ ငှက်ပျောသယ်ကား၊ ကုန်ပစ္စည်းသယ် ၂၂ဘီးကား၊ ၁၂ ဘီးကား၊ ၆ ဘီးကားထိ အမျိုးမျိုးရှိပေမယ့်လည်း ကားလမ်းကြောင်းအခြေအနေ အမျိုးမျိုးကြောင့် တစ်ခါတစ်ရံ လမ်းခရီးမှာ တစ်ပတ် ဆယ်လောက်ဝန်းကျင် ကြာမြင့်တတ်လို့ တစ်လကို ၂ ကြိမ်လောက်သာ ကားထွက်နိုင်တယ်လို့ ဆိုပါတယ်။
၂၀၂၄ခုနှစ်က ကေအိုင်အေ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ ကချင်–တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့မံဝန်းကြီး၊ လွယ်ဂျယ်၊ ကန်ပိုင်တီ၊ ဖီမော် စတဲ့ဂိတ်တွေကို တရုတ်ဘက်က ပိတ်ထားခဲ့ရာမှ အောက်တိုဘာ၂၅ရက်နေ့မှာတော့ အဲဒီဂိတ်တွေအပါအဝင် ဌာနချုပ်ရှိရာ လိုင်ဇာဂိတ် နဲ့ မိုင်ဂျာယန်ဂိတ်တွေကို ပြန်လည် ဖွင့်ပေးလိုက်တာဘဲ ဖြစ်ပါတယ်။
မြစ်ကြီးနားမြို့အတွက် ကုန်ပစ္စည်းတွေ သယ်ယူရတာက ပိုမိုလွယ်ကူလာပေမယ့်လည်း ကုန်ဈေးနှုန်းတွေ သိသိသာသာ လျှော့နည်းသွားတာမျိုး မရှိဘူးလို့ မြစ်ကြီးနား ဒေသခံတွေ ပြောပါတယ်။
By – Hope



