တနိုင်းပယင်းမှော်ဘက်ကျန်နေတဲ့ပြည်သူတွေထွက်လာကြဖို့ စစ်တပ်က ဒုတိယအကြိမ်သတိပေး
ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲက ရွှေမှော်၊ပယင်းမှော်တွေဘက် စစ်ကောင်စီတပ်က လက်နက်ကြီးတွေပစ်ခတ်နေပြီး မှော်ထဲမှာကျန်နေတဲ့ပြည်သူတွေအားလုံးထွက်လာကြဖို့ ထပ်မံသတိပေးထားကြောင်း ဒေသခံများထံမှ သိရပါတယ်။
တနိုင်းမြို့နယ်ထဲက နမ်ဗျူ၊လပူခ၊လမုန်ခ၊ဝေလွန်စတဲ့ရွှေမှော်နဲ့ပယင်းမှော်တွေဘက်ကို စစ်ကောင်စီတပ်က ဒီရက်ပိုင်းလက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေပြီး မှော်ထဲက မထွက်လာသေးတဲ့ပြည်သူတွေကိုလည်းထွက်လာကြဖို့ထပ်မံသတိပေးထားကြောင်း လမုန်ခမှော်ကနေပြန်လာတဲ့ ၃၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“မနေ့ကမှရွှေမျော်ကနေပြန်လာတာ တိုက်ပွဲကတော့ဖြစ်လိုက်နားလိုက်ပဲ။ဒါပေမယ့် လက်နက်ကြီးကတော့ဆက်တိုက်ပစ်နေတယ်။ ရွှေမျော်ရှိတဲ့ဘက်တွေပစ်နေတာ မှော်ထဲမှာလူနေလို့မရအောင်ပစ်နေတာ မနေ့ကလည်း ကျနော်တို့မျောလုပ်နေတုန်းပစ်လို့ပြန်လာခဲ့တာ လုပ်ငန်းလုပ်လို့မရအောင်ကိုလက်နက်ကြီးတွေဆက်တိုက်ပစ်နေတာ”လို့သူကပြောပါတယ်။
တနိုင်းအခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)ကပြီးခဲ့တဲ့ဒီဇင်ဘာ ၂၀ ရက်နေ့မှာ တနိုင်းဒေသထဲကရွှေမှော်၊ပင်းမှော်အားလုံးမှာရောက်နေတဲ့ပြည်သူတွေထွက်လာကြဖို့ အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၇ရက်နေ့မှာ မှော်တွေဘက်သွားတဲ့လမ်းတွေအားလုံးပိတ်ထားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် ဇန်နဝါရီလ ၅ရက်နေ့လမ်းတွေပြန်ဖွင့်ပေးပြီး အရပ်သားတစ်ချို့ထွက်လာကြဖို့ဒုတိယအကြိမ်အမိန့်ပေးထားကြောင်းတနိုင်းမြို့ခံအမျိုးသမီးတစ်ဦးက KNGကိုပြောပါတယ်။
“မှော်တွေကတော့မဖွင့်သေးဘူးမနေ့ကမှလမ်းတော့ပြန်ဖွင့်ပေးတယ်။ ဒါပေမယ့် မှော်ထဲမှာကျန်နေတဲ့လူတွေထွက်လာခိုင်းဖို့နဲ့ မှော်ထဲမှာကျန်နေတဲ့စက်ပစ္စည်းတွေမြန်မြန်သွားယူကြဖို့ သတိပေးထားတယ်တဲ့အခုထွက်လာတဲ့သူလည်းထွက်လာ ပစ္စည်းသွားယူတဲ့သူတွေလည်းသွားယူနေကြတယ်”လို့သူကပြောပါတယ်။
တနိုင်းဒေသထဲက နမ်ဗျူ၊အောင်လော့၊ဝေလွန်၊စံလွန်၊လမုန်ခ၊ရေကြည်မှော်၊တုံမနီ၊ဒလူးစတဲ့ရွှေမှော်နဲ့ပယင်းမှော်တွေမှာရောက်နေတဲ့ပြည်သူတွေထွက်လာဖို့ တနိုင်း ဒ.က.စ ကရွှေကောက်ပွဲအပိုင်း (က) မကျင်းမှီတစ်ပတ်ခန့်အလိုမှာအမိန့်ထုတ်ပြန်ခဲ့ပေမယ့် လူဦးရေတစ်ဝက်ခန့်သာထွက်လာပြီးထက်ဝက်ခန့်ကျန်ရှိနေသေးတာကြောင့်ဒုတိယအကြိမ်ထွက်လာကြဖို့ ထပ်မံအမိန့်ပေးထားတာလို့သိရပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ မှော်တွေမှာ စစ်ကောင်စီနဲ့ မင်းဇေသန့်ပြည်သူ့စစ်ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်ကျော်ကတည်းက ထိုးစစ်ဆင်နေပြီးလက်ရှိအချိန်အထိ နှစ်ဖက်တိုက်ပွဲတွေရှိနေသေးကြောင်းသိရပါတယ်။
“KIAဘက်ကတော့ မသိရဘူး စစ်သားတွေနဲ့ ပြည်သူ့စစ်တွေကနေ ဒီကနေသွားနေကြတယ် မှော်ဘက်ကို သွားလိုက်ပြန်လိုက်ပဲ ပယင်းမှော်ရွှေမှော်တွေကိုသူတို့ထိန်းချုပ်မယ်ဆိုပြီးထိုးစစ်ဆင်နေတာတဲ့”လို့ တနိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက တနိုင်းဒေသဘက်ကုန်းကြောင်း၊လေကြောင်း၊ဒရုန်းတွေသုံးပြီးအင်အားသုံးထိုးစစ်ဆင်နေတာကြောင့် KIAဘက်က ကာကင်းစခန်းအချို့လက်လွှတ်ထားရကြောင်းသိရပါတယ်။
စစ်ရေးအကြောင်းပြချက်နဲ့ တနိုင်း ဒ.က.စ ကမှော်ထဲကပြည်သူတွေကိုထွက်လာကြဖို့အမိန့်ပေးထားတာကြောင့်လက်ရှိတနိုင်းမြို့ပေါ်မှာစစ်ရှောင်ပြည်သူတွေနဲ့ပြည့်နေပြီး အိမ်ငှားခနဲ့အခန်းငှားခတွေလည်းအဆမတန်စျေးတက်နေကြောင်းလည်းသိရပါတယ်။
နမ်ဗျူမှော်နဲ့ လမုန်ခမှော်အနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KIAပူးပေါင်းတပ်တွေကြားနှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် တနိုင်းမှော်ဒေသတစ်ခုလုံးမှာ အခုလိုစစ်ရေးပြင်းထန်လာတာဖြစ်ပါတယ်။
By – Zaw Zaw



