ကသာမြို့နယ် ကူးတို့ဆိပ် ဖြတ်သန်းခဈေးနှစ်ဆတက်
စစ်ကိုင်းနဲ့ကချင်အစပ် ကသာမြို့သိမ်းတိုက်ပွဲဖြစ်ပြီး ရက်ပိုင်းအတွင်းမှာပဲ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးကအင်းရွာ–ကလုံ ကူးတို့ဆိပ်တွေ ဖြတ်သန်းခဈေးနှစ်ဆတက်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
နာရီဝက်ကြာ ကြာမြင့်တဲ့ အင်းရွာ–ကလုံ ဖြတ်သန်းခဟာ ပုံမှန်ဆိုရင် ကျပ် ၆ ထောင်သာရှိပေမဲ့ ကသာမြို့သိမ်းတိုက်ပွဲစတင်ပြီး ရက်ပိုင်းအကြာမှာဘဲ ကျပ် ၁၁၀၀၀ ထိဈေးတက်သွားတယ်လို့ ကသာမြစ်ကမ်းနဘေးကဒေသခံတစ်ယောက်ကပြောပါတယ်။
“အခုလိုကသာက ရုတ်ရုတ်သဲသဲဖြစ်တဲ့အချိန်မှာ အဲ့လိုဖြစ်နေတာပေါ့။ သာဂရ–သပြေသာ၊ အင်းရွာ–ကလုံပေါ့ ကြာချိန်တွေက အတူတူပဲ သာဂရ–သပြေသာက ၆ထောင်ပဲ။ အင်းရွာ–ကလုံက ၁၁၀၀၀ ဆိုတော့ ထက်ဝက်ကြီးကွာနေတာ။ ကသာမြို့သိမ်းတိုက် ပွဲဖြစ်ပြီးမှဈေးကတက်သွားတာ။ အခုဆိုအကုန်လုံးကကြပ်တည်းနေကြတာကို”လို့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ ကသာမြို့သိမ်းတိုက်ပွဲစတင်ချိန်မှာလည်း ကသာမြို့လုံးကျွတ်နီးပါးစစ်ဘေးရှောင်ကြရချိန် ရေလမ်းကြောင်းကိုသာအသုံးပြု ထွက်ပြေးတိမ်းရှောင်ကြရပြီး ဒီအခြေနေကိုအသုံးချပြီး ကလုံ –အင်းရွာ ဖြတ်သန်းခတွေက ဈေးတက်ကုန်တာလို့ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ဒီရေကြောင်းလမ်းတွေကိုအဓိကအသုံးပြုနေကြရသူတွေထဲ ကသာမြို့နယ်ဧရာဝတီမြစ်ကမ်းနဘေးနေထိုင်ကြတဲ့ ဈေးသည်အများစုနဲ့ အခြေခံ လူတန်းစားများစွာပါဝင်တယ်လို့သိရပါတယ်။
“စီးပွားရေးအတွက်ပဲမကြည့်ပဲနဲ့ ပြည်သူတွေအတွက်လည်းကြည့်ရမှာ။ အခုက စစ်ဘေးရှောင်တွေကလည်း ဒုက္ခရောက်ကြ တယ်။ ဒီလမ်းကြောင်းသုံးတဲ့သူတွေက ဈေးဝယ်သူတွေပေါ့ ကျနော်တို့ဘက်မှာကဈေးကြီးတွေမရှိတော့ အင်းရွာကိုသွားပြီးမှ ဈေးဝယ်ရတယ်။ အဲ့အင်းရွာကနေမှတဆင့် ငအိုး၊ ရွှေကူ၊ မောင်းကုန်း အဲ့လိုသွားပြီးဈေးဝယ်ရတာ”လို့အဆိုပါရေလမ်းကြောင်းကိုလက်ရှိအသုံးပြုသူတွေဟာ စစ်ဘေးရှောင်နဲ့ အခြေခံလူတန်းစားတွေဖြစ်ကြောင်း အထက်ပါ ဒေသခံကရှင်းပြပါတယ်။
ကသာမြို့နယ်ဧရာဝတီမြစ်ကမ်းနဘေးနေထိုင်တဲ့ဒေသခံတွေဟာ ပြီးခဲ့တဲ့ အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ ရေလမ်းကို အဓိကထားအသုံးပြုနေရတာ ၂ နှစ်ကျော်ကြာရှိလာပြီဖြစ်ပြီး ကသာမြို့တွင်းလမ်းကလည်းစစ်ကောင်စီရဲ့ စစ်ဆေးရေးနဲ့ ဖမ်းဆီးမှုတွေကြောင့် ဒေသခံတွေအသုံးမပြုရဲကြပါဘူး။
ရေလမ်းကြောင်းတွေကို အဓိကမှီခိုနေထိုင်ကြရတဲ့ ကသာမြို့နယ် ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာတွေမှာ လက်ရှိတော့ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီး ဒီနေရာတွေမှာ ရေလမ်းကြောင်းပြေးဆွဲဖို့အတွက် NUG ကဖွဲ့စည်းထားတဲ့ စည်ပင်သာယာအဖွဲ့ဆီမှာ ကူးတို့နေရာလေလံဆွဲရတယ်လို့ ဒေသခံတွေကပြောပါတယ်။
စစ်ကိုင်းနဲ့ကချင်အစပ်မှာရှိတဲ့ စစ်ကိုင်းတိုင်းထဲက NUG စိုးမိုးထားတဲ့နယ်မြေတွေအပါအဝင် တစ်ခြားသောဒေသတွေမှာ ရှိတဲ့ NUG စိုးမိုးနယ်မြေတွေမှာ အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ကြားကာလအုပ်ချုပ်ရေးယန္တရားတွေနဲ့လည်ပတ်နေပြီး စိန်ခေါ်မှုတွေလည်းများစွာရှိနေတာဖြစ်ပါတယ်။
By – အမိုး



