ပိတ်မိနေတဲ့စက်လှေတွေရောက်လာပေမယ့် စားသောက်ကုန်တင်တဲ့စက်လှေမပါတာကြောင့် ဟုမ္မလင်းဒေသခံတွေအခက်တွေ့
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွက် သုံးလမှတစ်ကြိမ်ဝင်ရောက်လာတဲ့ ကုန်စက်လှေတွေထဲမှာ စားသောက်ကုန်နဲ့အခြေခံလူသုံးကုန်တင်တဲ့စက်လှေတွေပါမလာတာကြောင့် ဒေသခံတွေ ကုန်စျေးနှုန်းကြီးတာ၊ကုန်စည်ရှားပါးတာတွေကြုံတွေ့နေရဆဲလို့ ဟုမ္မလင်းဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ မုံရွာကနေ ဟုမ္မလင်းကို ဆန်တက်လာတဲ့ ကုန်စက်လှေအစီး ၂၀၀ ဝန်းကျင်ဟာ ချင်းတွင်းမြစ်မှာသုံးလကြာပိတ်မိခဲ့ပြီးနောက် ဇန်နဝါရီလဆန်ပိုင်းမှာမှ ဟုမ္မလင်းမြို့ပေါ်ကိုရောက်လာခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။
ဒါပေမယ့် အဲဒီစက်လှေထဲမှာ စားသောက်ကုန်နဲ့ နေ့စဥ်လူသုံးကုန်ပစ္စည်းတင်စက်လှေတွေတွေမပါလာတဲ့အတွက် ဒေသခံတွေအခက်အခဲ ဖြစ်နေတယ်လို့ ဟုမ္မလင်းမြို့ခံအမျိုးသမီးတစ်ဦးကKNG ကိုပြောပါတယ်။
“ရောက်ခဲ့တယ် ဒါပေမယ့် ဓာတ်ဆီ၊ဒီဇယ်နဲ့ဘိလပ်မြေတွေပါ့ တခြားဆောက်လုပ်ရေးပစ္စည်းတွေပဲပါတယ် စားသောက်ကုန်တို့ ပြီးတော့ ဆပ်ပြာတွေဘာတွေပေါ့အလှန်ကုန်တွေတင်တဲ့စက်လှေတွေကမရောက်ခဲ့သေးဘူး အခြေခံလူတန်းစားတွေတွက်က မထူးဘူး လုပ်ငန်းရှင်ကြီးတွေနဲ့တပ်က ပစ္စည်းတွေပဲပါတယ်”လို့ သူကပြောပါတယ်။

စစ်ရေးခြေနေကြောင့်ချင်းတွင်းမြစ်ကြောင်းပေါ်မှာ သုံးလကြာပိတ်မိခဲ့တဲ့ ကုန်စက်လှေ အစီး ၂၀၀ ဝန်းကျင်ဟာ ဇန်နဝါရီ လ ၆ ရက်နေ့ညကနေစပြီး ဟုမ္မလင်းမြို့ပေါ်ကိုစိုက်ရောက်လာခဲ့ပေမယ့် စားသောက်ကုန်နဲ့အခြားအခြေခံလူသုံးကုန်စက်လှေတွေတော့ဒီကနေ့အထိမရောက်သေးဘူးလို့သိရပါတယ်။
ဇန်နဝါရီလ ၆ ရက်နေ့က ရောက်လာခဲ့တဲ့ ကုန်စက်လှေတွေထဲမှာလည်း စစ်တပ်က စက်သုံးဆီနဲ့ဘိလပ်မြေတွေတင်တဲ့စက်လှေတွေက ထက်ဝက်ခန့်ပါတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
“စက်သုံးဆီရောက်တယ် ဒါပေမယ့် စျေးမကျဘူးအပြင်မှာက တပ်ထဲမှာတော့နည်းနည်းလျော့စျေးနဲ့ရောင်းပေးနေတယ်။ တပ်က စက်သုံးဆီပေပါတင်တဲ့စက်လှေတွေအများကြီးပါတယ်အခုစရောက်တဲ့ထဲမှာ”လို့ အထက်ဖော်ပြပါအသက် ၄၀ ကျော်အရွယ်အမျိုးသမီးကပြောပါတယ်။
စက်သုံးဆီတင်တဲ့စက်လှေတွေအများပိုင်းရောက်လာပေမယ့် စစ်တပ်ကတင်တဲ့စက်လှေတွေက ထက်ဝက်လောက်ပါနေတာကြောင့် ဒီကနေ့အထိ ဟုမ္မလင်းမြို့ပေါ်မှာစက်သုံးဆီစျေးကျတာမရှိသေးဘူးလို့သိရပါတယ်။
“ဆီပေပါတွေမရောက်ခင်ကလည်း ဓာတ်ဆီတစ်လီတာ တစ်သောင်းနှစ်ထောင် အခုလည်းတစ်သောင်းနှစ်ထောင်ပဲ ဒီဇယ်လည်းအတူတူပဲ ဆီပေပါမရောက်ခင်ကတည်းက တစ်လီတာ တစ်သောင်း ခြောက်ထောင်က အခုလည်း တစ်သောင်းခြောက်ထောင်ပဲ စျေးမကျလာဘူးတပ်ကဆီတွေပဲအများပိုင်းပါတာ”လို့နောက်ထပ် ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိဟုမ္မလင်းမြို့ပေါ်မှာစားသုံးဆီ၊ ဆား၊ငပိ၊ကွမ်းရွက်၊ ဆပ်ပြာ၊ခေါင်းလျှော်ရည်၊ စတဲ့အခြေခံစားသောက်ကုန်နဲ့လူသုံးကုန်တွေစျေးကြီးပေးဝယ်နေရပြီး ကုန်စည်ပြတ်တာတွေလည်းရှိတယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နယ်အတွက် အဓိက ကုန်စည်ဝင်ပေါက်ဖြစ်တဲ့ မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းဟာ စစ်အာဏာသိမ်းနောက်ပိုင်ကောလင်း၊ ကနီ၊ဖောင်းပြင်၊ ကလေးဝ၊ မော်လှိုက်စတဲ့မြို့နယ်တကြောမှာ တိုက်ပွဲတွေကြာင့် ရေကြောင်းပိတ်စို့မှုတွေမကြာခနကြုံတွေ့နေရတာဖြစ်ပါတယ်။
မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းပေါ်မှာရှိတဲ့ ဟုမ္မလင်းမြို့နယ်ထဲက ရွှေပြည်အေးမြို့တစ်ကိုတော့ ဟုမ္မလင်းPDF တွေထိန်းချုပ်ထားပြီး ရေကြောင်းရဲ့အများပိုင်းကိုစစ်ကောင်စီတပ်ထိန်းချုပ်ထားဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်အနေနဲ့လည်း မုံရွာ–ဟုမ္မလင်းရေကြောင်းလမ်းကိုသုံးပြီး ဟုမ္မလင်း၊ဖောင်းပြင်၊ ခန္တီးဘက်ကို စစ်လက်နက်ပစ္စည်းနဲ့ စားနပ်ရိက္ခာတွေတစ်နှစ်ကို နှစ်ကြိမ်ကနေ သုံးကြိမ်အထိပို့ဆောင်လျက်ရှိပါတယ်။
By – Zaw Zaw



