မြစ်ကြီးနားမှာ အမျိုးသမီးတစ်ဦးအုပ်စုဖွဲ့မုဒိန်းမှုကျူးလွန်ထဲ ၆ ဦးအနက် ၃ ဦးဖမ်းဆီးရမိ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ အမျိုးသမီးတစ်ဦးကိုအုပ်စုဖွဲ့မုဒိန်းမှုကျူးလွန်သူ ၆ ဦးထဲက ၃ ဦးကိုဖမ်းဆီးရမိထားကြောင်း မြို့ခံတွေဆီကနေ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် ည ၈ နာရီမှာဖြစ်ခဲ့တာဖြစ်ပြီး အသက် ၄၀ အရွယ်အမျိုးသမီးနှစ်ဦးနဲ့ အသက်၂၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ စီတာပူရပ်ကွက်ကအပြန် နေအိမ်အပြန် ဂျပန်လမ်းတစ်နေရာမှာ နှာခေါင်းစီးထားတဲ့ အမျိုးသား ၆ ဦးက တားဆီးရိုက်နှက်ပြီး အမျိုးသမီးငယ်တစ်ဦးကို မုဒိန်းကျင့်သွားတာဖြစ်ပါတယ်။
အဲဒီဖြစ်စဉ်ဖြစ်ပြီး ၃ ရက်မြောက်နေ့မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်ရဲတွေလိုက်လံစုံစမ်းရာ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက် KTV တစ်ခုမှာ လုယူသွားတဲ့ကားကိုလာပေါင်ရာကနေ ပြစ်မှုကျူးလွန်သူတစ်ဦးကိုအရင်ဆုံးဖမ်းမိပြီး နောက်ထပ်နှစ်ဥိီးကို စက်မှုရပ်ကွက်မှာ ထပ်ဖမ်းမိတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။
“သူတို့လုသွားတဲ့ကားကို KTV မှာ ကားလာပေါင်တဲ့ကိစ္စကနေမိတာ ကားအရင်မိတယ် ပြီးမှ ကွင်းဆက်ပြန်လိုက်တော့ ပထမဆုံးတစ်ယောက်ကိုမိတယ်။ အဲမိတဲ့သူကို စစ်မေးတဲ့နောက် နှစ်ယောက်ကိုတော့ စက်မှုရက်ကွက်အိမ်တစ်အိမ်မှာထပ်မိတာလို့ သိရတယ်”လို့ ပြောပါတယ်။

ဒီဇင်ဘာလ ၂၅ ရက်ည ဖြစ်စဉ်ထဲမှာ အဲဒီအမျိုးသား ၆ ဦးက အမျိုးသမီးသုံးဦးကိုတားဆီး ရိုက်နှက်တာအပြင် နောက်ထပ် လမ်းမပေါ်ဖြတ်သွားတဲ့အိမ်စီးကားတစ်စီးကို သေနတ်ပစ်ခတ်တားဆီးပြီး ကားရော၊ကားမောင်းသူအမျိုးသားတစ်ဦးကို ထပ်ပြီးဖမ်းခေါ်သွားတာဖြစ်ပါတယ်။
ဖမ်းဆီးခံသွားရတဲ့အမျိုးသားလည်း ဒီဇင်ဘာ ၃၁ ရက်မှာသေဆုံးသွားပြီဖြစ်ကြောင်း မိသားစုဝင်တွေက လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြစ်ကြီးနားမြို့ပေါ်မှာ လောင်းကစားဝိုင်းပိုပြီးများလာသလို မူးယစ်ဆေးရောင်းဝယ်သုံးစွဲဖောက်ကားမှုတွေကလည်း တစ်နေ့ထက်တစ်နေ့ဆိုးရွားလာနေပါတယ်။
ခုလိုလောင်းကစားဝိုင်း၊မူးယစ်ဆေးဝါးပိုများလာတဲ့နောက်ဆက်တွဲ ခိုးဆိုးလုယက်မှု၊ လူသတ်မှုတွေကလည်း ခပ်စိပ်စိပ်ဖြစ်နေတဲ့အတွက် မြစ်ကြီးနားမြို့ပြည်သူတွေဟာ လမ်းသွားလမ်းလာရာမှာလည်း စိုးရိမ်စိတ်နဲ့သွားလာနေရတယ်လို့ နောက်ထပ်အမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။
“အဲဒီဂျပန်လမ်းဘက်ဆိုခုနောက်ပိုင်းဖြတ်တောင်မဖြတ်ရဲလာဘူး တကယ်ကြောက်တယ်။ နေ့လည်နေ့ခင်းလည်း သွားလာဖို့တောင်မှ အရေးမကြီးရင်မထွက်ဘူး။ မြစ်ကြီးနားမှာက တကယ်မလုံခြုံတော့ဘူး အစစရာရာကြောက်နေရတယ်”လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့ဟာ ကချင်ပြည်နယ်ရဲ့မြို့တော်ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ KIA တို့အကြား ပြင်းထန်တဲ့တိုက်ပွဲကြောင့် တိုက်ပွဲဧရိယာထဲကပြည်သူတွေဟာ မြို့ပေါ်မှာ အများပိုင်းစစ်ဘေးရှောင်နေကြတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်ဘက်ကလည်း မြစ်ကြီးနားမြို့အဝင်အထွက်တွေကို ယခင်ထက် ပိုပြီးစစ်ဆေးမှုတင်းကြပ်ပြီး မြို့တွင်းရပ်ကွက် လမ်းဆုံ၊လမ်းခွနေရာတွေမှာ ရှောင်တခင်စစ်ဆေးတာတွေရှိပေမယ့် ခုလိုပြစ်မှုကျူးလွန်သူတွေကိုတော့ ထိထိရောက်ရောက်အရေးယူနိုင်တာ အလွန်နည်းနေသေးတာလည်းဖြစ်ပါတယ်။
By – Zami



