ဥရုရတနာတံတားပေါ်က စစ်တပ်သားနဲ့ ရဲ့ ပစ်ခတ်ခံရပြီးနောက် အမျိုးသားတစ်ဦးဖမ်းဆီးခံရ
ဖားကန့်မြို့ ဥရုရတနာကျောက်စိမ်းတံတားပေါ် မှာ လုံခြုံရေးတင်ကြပ်ထားပြီး အခွန်ကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီးနောက် ဆိုင်ကယ်ဝပ်ရှော့ဆိုင်တစ်ခုက အမျိုးသားတစ်ဦးကို စစ်တပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁၃ ရက် နေ့ မနက်ပိုင်း ဥရုချောင်းတံတားရဲ့ တစ်ဖက်ကမ်းစီ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ကုန်ကားတွေဆီကနေ အခွန်ကောက်ခံနေရာကနေ တော်လှန်ရဲတပ်ဖွဲ့တွေ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ညနေပိုင်း ၂ နာရီဝန်းကျင်လောက်မှာ ငှက်ပျောတောရပ်ကွက်ရှိ စိုးလင်းအမည်ရှိတဲ့ ဆိုင်ကယ်ဝပ်ရှော့ဆိုင်က အမျိုးသားတစ်ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ ဖားကန့်ပြည်သူတစ်ဦး ပြောပြပါတယ်။
“ဘာလို့ဖမ်းဆီးခံရတယ်ဆိုတာကို ပြောရတော့ခက်တယ်။ ဖြစ်စဉ်က မနေ့က နေ့ခင်း ၁ နာရီဝန်းကျင်လောက်မှာ စစ်ကောင်စီက ဥရုရတနာကျောက်စိမ်းတံတားမှာ ဘန်ကာတွေနဲ့ ချထားတဲ့ရဲကင်းတွေက ကုန်ကားတွေဆီကနေ ပိုက်ဆံကောက်တယ်။ မရှီကထောင်ဘက်ခြမ်းမှာရှိတဲ့ ဘန်ကာယူထားတဲ့နေရာကို တော်လှန်ရေးတပ်ဖွဲ့တွေက သွားပစ်တယ်။ အဲ့မှာရဲတစ်ချို့ထိခိုက်တာတွေရှိတယ်လို့ကြားတယ်။ အဲဒါပြီးလို့ သိပ်မကြာဘူး ညနေ ၂ နာရီလောက်မှာ ကိုစိုးလင်းကိုပြန်ဖမ်းသွားတယ်”လို့ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပစ်ခတ်ခံရတာကြောင့် ဥရုရတနာကျောက်စိမ်းတံတားပေါ်က ရဲနဲ့ စစ်သားထိခိုက်သေဆုံးမှုရှိခဲ့ပြီး စစ်တပ်နေရာယူထားတဲ့ ဗျူဟာကုန်းတွေကနေ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ ပစ်ခတ်မှုပြုလုပ်ပြီးနောက် တစ်နာရီခန့်အကြာမှာ ငှက်ပျောတောရပ်ကွက်ထဲ ဆိုင်ကယ်ဝပ်ရှော့ဆိုင်ဖွင့်ထားတဲ့ ကိုစိုးလင်းကို အင်အားအလုံးအရင်းနဲ့ အကြောင်းမဲ့ လာရောက်ဖမ်းဆီးသွားတယ်လို့ ဆက်ပြီးပြောပြပါတယ်။
ဆိုင်ကယ်ဝပ်ရှော့ဆိုင်ဖွင့်ထားတဲ့ ကိုစိုးလင်းမနေ့က ဖမ်းဆီးခံရပြီး ဒီကနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ ကိုစိုးလင်းစီးနင်းနေတဲ့ DT ဆိုင်ကယအမျိုးအစားကို ထပ်မံပြီး လာရောက်သိမ်းယူသွားတယ်လို့ ဆက်ပြီးသိရပါတယ်။
“ဒီကနေ့ မနက်မှာပဲ ၁၀ နာရီခွဲဝန်းကျင်လောက်မှာ ကိုစိုးလင်းရဲ့ DT ဆိုက်ကယ်ကို ပြန်ပြီးလာသိမ်းယူသွားတယ်။ စစ်ကောင်စီတပ်တွေ ဒီကနေ့ မနက်ပြန်လာတဲ့အချိန်မှာလည်း သေနတ်တွေကို မိုးပေါ်ထောင်ဖောက်တယ်။ ပြီးတော့ ၁၁ နှစ်အရွယ် ကလေးငယ်တစ်ယေက်ကို လှမ်းပစ်လိုက်သေးတယ်။ ဒါပေမယ့် မထိခဲ့ဘူး”လို့ပြောပါတယ်။
ကိုစိုးလင်းဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး အသေးစိတ်မသိရသေးသလို စစ်တပ်က ကိုစိုးလင်းရဲ့ DT ဆိုင်ကယ်ပါ ထပ်မံသိမ်းယူသွားတာဖြစ်တယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ ကိုစိုးလင်းဆိုသူဟာ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးမဟုတ်သလို ဆိုင်ကယ်ဝပ်ရှော့ဆိုင်ဖွင့်ပြီး အသက်မွေးဝမ်းကျောင်းနေသူတစ်ဦးသာဖြစ်တယ်လို့သိရပါတယ်။
အခွန်ကောက်ခံနေတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေ ပစ်ခတ်ခံရပြီးနောက် တံတားပေါ်သွားလာမှု စစ်ဆေးမှုပိုပြီးတင်းကြပ်လိုက်ပြီး စစ်တပ်က ကျေးရွာနေရာတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိနိုင်တဲ့ နေရာတွေကို လက်နက်ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေသေးတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



