သတင်း

မော်လူးမြို့ပကဖရုံး ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံး

ကချင်ပြည်နယ်နဲ့ကပ်လျှက်မှာတည်ရှိတဲ့ မော်လူးမြို့၊ မာန်ဟဲကျေးရွာက ပကဖရုံး စစ်တပ်က တိုက်လေယာဥ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရလို့ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦးနဲ့ KIA တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

မနေ့က ဇန်နဝါရီလ ၂၁ ရက်နေ့ ညပိုင်း ၁၁ နာရီဝန်းကျင်လောက်မှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး မော်လူးဒေသခံတစ်ဦးက အတည်ပြုပါတယ်။

မနေ့ညက ၁၁ နာရီလောက်ကို ဂျက်ဖိုက်တာတစ်စီးနဲ့ ပကဖရုံးပေါ့လေ အဲ့ရုံးကို လေယာဥ်နဲ့ဗုံးကြဲသွားတာ။ အဲ့နေရာက တည်နေရာလည်းပေါက်ထားပြီးသားနေရာ။ လုံခြုံရေး အားနည်းသွားတာထင်တယ်။ အဲ့မှာ ကျနော်တို့ ပကဖလေးယောက် သေတယ်။ နောက်ကေအိုင်အေထဲကတစ်ယောက် သေတယ်လို့ပြောပါတယ်။

ဒါ့အပြင် ပကဖရုံးအနီးတစ်ဝှိုက်မှာတည်ရှိတဲ့ အရပ်သားနေအိမ် ၂လုံးထိမှန်ပျက်ဆီးခဲ့ရပြီး အဆိုပါနေအိမ်က အရပ်သား ၂ ဦး လည်းထိခိုက်ဒဏ်ရာရခဲ့တဲ့အပြင် နွားတစ်ကောင်လည်းသေဆုံးခဲ့ရတယ်လို့သိရပါတယ်။

မော်လူးမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာလကတည်းက တော်လှန်ရေးအင်အားစုတွေကသိမ်းပိုက်ထားတာဖြစ်ပြီးအမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ဒေသဖြစ်ပါတယ်။

လက်တလောမှာလည်း စစ်ကော်မရှင်နဲ့တော်လှန်ရေးအင်အားစုတွေအကြား မော်လူးမြို့မှာ တစ်စုံတစ်ရာတိုက်ပွဲဖြစ်ပွားတာ မရှိသလို အကြောင်းမဲ့တည်နေရာကိုသိလို့ တိုက်ခိုက်တာလို့ ဒေသခံတွေကဆိုကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂ ရက်နေ့ကလည်း အဆိုပါမာန်ဟဲကျေးရွာနဲ့တစ်ဆက်တည်းမှာတည်ရှိတဲ့ ပဲခူးကျေးရွာက ပလဖ ရုံးကိုလည်း စစ်ကော်မရှင်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁၂ တန်းကျောင်းသူတစ်ဦးသေဆုံးခဲ့ရပါသေးတယ်။

ဒါ့ကြောင့် မော်လူးဒေသခံတွေကတော့ ကျေးရွာတွေအနီးတစ်ဝှိုက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေလေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေပါ မကြာခဏ သေဆုံးနေရတယ်လို့မှတ်ချက်ပေးကြပါတယ်။

စစ်ရေးအရပြောမယ်ဆိုရင် ကျနော်တို့ဂိတ်တွေ တော်လှန်ရေးတပ်ဖွဲ့ရဲ့ရုံးတွေကို စစ်ရေးအရသတ်မှတ်ထားပြီးသား။ ရပ်ရွာနဲ့ အနည်းဆုံး မိုင်အကွာမှာနေရမယ်ပေါ့နော်။ ဒါပေမဲ့ဒီမှာကမလိုက်နာဘူး။ ပြောရမယ်ဆိုရင် ရွာထဲမှာပဲနေချင်ကြတာပေါ့နော်။ ပဲခူးက ပလဖရုံးကတော့ အရပ်သားပြည်သူတွေဆန္ဒပြလို့ဆိုပြီးတော့ ပြောင်းရွှေ့သွားပြီလို့ပြောတယ်အထက်ပါဒေသခံကပြောပါတယ်။

မော်လူးမြို့ဟာ စစ်ကိုင်းတိုင်း ကသာခရိုင် အင်းတော်မြို့နယ်ထဲပါဝင်တဲ့မြို့ငယ်တစ်မြို့ဖြစ်ပြီး မြစ်ကြီးနားမန္တလေးဗျူဟာလမ်းမ ကြီးပေါ်မှာတည်ရှိပါတယ်။ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ မာန်ဟဲနဲ့ပဲခူးကျေးရွာတွေဟာ မန္တလေးမြစ်ကြီးနား ဗျူဟာလမ်းမကြီး နဘေးကကျေးရွာတွေဖြစ်ပါတယ်။

ဒီရက်ပိုင်းအတွင်း စစ်ကိုင်းနဲ့ကချင်အစပ်က တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကောလင်း၊ဝန်းသိုနယ်စပ် အပါအဝင် ကသာမြို့တွေမှာ စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားတွေအပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၀ ဦးထက်မနည်း ဆက်တိုက်ဆိုသလိုသေဆုံးမှုတွေရှိနေပါတယ်။

By – အမိုး

Show More

Related Articles

Back to top button