မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲစေဖို့ SCEF က ဘယ်လောက်ထိအရေးပါနိုင်လဲ
အာဏာသိမ်းစစ်ကောင်စီအဖွဲ့ တရားမဝင်ရွေးကောက်ပွဲကျင်းပပြီးနောက် လက်ရှိမှာတော့ တရားမဝင်အရပ်သားအစိုးရအဖွဲ့ကိုလည်း စတင်ဖွဲ့စည်းနေပြီဖြစ်ပါတယ်။
တစ်ဖက်မှာတော့ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ် ထွန်းရေး ဦးဆောင်ကောင်စီတစ်ခုကို ဖွဲ့စည်းလိုက်ပါတယ်။
ဦးဆောင်ကောင်စီကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ကချင်အမျိုးသားအစည်းအရုံး(KNU)၊ CNF ၊ KNPP ၊ CRPH နဲ့ NUG စတဲ့အဖွဲ့တွေဖြစ်ပြီး ဦးဆောင်ကောင်စီကို SteeringCouncil For the Emergence Of a Federal Democratic Union – SCEF ဆိုပြီးဖွဲ့စည်းထားပါတယ်။
SCEF ဆိုပြီး ဦးဆောင်ကောင်စီကို ပြည်နယ်/ဖက်ဒရယ်ယူနစ်/ EROs ကိုယ်စားပြုမှု၊ ပြည်သူ့ကိုယ်စားပြုမှု၊ အမျိုးသမီးကိုယ်စားပြုမှု/ကိုယ်စားလှယ်များ စတဲ့ မဏ္ဍိုင်(၃)ခုနဲ့အခြေခံပြီး တရားဝင်ဖွဲ့စည်းလိုက်ကြောင်း မတ်လ ၃၀ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။
KIO၊ KNU၊ CNF ၊ KNPP နဲ့ NUG အဖွဲ့ ၅ ဖွဲ့နဲ့အတူ CRPH တို့နဲ့ ပူးပေါင်းပြီးတော့ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ် ထွန်းရေးအတွက်ကနဦးစတင်ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ဥက္ကဋ္ဌ ခူဦးရယ်ကပြောပါတယ်။
အခုလို တော်လှန်ရေးအင်းအင်အားစုတွေပါဝင်တဲ့ ဦးဆောင်ကောင်စီဖွဲ့စည်းလိုက်တာဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ ပေါ်ထွက်လာမယ့် တစ်ချိန်ထဲမှာပဲ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။
ဦးဆောင်ကောင်စီကို ဘာကြောင့်ဖွဲ့စည်းလိုက်ပါသလဲ။ SCEF က လက်ရှိ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းမှာ ဘယ်လောက်အထိ အရေးပါနိုင်ပါသလဲ။ ကချင်နိုင်ငံရေးလေ့လာသုံးသူအမျိုးသားတစ်ဦးနဲ့ KNG က မေးမြန်းထားပါတယ်။
မေး။ ။ ပထမဆုံး NUG နဲ့ K3C ဆိုတဲ့တော်လှန်ရေးအင်အားစုတွေပေါင်းပြီးတော့ SCEFဆိုတဲ့ဦးဆောင်ကောင်စီဖွင့်လိုက်တာဟာဘာကြောင့်လဲလို့မြင်ပါသလဲ။
ဖြေ။ ။ ကျနော့်ထင်ရသလောက်က တော်လှန်ရေးခရီးစဉ်ပိုပြီး အင်အားကြီးလာအောင် လက်တွဲလာတဲ့အခြေအနေဖြစ်တယ်။ အခုချက်ချင်းဖွဲ့စည်းလိုက်တာတော့မဟုတ်ဘူး။ အရင်နှစ်ကတည်းက ဖွဲ့စည်းဖို့လုပ်နေပြီဖြစ်တယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်မှာဖွဲ့စည်းဖို့ ပြင်ဆင်နေပြီဖြစ်တယ်။ ဒါပေမယ့် တစ်ချို့တော်လှန်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်စရာတွေရှိနေကြသေးလို့ထင်တယ်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲမတိုင်ခင်ဖွဲ့စည်းထုတ်ပြန်ဖို့အထိကြိုးစားကြတယ် ဒါပေမယ့် မလုပ်နိုင်ခဲ့ဘူးပေါ့လေ။
မေး။ ။ ထုတ်ပြန်ချက်ထဲမှာလည်း NUG ဘက်ကလည်း စစ်ရေး၊ နိုင်ငံရေး၊ အသွင်ကူးပြောင်းမှု၊ လမ်းညွှန်မှု လိုအပ်နေတာဖြစ်တဲ့အတွက် ဆိုပြီးတွေ့ရတယ်။တကယ်တမ်း လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲစေဖို့ SCEF က ဘယ်လောက်ထိအရေးပါနိုင်မလဲ။
ဖြေ။ ။ အဓိကအချက်နှစ်ခုရှိပါတယ်။ တစ်ခုကတော့ နိုင်ငံရေး၊ တစ်ခုက စစ်ရေးဖြစ်တယ်။ နိုင်ငံရေးဆိုတဲ့ထဲမှာ အားလုံးလက်တွဲပြီး ညှိနှိုင်းဆွေးနွေးသွားမယ်။ ဗိုလ်ချုပ်ကြီးဂွန်မော်ပြောထားတာလည်းရှိပါတယ်။ NUG နဲ့ ဆွေးနွေးမလားဆိုပြီး နေပြည်တော်ဆီမေးမြန်းထားတာရှိလို့ပြောတယ်။ KIO တစ်ဦးတည်းမဟုတ်ဘဲ အားလုံးပါဝင်ဆွေးနွေးနိုင်မယ့်သဘောမှာရှိလာနိုင်တယ်။ စစ်ရေးမှာဆိုရင်လည်း ဖိအားပေးတာတွေရှိမယ်။ တော်လှန်ရေးအင်အားစုတွေ လက်တွဲပြီးလုပ်မယ်။ ပြီးရင် တခြားနိုင်ငံတကာကနေလည်း အခုလို လက်တွဲညီညီလုပ်နေတယ်ဆိုတဲ့သဘောတွေ့မှာဖြစ်တယ်။
မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရလာတဲ့ NUG အမှတ်တွေက CRPHကိုဖွဲ့စည်းတယ်။ နောက်တစ်ဆင့်ပြီး တစ်ဆင့်လုပ်လာတယ်။ အခုဆို ၅နှစ်ထဲရောက်သွားပြီ။ သက်တမ်းကုန်ဆုံးလာတဲ့အခြေအနေမှာ ပြန်ပြီး အသက်သွင်းဖို့လုပ်ဆောင်တယ်ဆိုပြီး ပြောဆိုနေတာတွေလည်းတွေ့ရပါတယ်။ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ ဒီနေရာမှာ အဓိကလည်း NUG ဖြစ်တယ်။ NUG က အရင်ကတည်းကလည်းရွေးကောက်ပွဲကနေ ပါဝင်နေတဲ့သူတွေရှိသလို အပြင်ကနေပါဝင်နေတဲ့သူတွေများစွာရှိပါတယ်။ အခုလိုအစုအဖွဲ့တွေ စုပေါင်းပြီးဖွဲ့စည်းထားတာဖြစ်တယ်။ အခုလုပ်နေတာက ညီညွှတ်နေရးအစိုးရပုံစံဖြစ်တယ်။ သူတို့အနေနဲ့ ရွေးကောက်ပွဲပြန်မလုပ်မရမချင်းဆက်ရှိနေမယ့်အခြေအနေဖြစ်တယ်။ ဖြစ်ပေါ်နေတဲ့အခြေအနေပေါ်မူတည်ပြီး လုပ်နေတယ်လို့မြင်ပါတယ်။
မေး။ ။ တစ်ဖက်မှာလည်း NUCC ရဲ့ အခန်းကဏ္ဍအလုပ်မဖြစ်တဲ့အတွက် ဖွဲ့စည်းပုံပြန်ချိန်းတဲ့ပုံစံကောဖြစ်နိုင်မလား။
ဖြေ။ ။ အဲ့လိုလည်း ပြောလို့ရပါတယ်။ အရင်က NUCC ကို နိုင်ငံရေးကို ပိုပြီး ဦးဆောင်နိုင်မယ်ဆိုပြီးထင်မြင်ထားတာတော့ဟုတ်တယ်။ ဒါပေမယ့် အဲ့ဒီထဲမှာပါဝင်နေတဲ့အစုအဖွဲ့တွေရဲ့ ထင်မြင်ချက်လွဲမှားနေတာတွေကြောင့် NUCC က သိပ်အားမကောင်းသလိုဖြစ်သွားတယ်။ အဲ့ဒါကြောင့် အခုက ပိုပြီး အားကောင်းလာအောင် တော်လှန်ရေးအင်းအားစုတွေနဲ့ ပူးပေါင်းဖွဲ့စည်းလာတယ်လို့မြင်ပါတယ်။
မေး။ ။ နောက်တစ်ခုက အခု SCEF ပြန်ပြီးဖွဲ့စည်းလိုက်တာလည်း ပြည်သူလူထုတွေရဲ့ ထောက်ခံချက်ကောဘယ်လောက်ထိ အရေးပါနေသလဲ။ သူတို့ပြောထားချက်ထဲမှာက ပြည်နယ်နဲ့တိုင်း အားလုံးရဲ့ ထောက်ခံချက်နဲ့ဖွဲ့စည်းတယ်လို့ပြောပါတယ်။ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ပြည်သူလူထုတွေက လက်ရှိ ဦးဆောင်နေတဲ့ သူတွေကိုလက်ခံထောက်ခံပေးဖို့ပဲဖြစ်ပါတယ်။ ပိုပြီးတော့ စည်းလုံးညီညွှတ်ရေးဘက်သွားနေတာဖြစ်တဲ့အတွက် ပြည်သူတွေက ပိုပြီးတောင်ဝမ်းသာထောက်ခံလိမ့်မယ်။ အဓိကတော့ လက်တွေ့ပါဝင်အကောင်အထည်ဖော်ဖို့ပဲလိုအပ်နေတာဖြစ်တယ်။
မေး။ ။ အဲ့ဆိုရင် SCEF ကိုဘာကြောင့် အခုမှဖွဲ့စည်းတယ်လို့မြင်သလဲ။
ဖြေ။ ။ ခဏကပြောသလိုပဲ ဖွဲ့စည်းဖို့တော့ မနှစ်ကတည်းက ကြိုးပမ်းနေပြီဖြစ်တယ်။ ဒါပေမယ့် တော်လှန်ရေးအင်အားစုအဖွဲ့တွေကြားမှာ ညှိနှိုင်ပြောဆိုရမယ့်အချက်တွေလိုအပ်နေတာကြောင့်မြန်မြန်ဆန်ဆန်မလုပ်နိုင်တာလို့မြင်ပါတယ်။
မေး။ ။ KIO ကလည်း အခု SCEF မှာပဲ တရားဝင် ပူးပေါင်းပါဝင်လာတာကို အခုမှသေချာမြင်တွေ့လာရတယ်။ ဒီအပေါ်မှာကော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အရင်တုန်းကဆိုရင်တော့ KPIT ထဲကနေပါဝင်တယ်။ ဒါပေမယ့်အခုတစ်ခေါက်က ထဲထဲဝင်ဝင်ပါဝင်လာရတာက NUG ဘက်ကနေလည်း တော်လှန်ရေးမှာ အားကောင်းတဲ့သူတွေကိုယ်တိုင်ပါဝင်တွန်းလှန်ရမယ်ဆိုတဲ့သဘောမှာမြင်တွေ့ရတယ်။ဒါကြောင့် KIO ကနေပါဝင်လာတာဖြစ်မယ်။
မေး။ ။ နောက်တစ်ခုက KIO ကိုဖိအားပေးပြောဆိုနေတာတွေရှိတယ်။ NUG နဲ့ လက်တွဲတာတွေမလုပ်ဖို့ဆိုပြီးရှိနေတယ်။ အခုလို KIO အနေနဲ့ ပေါ်ပေါ်တင်တင် ပူးပေါင်းပါဝင်လာတဲ့အပေါ်မှာကော ဘယ်လိုဖြစ်မယ်ထင်လဲ။
ဖြေ။ ။ တရုတ်အစိုးရက ဖိအားပေးတာကတော့ အမြဲတမ်းပေးတာပေါ့လေ။ အဓိကတော့ တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးယူဖို့ပြောတာဖြစ်တယ်။ အခုဒီ SCEF မှာပါဝင်တာကလည်း မကောင်းတဲ့အခန်းကဏ္ဍမှာပါဝင်နေတာမဟုတ်ဘူး။ ခဏပြောသလို ညှိနှိုင်းဆွေးနွေးဖို့လိုအပ်လာရင် ဟာကွက်မရှိလာအောင် ကျန်ရစ်နေလို့မရဘူး။ ကျန်ရစ်သွားလို့လည်းမရဘူး။ နိုင်ငံရေးအဖြေရှာတဲ့ထဲမှာ အားလုံးပူးပေါင်းပါဝင်ရမယ်။ ဒါကြောင့် တရုတ်ဘက်ကလည်းအတင်းအဓ္ဓမကန့်ကွက်ပြောဆိုတာမျိုးတော့မရှိလောက်ဘူး။
မေး။ ။ အခုဆရာပြောသွားတဲ့ထဲမှာ အားလုံးပါဝင်ရမယ်။ ဘယ်သူမှကျန်ရစ်သွားလို့မရဘူးလို့ပြောတယ်။ အခု ဒီ SCEF ဖွဲ့စည်းတဲ့ထဲမှာ မြောက်ပိုင်းအဖွဲ့မပါဝင်သေးတာတွေ့ရတယ်။ ဒါကောဘယ်လိုဖြစ်နိုင်မလဲ။
ဖြေ။ ။ အခု FPNCC ထဲကသူတွေဆိုရင်စစ်လည်းမတိုက်ဘူး။ ဝတပ်၊ မိုင်းလား၊ SSPP ဖြစ်မယ်။ သူတို့ကကြားမှာနေတဲ့ပုံစံတော့ရှိတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာဆိုရင် MNDAA နဲ့ TNLA တွေနဲ့က အပစ်ခတ်ရပ်ထားတယ်။ မဟာမိတ်ရခိုင်တွေနဲ့ပဲတိုက်ကြတယ်။ အရင်ကတည်းကလည်း နွေဦးတော်လှန်ရေးမှာအရမ်းကြီးပါဝင်တာမရှိဘူး။ဟိုအနည်းအကျဉ်းလောက်ပဲ ဒေသတွင်း PDF တွေနဲ့လက်တွဲပြီးတိုက်တာလောက်ပဲရှိတယ်။ အခုနိုင်ငံရေးမှာက NUG နဲ့ KIO ၊ KNU ,KNPP,CNF တွေက အရင်ကတည်းကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးက အဖြေမထွက်မချင်းက လုပ်ကိုလုပ်ရမယ့် လုပ်ငန်းဖြစ်တဲ့အတွက်ကြိုးပမ်းနေတယ်သုံးသပ်ပါတယ်။
မေး။ ။ အဲ့ဆိုရင် မြောက်ပိုင်းအဖွဲ့ပါဝင်လာအောင် ဘယ်လိုလုပ်သင့်လဲ။
ဖြေ။ ။ သူတို့ကလည်း တော်တော်လည်းကြိုးစားနေတယ်လို့မြင်ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေဘက်ကနေ အဲ့လောက်ကြီးစိတ်ဝင်စားမှုမရှိတာဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ခဏကပြောသလို စစ်မတိုက်တဲ့အဖွဲ့တွေရှိသလို စစ်တပ်နဲ့စီးပွားရေးတွဲလုပ်နေတဲ့သူတွေရှိပါတယ်။ ဥပမာ – ဝတပ်ဖွဲ့ (UWSA) စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲလုပ်တာကို တဝဏ်လွှာပို့တာတွေရှိတယ်။ ဒီလိုအခြေအနေတွေရှိပါတယ်။
မေး။ ။ ဒါဆိုဆရာ SCEF ကိုဘယ်လောက်ထိ မျှော်လင့်လို့ရနိုင်မလဲ။
ဖြေ။ ။ ဒါကတော့ နိုင်ငံရေးနဲ့ စစ်ရေးနှစ်ခုကို ဒွန်တွဲပြီးလုပ်ဆောင်တာဖြစ်တဲ့အတွက်နိုင်ငံရေးမှာ မအောင်မြင်ရင် စစ်ရေးမှာအောင်မြင်မလား။ ဒါမှမဟုတ် နှစ်ခုစလုံးအောင်မြင်နိုင် မလားဆိုပြီးစောင့်ကြည့်ရမယ်ဖြစ်တယ်။ အရင်ချိန်တွေလည်း တော်လှန်ရေးတပ်ဖွဲ့တွေက သဘောတူညီချက်ထားရှိတာတွေရှိပါတယ်။ လက်တွဲလုပ်ဆောင်တာတွေလည်းအများကြီးရှိပါတယ်။ ဒါပေမယ့် နှစ်တွေကြာလာရင် အရမ်းကြီးအောင်မြင်တာမျိုးတော့မတွေ့ရသေးဘူး။ အခုဒီမှာက ဗမာအစုအဖွဲ့တွေအများကြီးပါဝင်တဲ့ CRPH,စောင့်ကြည့်ရမှာဖြစ်တယ်။
မေး။ ။ နောက်ဆုံး SCEF ဖွဲ့စည်းလိုက်တဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ဘာဖြည့်စွပ်ပြောပြချင်သေးသလဲ။
ဖြေ။ ။ အခုဒီမှာပူးပေါင်းပါဝင်နေတဲ့ အဖွဲ့ (၇)ထဲက အားလုံးက ကြိုးပမ်းလုပ်ဆောင်နေပြီး အခုဖွဲ့စည်းကြောင်း ထုတ်ပြန်တဲ့အထိဖြစ်လာခဲ့ပြီ။ အဖွဲ့အစည်းတိုင်းရဲ့ခေါင်းဆောင်တွေကလည်း ကြိုးစားပြီး လုပ်ဆောင်ကြတာဖြစ်တယ်။ ဒါကြောင့် အပြောင်းအလဲတစ်ခုတော့ဖြစ်လာမလားပေါ့။ အခြေအနေတစ်ခုအထိတော့ရောက်လာမလားဆိုပြီး သုံးသပ်မိပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




