ကသာမှာ စစ်တပ်က စစ်အင်အားဆက်တိုက်ဖြည့်တင်းနေ
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကိို စစ်တပ်က ဧပြီလ တတိယအပတ်ကစပြီး လက်ရှိချိန်ထိ စစ်အင်အားဆက်တိုက်ဖြည့်တင်းနေတယ်လို့ မြို့ခံတွေပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့ကတည်းက ကသာမြို့ရဲ့ ဧရာဝတီမြစ်တစ်ဖက်ကမ်း ရှမ်းပြည်နယ်မြောက်ပိုင်း ငါးအိုးရွာဘက်ကနေ စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု ကသာမြို့ကို ဦးတည်စစ်ကြောင်းထိုးလာနေကြောင်းသတင်းရရှိပြီးတဲ့နောက် မနေ့ကဘဲ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဧပြီလ ၂၃ ရက်နေ့ မနက်ပိုင်းနောက်ဆုံးဆက်သွယ်မေးမြန်းချက်အရတော့ ကသာမြို့ဧရာဝတီမြစ်ကမ်းနဘေးက အင်းရွာတစ်ဝှိုက်ကို အဆိုပါစစ်ကြောင်းကရောက်ရှိနေပြီလို့ ဒေသခံအမျိုးသားတစ်ဦးကအတည်ပြုပါတယ်။
“ငအိုးကနေဆင်းခဲ့တဲ့စစ်ကြောင်းက ဧရာဝတီအရှေ့ခြမ်း ဗန်းမော်–မန္တလေးဗျူဟာလမ်းကိုရောက်နေပြီ။ အင်းရွာထဲကို ဝင်မယ်ထင်တယ်။ ကသာနယ်ထဲကိုရောက်ခဲ့ပြီပေါ့လေ။ ဒီမနက်ပိုင်းကိုရောက်လာခဲ့တာ။ အင်းရွာကတော့ ဧရာဝတီမြစ်ကမ်း နဘေးကရွာပေါ့။ “လို့ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ သင်္ကြန်ကာလအတွင်းမှာလည်း ကသာမြို့အထိုင်တပ် ခမရ ၃၀၉ တပ်ဆီ ထီးချိုင့်မြို့ကိုသိမ်းပိုက်ခဲ့တဲ့စစ်ကော်မရှင်တပ်ဖွဲ့ ဝင်တွေလိုက်ပါလာတဲ့ စစ်ကား ၂၂ စီးခန့်ပူးပေါင်းရောက်ရှိခဲ့ပါသေးတယ်။
ခုလိုစစ်အင်အားတွေကို ဆက်တိုက်ဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ဟာ မြို့ထဲရောက်ရှိနေပြီဲဖြစ်တဲ့ တစ်ချို့စစ်ကြောင်းကို ကသာမြို့ရဲ့ဧရာဝတီမြစ်ကမ်းနဘေးကကျေးရွာတွေအပါအဝင် ကသာ–ထီးချိုင့်လမ်းပိုင်းကိုလည်း တပ်ဖွဲ့တွေကဖြန့်ကျက်ထိန်းချုပ်ထားပြီးဖြစ်တယ်လို့သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်ရေတက်ချိန်ဖြစ်တဲ့ မိုးတွင်းကာလတိုင်းကိုမြစ်ကြောင်းကို အသုံးချကာ မန္တလေးမြို့ကနေ ဗန်းမော်မြို့အထိ နှစ်စဥ်နှစ်တိုင်းလိုလို စစ်သင်္ဘောကြီးတွေနဲ့ လေကြောင်းအင်အားပါအသုံးပြုကာ စစ်လက်နက်ရိက္ခာတွေတင်ပို့လေ့ရှိတာဖြစ်ပါတယ်။
အလားတူ တစ်ဖက်မှာတော့ စစ်တပ်က ကသာမြို့ထဲစစ်အင်အားတွေဆက်တိုက်ဖြည့်နေသလို ကသာဒေသခံတွေကိုလည်း မြို့ထဲပြန်ဝင်လို့ရပြီဖြစ်ကြောင်း ပြောဆိုမှုတွေကြောင့် ကသာဒေသခံတချို့ စိုးရိမ်မှုတွေအကြားနေရပ်ပြန်လာကြသလို ဆက်လက်တိမ်းရှောင်နေသူလည်း ရှိတယ်လို့ သိရပါတယ်။
ကသာမြို့မှာတော့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးအပတ်ကတည်းက မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပွားလာတာကြောင့် ဒေသခံတွေဟာ မြို့ထဲကနေ ထွက်ပြီး နီးစပ်ရာ ကျေးရွာတွေ၊ တခြားမြို့တွေကို သွားရောက်တိမ်းရှောင်နေခဲ့ကြတာ ဖြစ်ပါတယ်။
အခုတော့ တချို့က အခြေအနေကိုကြည့်ပြီး ပြန်ဝင်လာကြပေမယ့် လူအများစုကတော့ စောင့်ကြည့်နေဆဲအခြေနေဖြစ်ပါတယ်။
ဘေးလွှတ်ရာတွေမှာ နေထိုင်နေရတဲ့ စစ်ရှောင်တွေကတော့ အခက်အခဲတွေ များစွာ ရှိနေသေးတယ်လို့ မန္တလေးကို ရောက်နေတဲ့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
“ဒီမှာနေတဲ့ စစ်ရှောင်တွေက အိမ်ငှားခအရမ်းဈေးကြီးလို့ အရမ်းခက်တယ်။ တချို့အိမ်ရှင်တွေက အိမ်လခ ၅ လစာတခါတည်း ပေးနိုင်တယ်။ တချို့က တစ်နှစ်စာကို တစ်ခါတည်းပေးခိုင်းတယ်။ အဲ့မှာပွဲစားတွေကို ပေးရတာကတစ်မျိုး၊ အိမ်ငှားခ သုံးသိန်း ဆိုရင် ပွဲစားတွေကိုလည်း သုံးသိန်းပေးရတယ်။ မန္တလေးမှာ ပူကပူနဲ့နေရတအားခက်တယ်။ အလုပ်လိုက်လုပ်ဖို့လည်း ခဏခဏ လိမ်ခံရတယ်။”
ဒါ့အပြင် ကသာမြို့ထဲကိုမဝင်ရဲကြသေးတဲ့အထဲမှာ ကသာမြို့ဧရာဝတီမြစ်ကမ်းနဘေးမှာတိမ်းရှောင်နေကြရတဲ့ဒေသခံတွေလည်း ပါဝင်ပါတယ်။
အဲ့ဒီမြစ်ကမ်းနဘေးကကျေးရွာတွေထဲမှာတိမ်းရှောင်နေကြတဲ့ ကသာမြို့ပေါ်ကဒေသခံတွေကတော့ ကိုယ်တတ်တဲ့ လက်မှုပညာ တွေ နဲ့ မုန့်လုပ်ရောင်းတာစတဲ့လုပ်ငန်းတွေလုပ်ကိုင်နေရတယ်လို့သိရပါတယ်။
“မြို့ထဲကရှောင်နေတဲ့သူတွေကတော့ ကျနော်တို့ရွာတွေမှာရှိသေးတယ်။မဝင်ရဲကြသေးဘူး များသောအားဖြင့်က ကြောက်တယ်၊ သူတို့တွေကတော့ တတ်တဲ့ လက်မှုပညာလေးတွေနဲ့ မုန့်လေးတွေလုပ်ရောင်းတယ်။ အမျိုးစုံပေါ့။ တချို့ဆိုရင် လားရှိုးဘက် ကိုတက်ပြီးတော့ တက်ပြီးမှ ဟိုဟာလေးတွေချရောင်းအဲ့လိုမျိုးနဲ့နေကြတယ်။”လို့ မြစ်ကမ်းနဘေးမှာနေထိုင်တဲ့ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
တစ်ဖက်မှာ ကသာမြို့ကိုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့ ကာကွယ်ရေးတပ်တွေဘက်ကတော့ ကသာမြို့ရဲ့အခြေနေဟာ လုံခြုံမှု မရှိသေးတာကြောင့် ပြန်ဝင်လာဖို့ခွင့်မပြုသေးကြောင်း ကသာကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက KNG ကို ပြီးခဲ့တဲ့ရက်ပိုင်းတွေ ကဘဲဖြေဆိုခဲ့ပါတယ်။
စစ်ကောင်စီတပ်ကိုထောက်ခံသူတွေနဲ့ တယ်လီဂရမ်ချန်နယ်လ်တွေကနေတော့ ကသာမြို့ကိုပြန်ဝင်လာဖို့အတွက်ဖိတ်ခေါ် တာတွေဆက်တိုက်လုပ်နေပြီး အဲ့ဒီသတင်းတွေကြောင့်လည်း ကသာမြို့ထဲပြန်ဝင်ရောက်လာသူတွေများပြားတယ်လို့ ဒေသခံ တွေကပြောပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဘက်ကတော့ ပြီးခဲ့တဲ့ သင်္ကြန်ကာလကစလို့ ဒီနေ့အထိ ထီးချိုင့်မြို့ကိုသိမ်းပိုက်ခဲ့တဲ့ စစ်ကြောင်း အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ် ငအိုးကျေးရွာက စစ်ကြောင်းတစ်ခုပါ ကသာမြို့နယ်အတွင်းကိုဝင်ရောက်ကာ အင်အားစုစည်းမှုတွေ ပြုလုပ်ထားပါတယ်။
စစ်ကော်မရှင်တပ်ဘက်ကအခုလိုအင်အားတွေစုစည်းလာတာနဲ့အတူ တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားဆဲဖြစ်တဲ့ အင်းတော်မြို့နယ်ကိုလည်းဆက်လက်စစ်ကြောင်းထိုးဖို့ပြင်ဆင်နေပြီး ကသာ–အင်းတော်လမ်းပိုင်းမှာ နှစ်ဖက်ထိတွေ့မှုတွေ ဖြစ်ပွားတာလည်းရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ကဆိုရင် ကသာမြို့ လေးထပ်ကျောင်းကို စစ်ကောင်စီတပ်ကကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ကြောင့် သံဃာတော်တွေနဲ့ မြို့ထဲပြန်ဝင်လာပြီး အဆိုပါလေးထပ်ကျောင်းမှာ ခိုလှုံနေတဲ့ အရပ်သား ၅၀ နီးပါး သေဆုံးခဲ့ရပါသေး တယ်။
အခုလက်ရှိမှာတော့ ကသာမြို့ထဲကို ပြန်ဝင်လာသူတွေ ရှိလာနေပြီဆိုပေမယ့် လုံခြုံရေးအခြေအနေ မသေချာသေးတာ၊ စီးပွားရေးအခက်အခဲတွေ ဆက်ရှိနေသေးတာကြောင့် ဒေသခံအများစုအတွက်တော့ ပြန်လည်အခြေချနေထိုင်နိုင်ရေးဟာ အချိန်ယူရဦးမယ့် အခြေအနေမှာပဲရှိနေတယ်လို့သိရပါတယ်။
By – အမိုး




