ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အများအပြားကို ရိုက်နှက်ဖမ်းဆီး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ အများအပြားကို ရိုက်နှက်ဖမ်းဆီးခဲ့တယ်လို့ ရပ်ကွက်နေ ပြည်သူတွေဆီက သိရပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တချို့က အင်အား ၉၀ ဝန်းကျင်အသုံးပြုပြီး ရမ်ပူရပ်ကွက် နယ်မြေ ၂၄၊ လမ်းသွယ် ၂၄၊ ပေးဆပ်သူလမ်းကြား၊ ဆုထူးပန်ဘုန်းကြီးကျောင်းလမ်း၊ ထွန်းထွန်းတောက် လက်ဖက်ရည်ဆိုင်လမ်း၊ ဂေါက်ကွင်းလမ်း၊ ရေမြောင်းလမ်းနဲ့ မေတ္တာလမ်း စတဲ့နေရာတွေမှာ ဝင်ရောက်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူ ၇၀ ကျော်ကို ရိုက်နှက်ဖမ်းဆီးပြီး မြစ်ကြီးနားရဲစခန်းကို ခေါ်ဆောင်သွားခဲ့တယ်လို့ ရမ်ပူရပ်ကွက်နေ ပြည်သူတစ်ဦးက KNG ကို ပြောပါတယ်။
“ဒိုင်တွေတော့ ဘယ်ဖမ်းမလဲ။ ဒိုင်တွေ ဖမ်းတာမကြားသေးဘူး။ ဒါက ဒီတိုင်း လမ်းရှင်းအောင်လုပ်တဲ့ သဘောပဲ။ လူနည်းနည်းတော့ ကြဲသွားတယ်။ အခုက အိမ်ထဲမှာပဲ ပြန်ရောင်းကြတော့တာ”လို့ ဆိုပါတယ်။
ဒါပေမယ့် မနေ့က ဖမ်းဆီးသွားသူတွေဟာ လမ်းဘေးမှာ ကော်မရှင်စား ရောင်းနေကြတဲ့ သုံးစွဲသူနဲ့ လက်လီရောင်းချသူတွေဖြစ်ပြီး ဒိုင်ကြီးတွေကတော့ အိမ်တန်းလျားတွေ ငှားရမ်းကာ အိမ်အတွင်းကနေ ဆက်လက်ရောင်းချနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့တုန်းကလည်း မီးသတ်တပ်ဖွဲ့ဝင် ၁၀ ကျော်ဟာ လိုက်ထရိုက်ကားတစ်စီး၊ ဆိုင်ကယ် ၃ စီးတို့နဲ့ ရမ်ပူရပ်ကွက်အတွင်း လော်စပီကာအသုံးပြုပြီး “ရက် ၁၀၀ အတွင်း မူးယစ်ဆေးဝါး ပပျောက်အောင် ဆောင်ရွက်မယ်” လို့ လှည့်လည်ကြေညာခဲ့သလို မူးယစ်ဆေးသုံးစွဲသူ ၂ ဦးနဲ့ ဆိုင်ကယ်တစ်စီးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဒါပေမယ့် အဲဒီနောက်ပိုင်းမှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ပုံမှန်အတိုင်း ဆက်ရှိနေဆဲဖြစ်တာကို လူမှုကွန်ရက်စာမျက်နှာတွေနဲ့ မီဒီယာတွေမှာ ဖော်ပြလာပြီးနောက် အခုလို ရိုက်နှက်ဖမ်းဆီးမှုတွေ ပြန်လည်လုပ်ဆောင်လာတာ ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

“ပုံတွေနဲ့ သတင်းတွေ ထွက်လာတော့ ခဏပြန်ငြိမ်သွားကြတယ်။ ဒါပေမယ့် ခဏပဲ။ တကယ် အမြစ်ပြတ်အောင်လုပ်မယ်ဆို ရတယ်။ မလုပ်ကြတာပဲ”လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ မူးယစ်ဆေးဝါး အဓိကရောင်းဝယ်တဲ့ ဒိုင်ကြီးတွေဟာ တခြားရပ်ကွက်တွေမှာ နေထိုင်ကြပြီး ရမ်ပူရပ်ကွက်အတွင်းမှာတော့ အိမ်တန်းလျားတွေ ငှားရမ်းကာ အိမ်အတွင်းကနေ ရောင်းချနေကြတာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါပေမယ့် ရမ်ပူရပ်ကွက်မှာ ယခင်ကလည်း အခုလို ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ဖူးပေမယ့် ရက်အနည်းငယ်အကြာမှာတော့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ ပုံမှန်အတိုင်း ပြန်လည်စည်းကားလာတာကြောင့် ဒေသခံတွေက စိုးရိမ်နေကြပါတယ်။
ဒါကြောင့် သုံးစွဲသူတွေကိုသာ ဖမ်းဆီးတာထက် ရောင်းဝယ်ဖြန့်ချိနေတဲ့ ဒိုင်ကြီးတွေကို ထိရောက်စွာ အရေးယူပေးဖို့ ရပ်ကွက်နေပြည်သူတွေက တောင်းဆိုနေကြပါတယ်။
လက်ရှိ ရမ်ပူရပ်ကွက် နယ်မြေ ၂၂၊ ၂၃ နဲ့ ၂၄ စတဲ့နေရာတွေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု အများဆုံးဖြစ်နေတဲ့ နေရာတွေဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးရဲ့ ပြောဆိုချက်အရ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေဟာ နေ့ရောညပါ ရောင်းချနေကြပြီး တစ်ရက်ကို ဝယ်ယူသူ ရာဂဏန်းဝန်းကျင်အထိ ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး ရောင်းဝယ်နေသူတွေထဲမှာ ရပ်ကွက်အတွင်းက လူကြီးပိုင်းတချို့လည်း ပါဝင်နေတဲ့အတွက် ရပ်ကွက်နေပြည်သူတွေဟာ တိုင်ကြားဖို့နဲ့ ကိုယ်ထူကိုယ်ထ စုပေါင်းအရေးယူဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
ဒေသခံတချို့ကတော့ ရဲတပ်ဖွဲ့ဝင်တချို့ဟာ တရားဝင် ဆက်ကြေးကောက်ယူပြီး ရောင်းဝယ်ခွင့်ပြုထားတယ်လို့လည်း စွပ်စွဲပြောဆိုနေကြပါတယ်။
တစ်ဖက်မှာလည်း အခုလို အခြေအနေတွေကြောင့် ရပ်ကွက်နေပြည်သူတွေအတွက် သွားလာရေး လုံခြုံမှုမရှိတော့သလို ခိုးဆိုးလုယက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် သေဆုံးသူတွေလည်း ပျမ်းမျှ တစ်လကို တစ်ဦးနှုန်းခန့် ရှိနေတယ်လို့ သိရပါတယ်။
ရမ်ပူရပ်ကွက်ဟာ ယခင်က သာမန်ငြိမ်းချမ်းတဲ့ ရပ်ကွက်တစ်ခုဖြစ်ပြီး ခိုးဆိုးလုယက်မှုတွေ မရှိသလို ရပ်ကွက်နေပြည်သူတွေအနေနဲ့လည်း လွတ်လပ်စွာ သွားလာနိုင်တဲ့ နေရာတစ်ခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း အခြေအနေမတည်ငြိမ်လာတာနဲ့အမျှ နယ်ဒေသအသီးသီးက ရွှေ့ပြောင်းလာသူတွေ ပိုများလာခဲ့ပြီး မူးယစ်ဆေးဝါးပြဿနာလည်း ပိုမိုဆိုးရွားလာတယ်လို့ ဆိုပါတယ်။
ရမ်ပူရပ်ကွက်ဟာ နယ်မြေ ၂၄ ပိုင်းအထိ ကျယ်ပြန့်ပြီး အပိုင်းတစ်ပိုင်းစီမှာ အိမ်ခြေ ၄၀၀ ကျော်ရှိသလို တခြားရပ်ကွက်တွေထက် အိမ်ငှားတန်းလျားတွေ ပိုများတဲ့နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုချက်အရ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ စတင်ပျံ့နှံ့လာတာဟာ ရမ်ပူအပိုင်း ၂၁ ဘက်က စတင်ခဲ့တာဖြစ်ပြီး အိမ်သုံးပုံတစ်ပုံဝန်းကျင်ဟာ မူးယစ်ဆေးဝါး ရောင်းချနေတဲ့ နေအိမ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို အခြေအနေတွေကြောင့် ရပ်ကွက်နေပြည်သူတချို့က KIA ပူးပေါင်းတပ်တွေကို ဝင်ရောက်ဖြေရှင်းပေးဖို့ တောင်းဆိုနေကြပါတယ်။
ဒါပေမယ့် လက်ရှိအခြေအနေအရ ရမ်ပူရပ်ကွက်ဟာ စစ်ကောင်စီ အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ နယ်မြေဖြစ်တာကြောင့် KIA ပူးပေါင်းတပ်တွေအနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို ဝင်ရောက်ဖမ်းဆီးအရေးယူဖို့ ခက်ခဲနေသေးတယ်လို့ ကချင်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။
By – Hope




