SNA တပ်ဖမ်းဆီးထားတဲ့ ကျောင်းထိုင်ဘုန်းကြီးလွှတ်မြောက်ခြင်းမရှိသေး
မိုးကောင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာက SNA တပ်ဖမ်းဆီးသွားတဲ့ ကျောင်းထိုင်ဘုန်းကြီးနဲ့အုပ်ချုပ်ရေးမှူးတို့ ၃ ရက်မြောက်နေ့ရောက်လာတဲ့အထိ လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ မိုးကောင်းမြို့ခံတွေပြောပါတယ်။
“မလွှတ်သေးဘူး အုပ်ချုပ်ရေးမှူးရောဖမ်းသွားတာဟုတ်တယ် ဒီနေ့ထိတော့ မလွှတ်သေးဘူး”လို့ မိုးကောင်းဒေသခံတစ်ဦး ပြောပါတယ်။
အာဏာသိမ်းစစ်တပ်လက်အောက်ခံဖြစ်တဲ့ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဟာ အင်ကြင်းကုန်းရွာက ကျောင်းထိုင်ဘုန်းကြီး ဦးကေသရ ကို PDF ထောက်ပို့တွေကိုထီရောင်းတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။
အဲဒီနောက် မိုးကောင်းအခြေစိုက် အမှတ်(၃)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ–၃)ထဲဖမ်းဆီးသွားပြီး လူဝတ်လှဲခိုင်းကာ ရိုက်နှက်စစ်ဆေးတာတွေလုပ်နေတယ်လို့သိရပါတယ်။

ဒီနေ့နောက်ဆုံးရရှိထားတဲ့အချက်လက်အရ ရိုက်နှက်စစ်ဆေးမှုတွေကြောင့် ဘုန်းကြီးဦးကေသရဟာ သတိမေ့မြောနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုဖို့ခက်ခဲနေတာပါ။
“နောက်ဆုံးသိရတာတော့ စစ်ကြောရေးမှာသတိမေ့နေတယ်ဆိုတာ သိရတယ်။ ဒီကနေ့အထိ အခြေနေမသိရသေးဘူး”လို့ မိုးကောင်းဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။
SNA တပ်ရဲ့ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ကျောင်းထိုင်ဘုန်းကြီး ဦးကေသရဟာ သက်တော် ၅၄ နှစ်ရှိပြီး ဝါတော်(၃၄)ဝါရှိတဲ့ ဘုန်းကြီးတစ်ပါးဖြစ်တယ်လို့လည်းသိရပါတယ်။
အလားတူ SNA တပ်ဟာ ကျောင်းထိုင်ဘုန်းကြီးနဲ့အတူ အင်ကြင်းကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးစိုးစိုးကိုလည်းဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတွေပြောပါတယ်။
မိုးကောင်းမြို့နယ်ထဲမှာရှိတဲ့ အင်ကြင်းကုန်းကျေးရွာဟာ အိမ်ခြေ(၃၀၀)ဝန်းကျင်ရှိတယ်လို့သိရပြီး ကျေးရွာဖြစ်ပြီး SNA တပ်တို့အဓိကစစ်ရေးလှုပ်ရှားတဲ့နေရာဖြစ်ပြီး တော်လှန်ရေးတပ်တွေနဲ့လည်း မကြာခနတိုက်ပွဲဖြစ်နေတာလည်းဖြစ်ပါတယ်။
By – Zami




