အွန်လိုင်းလေယာဉ်လက်မှတ်ဝယ်ယူရာမှ ကျပ်သိန်း ၅၀ နီးပါး အလိမ်ခံရ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ပြည်သူတစ်ဦးကို လေယာဉ်လက်မှတ်ရောင်းတဲ့ Facebook Page တစ်ခုကလေယာဉ်လက်မှတ်အတု လိမ်လည်သွားခဲ့ကြောင်း ကာယကံရှင်ထံမှ သိရပါတယ်။
အလိမ်ခံရသူဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်နေ့က လိမ်လည်ခံခဲ့ရတာဖြစ်ပြီး Booking တင်ထားတဲ့ စလစ်အတုများပြသကာ ကျပ်သိန်း ၅၀ နီးပါး လိမ်လည်သွားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
“အွန်လိုင်းကနေဖြတ်တာ သူတို့က Booking တင်ပေးထားတယ်။ နာရီဝက်အတွင်း ပိုက်ဆံလွှဲရမယ်လို့ ပြောတယ်။ ကျွန်တော်တို့က ပိုက်ဆံလွှဲလိုက်တယ်။ သူတို့က Booking တင်ထားတဲ့ စလစ်ပြန်ပို့ပေးတယ်” လို့ ဆိုပါတယ်။
ဒါပေမယ့် မသင်္ကာတာကြောင့် တရားဝင် Website တွေမှာ ပြန်လည်စစ်ဆေးကြည့်ရာ လေယာဉ်လက်မှတ်ဖြတ်ထားတဲ့ ရက်၊ လေယာဉ်ထွက်မယ့်ရက် မကိုက်ညီတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနောက် တစ်ခြားလေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များနှင့် မြစ်ကြီးနားလေဆိပ်မှာ ပြန်လည်စစ်ဆေး အတည်ပြုကြည့်ရာ လေယာဉ်လက်မှတ်များမှာ အတုဖြစ်နေကြောင်း သိရပါတယ်။
လိမ်လည်သွားတဲ့ Facebook Page မှာ Follower 22K ကျော်ရှိပြီး “Air Ticket ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်အရောင်းဌာန” အဖြစ် ဖော်ပြထားကြောင်း သိရပါတယ်။

အလိမ်ခံလိုက်ရတဲ့ ငွေပမာဏမှာ လေယာဉ်လက်မှတ် ၆ စောင်ဖိုး ကျပ် ၄,၈၃၂,၀၀၀ ဖြစ်ပြီး KPay Account အမည် U Nay Thura Lin၊ KPay ဖုန်းနံပါတ် 09766726649 မှာ လွှဲပေးလိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။
“လေယာဉ်လက်မှတ် လိမ်ရောင်းတဲ့ Account တွေ ရှိနေလို့ လိုင်းပေါ်တင်ပေးစေချင်တယ်။ တခြားသူတွေ အဲလိုမခံရအောင်လို့” လို့ KNG ကို ပြောပါတယ်။
အလိမ်ခံရကြောင်း သိရှိပြီးနောက်မှာတော့ အဆိုပါ Facebook Page Account ဟာ ကာယကံရှင်ကို Messenger နဲ့ Viber တို့မှ Block သွားခဲ့ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းကလည်း လေယာဉ်လက်မှတ် လိမ်လည်ခံခဲ့ရသူ ၅ ဦးအထိ ရှိခဲ့ကြောင်း KNG က စုံစမ်းရရှိထားပါတယ်။
ဒါ့အပြင် အခုလို လိမ်လည်မှုများ များပြားလာတဲ့အတွက် Air Thanlwin လေကြောင်းလိုင်းကလည်း မေလ ၂၅ ရက်နေ့တွင် ၎င်းတို့ရဲ့ တရားဝင် Facebook Page မှတဆင့် ခရီးသည်များအား သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်မှာ လူမှုကွန်ရက်စာမျက်နှာများပေါ် လေကြောင်းလိုင်းများရဲ့ အရောင်းကိုယ်စားလှယ်အသွင်ဆောင်ပြီး လေယာဉ်လက်မှတ်များကို Online မှတဆင့် လိမ်လည်ရောင်းချမှုများ ရှိနေကြောင်း သိရှိရကြောင်းဖော်ပြထားပါတယ်။
ဒါကြောင့် ခရီးသည်များအနေဖြင့် Booking ပြုလုပ်ပြီးပါက www.airthanlwin.com ရဲ့ “Your Booking” ကဏ္ဍမှာ Last Name နှင့် Booking Reference Number တို့ကို အသုံးပြုကာ စစ်ဆေးနိုင်ကြောင်း ဖော်ပြထားပါတယ်။
ထို့အပြင် လက်မှတ်ဝယ်ယူပြီးနောက် Ticket Number ဖြင့်လည်း ကိုယ်တိုင်စစ်ဆေးနိုင်ပြီး Air Thanlwin Contact Center ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း အသိပေးထားပါတယ်။
လက်ရှိ မှောင်ခိုဈေးကွက်မှာ မြစ်ကြီးနား–မန္တလေး လမ်းကြောင်း လေယာဉ်လက်မှတ်ဈေးနှုန်းမှာ ကျပ် ၁၃ သိန်းမှ ၁၅ သိန်းဝန်းကျင်အထိ ရှိနေပြီး မြစ်ကြီးနား–ရန်ကုန် လမ်းကြောင်းမှာ ကျပ် ၁၅ သိန်းမှ ၂၀ သိန်းဝန်းကျင်အထိ မြင့်တက်နေကြောင်း သိရပါတယ်။
သို့သော် တရားဝင်ဈေးနှုန်းများမှာ မြစ်ကြီးနား–မန္တလေး လေယာဉ်လက်မှတ်မှာ ကျပ် ၈ သိန်းဝန်းကျင်သာရှိပြီး မြစ်ကြီးနား – ရန်ကုန် လမ်းကြောင်းမှာလည်း ကျပ် ၁၀ သိန်းကျော်သာ ရှိကြောင်း သိရပါတယ်။
အခုလို မှောင်ခိုလက်မှတ်ဈေးကွက်ကြောင့် လေယာဉ်လက်မှတ် အရေးပေါ်လိုအပ်နေသူများဟာ လိမ်လည်ရောင်းချသူတွေရဲ့ သားကောင်ဖြစ်လာနေကြတာလည်း ဖြစ်ပါတယ်။
ဒါကြောင့် မြစ်ကြီးနားမြို့ခံများက အချင်းချင်း သတိပေးမှုများ ပြုလုပ်နေကြပြီး လိမ်လည်သူများကို ထိရောက်စွာ ဖမ်းဆီးအရေးယူပေးရန်လည်း တောင်းဆိုနေကြကြောင်း သိရပါတယ်။
By – Hope




