စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးအကူအညီလိုအပ်
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံတွေဆီက သိရပါတယ်။
အထူးသဖြင့် အင်းတော်ကြီး၊ ဖားကန့်နဲ့ မြစ်ကြီးနားမြို့နယ်ထဲက မြို့နဲ့အလှမ်းဝေးတဲ့ ကျေးလက်ဒေသတွေမှာ တိမ်းရှောင်နေကြရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ အရေးပေါ်ဖျားနာတဲ့အခါ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
စစ်ရှောင်အမျိုးသမီးတစ်ဦးကတော့ “ဆေးရုံနဲ့ ဆေးပေးခန်းတွေတော့ ရှိတယ်။ ဒါပေမဲ့ ဆေးဝါးမရှိဘူး။ ကလေးမွေးဖို့ နေရာတွေလည်း မရှိတော့ မိခင်တွေက မြို့ပေါ်ကို သွားရတယ်။ ဒါပေမဲ့ အခုအခြေအနေမှာ စစ်ဆေးရေးဂိတ်တွေများပြီး သွားလာရေးက ခက်ခဲနေတယ်” လို့ ပြောပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကလေးမွေးဖွားဖို့နဲ့ အရေးပေါ်ဖျားနာတဲ့အချိန်တွေမှာ လိုအပ်တဲ့ ဆေးဝါးတွေမရှိတာကြောင့် အခက်အခဲတွေ ကြုံနေရတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

လတ်တလော မြစ်ကြီးနားမြို့ပြင် ဧရာဝတီမြစ်ကမ်းဘေးက တာလောကြီး၊ ရေကြည်၊ တာပတောင်းနဲ့ ဟိုကပ် စတဲ့ ပြန်လည်နေရာချထားရေးစခန်းတွေနဲ့ နေရပ်ပြန်ကျေးရွာတွေမှာ ဆေးပေးခန်းတွေရှိပေမဲ့ ဆေးဝါးမလုံလောက်တဲ့ အခြေအနေ ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် တာလောကြီးနဲ့ တာပတောင်းဘက်ကနေ ဝိုင်းမော်–မြစ်ကြီးနားသွားတဲ့ လမ်းပိုင်းကိုလည်း ရက်နဲ့အချိန် ကန့်သတ်ပြီးသာ ဖွင့်ပေးထားတာကြောင့် ဖျားနာလာတဲ့အခါ မြို့ပေါ်ကို သွားရောက်ကုသဖို့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။
အလားတူ အင်းတော်ကြီးအနောက်ဘက်ခြမ်းမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေမှာလည်း မိုးရာသီကာလဖြစ်တာကြောင့် ဖျားတာ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွေအဖြစ်များနေပေမယ့် ဆေးဝါးရရှိဖို့ ခက်ခဲနေတယ်လို့ သိရပါတယ်။
“အင်းတော်ကြီးအနောက်ဘက်မှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေမှာ အခုချိန်က မိုးရာသီဆိုတော့ ဖျားနာတာတွေ အရမ်းများနေတယ်။ ဖျားတာတွေ အရမ်းဖြစ်နေတယ်။ ပြီးခဲ့တဲ့ အပတ်ကနေ အခုလည်း တချို့တွေဆက်ဖြစ်နေတုန်း။ ဝမ်းလျှောတာတွေ အဓိကဖြစ်တယ်။ စစ်ရှောင်စခန်းတွင်းမှာ အဲလိုတွေဖြစ်နေပေမဲ့ ဆေးဝါးအရမ်းခက်ပါတယ်။ ဆေးဝါးခက်ခဲမှုက လမ်းသွားလမ်းလာ သယ်ယူနိုင်ဖို့လည်း ခက်ခဲတဲ့အခြေအနေကြောင့် ဝယ်ပြီး ဆေးထိုးနိုင်ဖို့တောင် တော်တော်စျေးကြီးလို့ ခက်ခဲနေကြပါတယ်။”လို့ နန့်မွန်းစစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အင်းတော်ကြီးဒေသမှာ ကျေးရွာတိုင်းနီးပါး စစ်ဘေးရှောင်တွေ ခိုလှုံနေကြရပြီး ညောင်ပင်ကျေးရွာမှာ စစ်ရှောင်စခန်း ၂ ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။

ဒီစစ်ဘေးရှောင်စခန်းတွေဆီကို ကျန်းမာရေးကူညီစောင့်ရေးအဖွဲ့အစည်းတချို့ လာရောက်ကူညီတာတွေ တစ်ခါတစ်ရံရှိပေမယ့် အဲဒီအဖွဲ့အစည်းတွေမှာလည်း အရင်လို လွတ်လပ်စွာသွားလာဖို့ ခက်ခဲသွားတဲ့အပြင် ဆေးဝါးရိက္ခာပြတ်လပ်တဲ့ ပြဿနာတွေရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် KIO ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိကြတဲ့ စစ်ဘေးရှောင်တွေကို KIO အစိုးရမှ လက်လှမ်းမှီသလောက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်ဆောင်ပေးတာ ရှိနေပေမယ့် စစ်ဘေးရှောင်တွေမှာ ဆေးဝါးပြတ်လပ်တဲ့ ပြဿနာတွေ ရှိနေဆဲဖြစ်နေပါတယ်။
ကချင်ပြည်နယ်အတွင်း အင်းတော်ကြီးဒေသ၊ ဖားကန့်မြို့နယ်နဲ့ မိုးကောင်းမြို့နယ်၊ မြစ်ကြီးနားမြို့ပြင်၊ နောင်းချိန်းကျေးရွာအုပ်စုအပြင် KIO ထိန်းချုပ်ထားတဲ့ ဆွမ်ပရွာဘွမ်မြို့နယ်နဲ့ မိုးမောက်၊ မံစီ၊ ဒေါ့ဖုန်းယန် စတဲ့နေရာဒေသအသီးသီးက စစ်ဘေးရှောင်တွေ၊ မြို့နဲ့ဝေးပြီး သွားလာရခက်ခဲတဲ့ ကျေးလက်တောရွာတွေထဲ တိမ်းရှောင်နေသူတွေ ကျန်းမာရေးစောင့်ရှောက်မှု များစွာလိုအပ်နေတာလည်း ဖြစ်ပါတယ်။
ခုလို မြို့နဲ့အလှမ်းဝေးပြီး သွားလာရခက်ခဲတဲ့ နေရာတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေဟာ မိုးရာသီကို ဖြတ်သန်းဖို့ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရကြတယ်လို့လည်း သိရပါတယ်။
By – ဂျာဘောက်ရာ




