ရေနဲ့အတူ မျှောပါလာတဲ့ ဆေးထိုးအပ်တွေကြောင့် ကူးစက်ရောဂါဖြစ်မှာကို ပြည်သူတွေစိုးရိမ်နေ
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ မျှောပါလာတာကြောင့် ကူးစက်ရောဂါတွေ ဖြစ်လာမှာကို စိုးရိမ်နေရတယ်လို့ မိုးကောင်းမြို့ခံတွေက ပြောပါတယ်။
အဓိကအားဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု အများဆုံးဖြစ်နေတဲ့ ရွာသစ်ရပ်ကွက်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ အသုံးပြုထားတဲ့ ဆေးထိုးအပ်အများအပြား ရေနဲ့အတူ မျှောပါလာတာကြောင့် အဲဒီရေတွေနဲ့ ထိတွေ့မိရာကနေ ရောဂါကူးစက်မှာကို စိုးရိမ်နေရတာဖြစ်တယ်လို့ မိုးကောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“စိတ်ပူတာပေါ့။ အပ်စူးမှာလည်း ကြောက်တယ် လူကိုမပြောနဲ့၊ မနှစ်ကဆို အိမ်ကနွားတောင် အပ်စူးလို့ ခိုင်းမရတော့ဘဲ ရောင်းလိုက်ရတာရှိတယ်။ အပ်တွေဝေပေးတဲ့ အဖွဲ့အစည်းရှိတယ်။ ဒါက ရောဂါကူးစက်မှုနှုန်းကို လျှော့ချပေးနိုင်ပေမယ့် တစ်နေ့ကို အချောင်း ၁၀၀ ဝေရင် ၁၀၀ လုံး ပြန်သိမ်းပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့” လို့ ဆိုပါတယ်။
လက်ရှိ ရေကြီးရေလျှံမှုကြောင့် ဝမ်းရောဂါဖြစ်ပွားနိုင်တဲ့ အခြေအနေမှာ ညစ်ညမ်းတဲ့ ဆေးထိုးအပ်တွေပါ ရေထဲမှာ မျှောပါလာနေတာကို တွေ့ရတာဟာ ရောဂါဖြစ်ပွားမှု အန္တရာယ်ကို ပိုပြီးမြင့်တက်စေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် အဲဒီဆေးထိုးအပ်တွေကို ထိမိတာ၊ အပ်စူးမိတာတွေ ဖြစ်ခဲ့ရင် အရေပြားကူးစက်ရောဂါတွေအပြင် ဘီပိုး၊ စီပိုး၊ အသည်းရောဂါနဲ့ HIV/AIDS လို ကူးစက်ရောဂါတွေပါ ကူးစက်နိုင်တယ်လို့ ဆရာဝန်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
“ရေတက်လာပြီဆိုကတည်းကိုက တခြားကူးစက်ရောဂါတွေလည်း စိုးရိမ်ရတာပေါ့။ ဒီအပ်တွေက သုံးပြီးသားအပ်တွေ မူးယစ်ဆေးဝါးသုံးတဲ့သူတွေရဲ့ အပ်တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့မှာ ရှိနေတဲ့ အရေပြားရောဂါ၊ ဝမ်းရောဂါ၊ အသဲရောဂါလိုမျိုးတွေနဲ့ HIVလိုဟာမျိုးတွေ ကူးစက်နိုင်တဲ့ အခြေအနေ ရှိတာပေါ့”လို့ ပြောပါတယ်။
ဒီလို ကူးစက်ရောဂါတွေဟာ အသက်ကြီးသူတွေနဲ့ ကိုယ်ခံအားနည်းသူတွေမှာ ပိုပြီး ဖြစ်ပွားနိုင်တယ်လို့လည်း ၎င်းက သတိပေးပြောဆိုထားပါတယ်။
တစ်ဖက်မှာတော့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေဟာ ရေကြီးရေလျှံမှုကို အလေးမထားဘဲ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို ဆက်လက်လုပ်ဆောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု အများဆုံးဖြစ်နေတဲ့ နေရာက ရွာသစ်ရပ်ကွက်ဖြစ်ပြီး မနက်ပိုင်းနဲ့ ညနေပိုင်းအချိန်တွေမှာ လူ ၂၀ ကနေ ၃၀ ဝန်းကျင်အထိ စုဖွဲ့ကာ ရောင်းဝယ်သုံးစွဲမှုတွေ လုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။
By – Hope




