ရွှေတူးဖော်မှုကြောင့် လမ်းတံတားပျက်စီး၊ ဒေသခံတွေ သွားလာရေးခက်ခဲ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မကျော့ဝါကျေးရွာမှာ ရွှေတူးဖော်မှုတွေကြောင့် ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုတွေ ပိုမိုများပြားလာပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင်တွေဘက်က တာဝန်ယူဖြေရှင်းပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မကျော့ဝါကျေးရွာဟာ ပူတာအိုမြို့နဲ့ တစ်မိုင်ခန့်အကွာမှာ တည်ရှိပြီး ရွှေတူးဖော်မှုတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာနေတယ်လို့ ဆိုပါတယ်။
ဒေသခံတွေပြောတာက လုပ်ငန်းရှင်တွေရဲ့ စက်ယန္တရားကြီးတွေနဲ့ ကုန်တင်ကားတွေ အဆက်မပြတ် သွားလာနေတာကြောင့် ကျေးရွာအတွင်း အများပြည်သူအသုံးပြုတဲ့ လမ်းနဲ့တံတားတွေ ပျက်စီးလာပြီး လက်ရှိမှာ ကျောင်းသား၊ ကျောင်းသူတွေ သွားလာဖို့တောင် အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“အခု ရွှေတူးရင်းနဲ့ လယ်ယာမြေတွေတောင် ကုန်သလောက် ဖြစ်နေပြီ။ အခုနောက်ဆုံးတော့ ရွာထဲအထိ တူးဖော်လာတယ်။ မကျော့ဝါတံတားကြီး ကျိုးသွားတာလည်း တစ်နှစ်လောက်ရှိပြီ။ သူတို့ရဲ့ စက်ယန္တရားကြီးတွေ၊ ကုန်တင်ကားတွေ အဆက်မပြတ် ဖြတ်သန်းတာကြောင့် တံတားက ခံနိုင်ရည်မရှိဘဲ ကျိုးသွားတာ။ အခုအချိန်အထိလည်း ဘယ်သူမှ ပြန်မလုပ်ပေးဘူး။ ရွာက ကလေးတွေ ကျောင်းသွားကျောင်းပြန်နဲ့ မြို့ဘက်သွားလာဖို့ တော်တော်ခက်ခဲနေတယ်” လို့ မကျော့ဝါကျေးရွာ ဒေသခံတစ်ဦးက KNG ကို ပြောပါတယ်။
မကျော့ဝါကျေးရွာရဲ့ အဓိကတံတားဟာ ၂၀၂၅ ခုနှစ် ဇွန်လမှာ ကျိုးကျသွားခဲ့တာလို့သိရပြီး ခုဆို တစ်နှစ်ကျော် ကြာမြင့်နေပြီလို့ သိရပါတယ်။
ဒါကြောင့် ဒေသခံတွေက သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တံတားပြန်လည်တည်ဆောက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးတာ မရှိသေးတဲ့အတွက် ရွာသားတွေက ဝါးလုံးတွေနဲ့ ယာယီတံတားထိုးပြီး သွားလာနေကြရတယ်လို့ ပြောပါတယ်။

အခုလို ဝါးတံတားကိုသာ အသုံးပြုနေရတာကြောင့် ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းသွားကျောင်းပြန်ရာမှာသာမက လူနာတွေ အရေးပေါ်ဆေးကုသဖို့ သွားလာရာမှာလည်း အခက်အခဲများစွာ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိ မကျော့ဝါကျေးရွာမှာ ရွှေတူးဖော်နေတဲ့ လုပ်ငန်းရှင်တွေထဲမှာ ပူတာအိုမြို့က လုပ်ငန်းရှင်တချို့ ပါဝင်နေပြီး စစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နေကြတာလို့ သိရပါတယ်။ လက်ရှိမှာတော့ ရွာနဲ့ကပ်လျက် ရွှေလုပ်ကွက် ၂ ခုနဲ့ ရွာတစ်ဝိုက်မှာ ရွှေလုပ်ကွက် ၅ ခုထက်မနည်း ရှိနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် လုပ်ငန်းရှင်တချို့ဟာ ဒေသခံတွေဆီက ခြံမြေနဲ့ လယ်ယာမြေတွေကို ဝယ်ယူပြီး ရွှေတူးဖော်နေကြတာကြောင့် ရွှေတူးဖော်မှုကို မလိုလားတဲ့ ရွာသားတချို့အနေနဲ့လည်း ကန့်ကွက်ပြောဆိုဖို့ ခက်ခဲနေတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။
ရွှေတူးဖော်မှုတွေကြောင့် လက်ရှိမှာ မကျော့ဝါကျေးရွာရဲ့ လယ်ယာစိုက်ပျိုးရေးအတွက် အဓိကအသုံးပြုနေတဲ့ ချောင်းရေလည်း ပျက်စီးသွားပြီး ရွံ့နွံရေတွေ ဖြစ်နေတာကြောင့် သောက်သုံးရေ၊ အိမ်သုံးရေနဲ့ စိုက်ပျိုးရေးအတွက် အသုံးမပြုနိုင်တော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“အစိုးရကလည်း မတားဘူး။ လုပ်ငန်းရှင်တွေကလည်း စိတ်ကြိုက်တူးနေတော့ ချောင်းရေက ဘာမှသုံးလို့ မရတော့ဘူး။ သောက်လို့မရ၊ အဝတ်လျှော်လို့မရ၊ လယ်ယာအတွက် သုံးဖို့လည်း ရွံ့ရေပဲ ဖြစ်နေတယ်။ လမ်းတံတား ပြန်ဆောက်ပေးဖို့ တောင်းဆိုလည်း မလုပ်ပေးဘူး။ ဒီနှစ်မှာတော့ အခြေအနေက အရမ်းဆိုးလာတယ်။ မကျော့ဝါချောင်းဆို ဘာမှသုံးစားလို့ မရတော့ဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေရဲ့ အဆိုအရ အရင်က မကျော့ဝါချောင်းရေကို သောက်ရေ၊ သုံးရေအဖြစ် အသုံးပြုနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ရွှေတူးဖော်မှုတွေကြောင့် ရေတွေ နောက်ကျိလာပြီး လယ်ယာစိုက်ပျိုးရေးအတွက်ပါ အသုံးမပြုနိုင်တော့တဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။
ဒေသခံတချို့ကတော့ ကျေးရွာတစ်လျှောက် စက်ယန္တရားကြီးတွေနဲ့ ရွှေအလွန်အကျွံ တူးဖော်နေပေမယ့် ရွာခံတွေ သဘောတူလို့ တူးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာပိုင်တွေဘက်က စောင့်ကြည့်ထိန်းသိမ်းတာ၊ တာဝန်ယူဖြေရှင်းတာမျိုး မရှိဘူးလို့ ထောက်ပြပါတယ်။
လက်ရှိမှာတော့ ရွှေတူးဖော်မှုတွေကို ကန့်ကွက်လိုတဲ့ ဒေသခံတစ်ချို့ ရှိပေမယ့် စစ်တပ်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေဖြစ်တာကြောင့် မပြောရဲ၊ မဆိုရဲဘဲ တိတ်တဆိတ်သာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။
မကျော့ဝါကျေးရွာဟာ ပူတာအိုမြို့နဲ့ အနီးဆုံးကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေ ၁၀၀ ကျော်ရှိပါတယ်။
စစ်တပ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေမှာ ရွှေတူးဖော်မှုတွေဟာ ကျေးရွာတွေနဲ့ အိမ်ခြံဝင်းတွေအထိ ရောက်ရှိလာပြီး လယ်ယာမြေတွေကို စိုက်ပျိုးရေးအတွက် အသုံးပြုတာထက် ရွှေတူးဖော်ရေးလုပ်ငန်းတွေအတွက် အသုံးပြုလာတာကို ပိုမိုတွေ့မြင်လာရတယ်လို့ သိရပါတယ်။
By – ဂျာဘောက်ရာ




