Starlink ပိတ်ဆို့မှုကြောင့် သန်းချီပြည်သူထိခိုက်ဟုဆို

မြန်မာနိုင်ငံမှာ Starlink ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှု ပိတ်ဆို့မှုကြောင့် အရပ်သားပြည်သူတွေနဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေ ထိခိုက်နေတယ်လို့ အဖွဲ့အစည်း ၂၅၅ ဖွဲ့က ဇူလိုင် ၁၇ ရက်မှာ ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

ထုတ်ပြန်ချက်မှာ Cyber Scam လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ကြိုးပမ်းမှုကို ထောက်ခံကြောင်း ဖော်ပြထားပေမယ့် Starlink ဝန်ဆောင်မှုကို ဒေသအလိုက်အားလုံးမှာ ပိတ်ဆို့တာမျိုး မလုပ်ဘဲ ငွေလိမ်လုပ်ငန်းတွေလည်ပတ်နေတဲ့ နေရာတွေကိုသာ တိတိကျကျ ပစ်မှတ်ထားပိတ်သင့်တယ်လို့တောင်းဆိုထားပါတယ်။

ဒါ့အပြင် Starlink ဝန်ဆောင်မှု ပြတ်တောက်သွားတာကြောင့် တိုက်ပွဲဒဏ်ခံနေရတဲ့ ဒေသတွေမှာ ကျန်းမာရေးဝန်ဆောင်မှု၊ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်း၊ အွန်လိုင်းပညာရေးနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာလုပ်ငန်းတွေ အခက်အခဲကြုံနေရပြီး ပြည်သူသန်းပေါင်းများစွာအပေါ် ရိုက်ခတ်မှုရှိနေတယ်လို့ ဆိုထားပါတယ်။

ငွေလိမ်လုပ်ငန်းတွေ တည်ရှိတဲ့ နေရာတွေကိုသာ တိကျစွာ ပိတ်ဆို့ပြီး အခြားဒေသတွေမှာ Starlink ဝန်ဆောင်မှုကို အမြန်ဆုံး ပြန်လည်အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးဖို့နဲ့ တရားဝင်အသုံးပြုသူတွေကို မထိခိုက်စေဖို့ လိုအပ်တယ် လို့လည်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ပူးတွဲထုတ်ပြန်ချက်ကို အဖွဲ့အစည်း ၂၀၄ ဖွဲ့က အမည်ဖော်ပြ လက်မှတ်ရေးထိုးထားပြီး လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဖွဲ့ ၅၁ ဖွဲ့လည်း ပါဝင်တာကြောင့် စုစုပေါင်း အဖွဲ့အစည်း ၂၅၅ ဖွဲ့ ပါဝင်ထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အင်တာနက်နဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုတွေ မကြာခဏ ဖြတ်တောက်ခံရတာကြောင့် Starlink ဂြိုဟ်တုအင်တာနက်ဟာ လူသားချင်းစာနာမှုအဖွဲ့အစည်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ သတင်းမီဒီယာတွေနဲ့ ဒေသခံပြည်သူတွေအတွက် အရေးပါတဲ့ ဆက်သွယ်ရေးနည်းလမ်းတစ်ခုအဖြစ် အသုံးပြုလာကြပါတယ်။

တစ်ဖက်မှာလည်း Starlink ကုမ္မဏီကနေ ဇူလိုင် ၁၅ ရက်နေ့မှာ Roam Unlimited အစီအစဉ် အသုံးပြုသူတွေဟာ မိမိအကောင့်မှတ်ပုံတင်ထားတဲ့နိုင်ငံပြင်ပမှာ ရက် ၃၀ ထက်ပိုပြီး ဆက်တိုက်အသုံးပြုပါက ဝန်ဆောင်မှုကန့်သတ်ခံရနိုင်ကြောင်း မူဝါဒသစ် ထုတ်ပြန်ထားပါတယ်။ 

ဒါကြောင့် မြန်မာနိုင်ငံမှာ Starlink ကို တရားဝင်ဝန်ဆောင်မှုပေးထားခြင်း မရှိသေးတာကြောင့် ပြည်ပနိုင်ငံတွေမှာ မှတ်ပုံတင်ထားတဲ့ Roam အကောင့်တွေ အသုံးပြုနေသူတချို့လည်း ဒီမူဝါဒရဲ့ သက်ရောက်မှုကို ကြုံတွေ့လာနိုင်တယ်လို့ နည်းပညာလေ့လာသူတွေက သုံးသပ်နေကြပါတယ်။

By – Zami

Show More

Leave a Reply

Back to top button