မြစ်ကြီးနားမှာ ကုန်ဈေးအဆမတန်မြင့်တက်

မြစ်ကြီးနားမန္တလေးလမ်းပိုင်း ကုန်တင်ယာဉ်နဲ့ ခရီးသည်တင်ယာဉ်တွေ ပိတ်မိနေတာ ၁၀ ရက်ကျော်ကြာလာတဲ့နောက် မြစ်ကြီးနားမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတယ်လို့ မြို့ခံတွေနဲ့ ဈေးသည်တွေက KNG ကို ပြောပါတယ်။

လမ်းပိုင်းပိတ်ဆို့မှု ကြာမြင့်လာတာကြောင့် မြစ်ကြီးနားမြို့ထဲကို ဝင်ရောက်လာမယ့် ကုန်ပစ္စည်းမရှိသလောက်နည်းလာပြီး ကြက်ဥ၊ အသား၊ ဟင်းသီးဟင်းရွက်နဲ့ ငါးအပါအဝင် အခြေခံစားသောက်ကုန်တချို့ ပြတ်လပ်စပြုလာနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ မြစ်ကြီးနားမြို့တွင်းမှာ ကြက်ဥတစ်လုံးကို ကျပ် ၆၀၀ အထိ စျေးမြင့်တက်လာပြီး ဝက်သားနဲ့ အမဲသားတွေဟာ တစ်ပိဿာကို ကျပ် ၆၀,၀၀၀ ဝန်းကျင်အထိ ရောက်ရှိလာတယ်လို့ သိရပါတယ်။

ဒါ့အပြင် ခရမ်းချဉ်သီးတစ်ပိဿာကို ကျပ် ၁၄,၀၀၀ အထိ ဈေးတက်လာသလို ငါးတွေကိုလည်း ဈေးကွက်အတွင်း ရှားပါးလာနေတယ်လို့ ဈေးသည်တွေက ပြောပါတယ်။

အရင်လို ကုန်ပစ္စည်းတွေ ပုံမှန်မဝင်တော့ဘူး။ ရှိတဲ့ပစ္စည်းတွေကိုပဲ ရောင်းနေရတာကြောင့် ဈေးတွေတက်လာတယ်။ တချို့ပစ္စည်းတွေဆို ဝယ်ဖို့တောင် ခက်လာပြီလို့ မြစ်ကြီးနားမြို့တွင်း ဈေးသည်တစ်ဦးက ပြောပါတယ်။

အခုလို ကုန်ဈေးနှုန်းမြင့်တက်လာတာဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကစပြီး စစ်ကိုင်းတိုင်းဒေသကြီး နဘားလမ်းဆုံအနီး မြစ်ကြီးနားမန္တလေးလမ်းပိုင်းမှာ စစ်ရေးပြင်းထန်နေတာကြောင့်ဖြစ်တယ်လို့ သူဆက်ပြောပါတယ်။

ခုလိုလမ်းပိုင်းပိတ်ဆို့မှုကြောင့် မြစ်ကြီးနားမြို့ထဲ ဝင်ရောက်မယ့် ကုန်ပစ္စည်းတွေ လမ်းတစ်လျှောက် ကြန့်ကြာနေပြီး သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်လာတာကြောင့် ကုန်သည်တချို့ဟာ အရှုံးခံကာ လမ်းတစ်ဝက်မှာပဲ ကုန်ပစ္စည်းတွေ ရောင်းချနေရတယ်လို့ ပိတ်မိနေတဲ့ ကုန်သည်တွေက ပြောပါတယ်။

ကားတွေ ရပ်နေရတဲ့အချိန်ကြာလာတော့ စားရိတ်တွေ တက်လာတယ်။ ကုန်ကို ဆက်သယ်ဖို့လည်း အခက်အခဲရှိတာကြောင့် တချို့က လမ်းမှာပဲ ရောင်းချနေရတယ် လို့ လမ်းပိုင်းမှာ ပိတ်မိနေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နိုင်ငံရေးမတည်ငြိမ်မှုနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် နယ်မြေတချို့မှာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပိုထိခိုက်လာပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ်လို ကုန်စည်အများစုကို အခြားဒေသတွေကနေ တင်သွင်းနေရတဲ့ နေရာတွေမှာ လမ်းပိတ်ဆို့မှုကြောင့် ကုန်ပစ္စည်းဝင်ရောက်မှု လျော့နည်းလာပြီး ဈေးနှုန်းမြင့်တက်မှုတွေ ပိုပြီးဆိုးလာနေတာဖြစ်ပါတယ်။

မြစ်ကြီးနားမန္တလေးလမ်းပိုင်းဟာ ကချင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းကို ဆက်သွယ်ပေးတဲ့ အရေးကြီးတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်ပြီး လမ်းကြောင်းအခက်အခဲဖြစ်ပေါ်လာတဲ့အခါ စက်သုံးဆီ၊ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေ ရောက်ရှိမှု နောက်ကျခြင်း၊ ဈေးနှုန်းမြင့်တက်ခြင်းတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။

လက်ရှိ လမ်းပိုင်းပိတ်ဆို့မှု ဆက်လက်ကြာမြင့်နေမယ်ဆိုရင် မြစ်ကြီးနားအပါအဝင် ကချင်ပြည်နယ်အတွင်း ကုန်စည်ပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်းမြင့်တက်မှုတွေ ပိုမိုဆိုးရွားလာနိုင်တယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေက စိုးရိမ်နေကြပါတယ်။

By – Zami

Show More

Leave a Reply

Back to top button